3.11.12

နှင်းဆွတ်ဆွတ်လမ်း


                     ရွှေဥမင်လှိုဏ်ဂူတည်ရှိရာ တောင်တန်းကြီးပေါ်သို့ နှင်းမှုန်တို့က ဇာပ၀ါပါးလေးအလား လွှမ်းခြုံထားသဖြင့် ခပ်ရေးရေး ခပ်မှေးမှေးနှင့် ငွေရောင်တောင်တန်းကြီးအဖြစ် တည်ရှိနေသည်။ ထိုတောင်တန်းကြီးနောက်ခံဖြင့် ပုန်းတလုပ်ကန်ကြီးမှာ စာဖွဲ့မမီအောင် လှချင်တိုင်း လှနေ၏။
                     မြေပြန့်အဖို့ နိုဝင်ဘာဆောင်းဦးပေါက်သည် အအေးသိပ်မသိသာလှသော်လည်း ပေ ၃၈၈၀ အထက်တွင်တည်ရှိသော ပင်းတယမြို့လေးမှာတော့ ဆောင်းလေဆော့မြူး နှင်းရည်တို့ ပလူးကြလေပြီ။ တစ်ဆောင်းသစ်ခဲ့ပြန်ပြီ။
xx xx xx
                     မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာနေဘုန်းလူသည် လမ်းလျှောက်တုတ်ကောက်ကို တတောက်တောက် ထောက်လျှက် ခပ်မြန်မြန်လေး လျှောက်လှမ်းလာခဲ့သည်။ ဆေးရုံပေါက်ဝ အရောက်တွင် သူနာပြုဆရာ ဒေါ်နန်းသူဇာနှင့် ထိပ်တိုက်တွေ့ဆုံလေသည်။
''မောနင်းဆရာကြီး … ''ဟု ဒေါ်နန်းသူဇာက အသံဝဲ၀ဲနှင့် နှုတ်ခွန်းဆက်ရာ  သူက ခေါင်းညိတ်ပြုံးပြလိုက်သည်။


''မောနင်းပါ ဆရာမ … ''
''ဒီနှစ် ဆောင်းအ၀င်ကြမ်းတယ်နော် ဆရာကြီး… ''
''ဟုတ်တယ် ဆရာမရေ … နိုဝင်ဘာလဆန်းရှိသေးတယ် တော်တော်အေးနေပြီ … ''
''ဟုတ်ပါ့ဆရာကြီး … ဆရာကြီး တောင်ပေါ်အအေးဒါဏ်ကို ခံနိုင်ပါ့မလား …''
''ဆရာမရယ် … ဒီဆေးရုံမှာ တာဝန်ကျတာ သုံးနှစ်တောင်ရှိပြီပဲ … ခံနိုင်ရည်ရှိနေပါပြီ … ''
                      သူ့အဖြေကြောင့် ဒေါ်နန်းသူဇာက ပြုံးစိစိလေးဖြစ်သွားသည်။ ဒေါ်နန်းသူဇာသည် ရှမ်းတိုင်းရင်သူတစ်ယောက်ဖြစ်ပြီး ပါးနီနီလေးနှင့် ရုပ်ရည်ချောမောပါသည်။ ယဉ်ကျေးပျူငှာသလို စိတ်သဘောထားကောင်းသူဖြစ်ရုံသာမက သူ့ကိုလည်း ရိုသေလေးစားသူတစ်ယောက်ဖြစ်လေသည်။
''ကဲ … ဆရာမ … ဆရာကြီး တောင်ခြေဘက်ကို လမ်းလျှောက်ထွက်လိုက်အုံးမယ် … လူနာလာရင် ဆရာကြီးကို လိုက်ခေါ်လိုက်နော် … ''
                     ဒေါ်နန်းသူဇာအား နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။ ဆေးရုံရှေ့အရောက်တွင် ဆေးရုံကြီးကို လည်ပြန်ငေးကြည့်မိသည်။ သူ သုံးနှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သော ပင်းတယမြို့နယ်ဆေးရုံလေးမှာ မြူနှင်းများအောက်ဝယ်  ရောင့်ရဲခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းစသော အမြတ်တရားများကို ရင်ဝယ်ပိုက်ကာ ငြိမ်းအေးစွာ ငြိမ်သက်နေရှာသည်။
                      ကတ္တရာလမ်းပေါ်တွင် နှင်းထုကို ဖြိုခွင်းရင်း ဟိုင်းလပ်ကားတစ်စီး အပြင်းမှောင်းနှင်သွားသည်။ တောင်ကြီး၊ရပ်စောက်၊ကလော၊အောင်ပန်း တစ်မြို့မြို့သို့ ထွက်ခွာမည့်ကား ဖြစ်ပေလိမ့်မည်။ ဟိုင်းလပ်ကားလေး နှင်းထုကြားတွင် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသည့်အထိ ငေးမောကြည့်နေမိသည်။
                     ထို့နောက် ကတ္တရားလမ်းကိုဖြတ်ကူးလိုက်သည်။ တစ်လှမ်း၊ နှစ်လှမ်း … ဆယ်လှမ်းအရောက်တွင် သူ့မျက်နှာမှာ သရဲသဘက်များကို တွေ့လိုက်ရသကဲ့သို့ သွေးဆုတ်ဖျော့တော့သွားသည်။ သူ မျက်စိစုံမှိတ်ကာ တွေတွေကြီး ရပ်နေမိသည်။ မေ့ထားသည့် ပုံရိပ်တွေက တစ်ကွက်ပြီး တစ်ကွက် မျက်လုံးအိမ်မှာ အရောင်လာဟပ်နေသည်။ မောင်းထုတ်ဖို့ အကြိမ်ကြိမ် ကြိုးစားကြည့်ပါသော်လည်း …
xx xx xx
မြေနီလမ်းလေး …
တဖွဲဖွဲကျနေသော မြူနှင်းများကြောင့် လမ်းဆုံထိအောင် မမြင်ရမယ့် သည်လမ်းလေးက သာယာဖြောင့်ဖြူးနေသည်ဆိုတာကိုတော့ သူ မနက်တိုင်း လမ်းလျှောက်နေကြမို့ ကောင်းကောင်းသိပါသည်။ သို့သော် သည်နေ့မှာ ထိုလမ်းလေးကို ဖြတ်ကူးဖို့ စိတ်ထဲတွင် စိုးရွံ့နေမိသည်။ သူ သက်ပြင်းရှည်ချမိသည်။ အတိတ်ကို အားတင်းမျိုချရင်း ဆက်လျှောက်လာခဲ့သည်။
                     မြေနီလမ်းဘေးဝဲယာတစ်လျှောက်တွင် အမည်မသိ ပန်းပွင့်ရောင်စုံ၊ ဖြူနီပြာဝါ ပန်းပွင့်တို့ အပြိုင်အဆိုင်ပွင့်ဖူးနေသည်။ အရင်နေ့တွေက သတိမမူခဲ့။ သည်နေ့မှ အလေ့ကျပေါက်ရောက်နေသော ပန်းပွင့်တွေကလည်း လှရက်ပါဘိ …
                     စိန်းပန်းပြာ၊ စိန်ပန်းနီ၊ ချယ်ရီ တို့ကလည်း အဖူးအငုံအစုံနှင့် အစွမ်းကုန် ပွင့်အားတော့မည်ပုံပေါက်နေသည်။ ထိုလမ်းလေးကို အရိပ်မိုးပေးထားသည့် ထင်းရူးပင်တို့၏ရနံ့ကလည်း စိတ်ကြည်လင်လန်းဆန်းမှုကို မပေးနိုင်။ အရာရာသည် အသစ်အဆန်းမဟုတ်သော်လည်း သည့်နေမှ သူ့အတွက် မြင်ကွင်းသည် ဆန်းသစ်နေသည်ဟု ခံစားနေရသည်။
                    မြက်ခင်းပြင်ရှိ ခုံတန်းလေးပေါ်တွင် သူ ထိုင်လိုက်သည်။ မြက်ပင်ပေါ်တွင် နှင်းစက်လေး တွဲလဲခိုနေသည်။ မြက်ပင်လေးမှာ သူ့ကိုယ်ပေါ်တွယ်ကပ်နေသည့် နှင်းစက်လေးကို ဖယ်ရှားနိုင်ဖို့ အင်အားရှိပုံမပေါ်။ သူ သက်ပြင်းရှည်ချရင်း ဆက်လျှောက်လာခဲ့သည်။
                    တစ်ချိန်က သည်မြေနီလမ်းလေးမှာ အချစ်ပန်းတွေ ထုံမွှေးခဲ့ဖူးသည်။ ထိုအချစ်ပန်းပေါ်မှာ နှင်းစက်တို့သည်လည်း တွဲလဲခိုမှီခဲ့သည် မဟုတ်လား …
xx xx xx
နှင်း …
ဧကရီနှင်း …
ထိုထက်သေချာအောင် ပြောရမည်ဆိုလျှင် အထူးကုဆရာဝန်မကြီး ဒေါက်တာဧကရီနှင်း …
သူ့အသည်းကို ခွဲရစ်ခဲ့သော၊ သူသိပ်ချစ်ရသော၊ သူမြတ်နိုးတန်ဘိုးထားခဲ့သော နှင်း …
''မိန်းမဆိုတာ ဆောင်းလေပမာညီ၊ အတွင်းသဘောတွေ မတည် ပြောင်းလဲတတ်သည်'' တဲ့။ သူ မဲ့ပြုံးလေး ပြုံးနေမိသည်။ ပုန်းတလုပ်ကန်ရေပြင်ကို ဖြတ်ပြီး တိုက်ခတ်လာသော ဆောင်းလေက ရိုးတွင်းချဉ်ဆီများပါ အေးခဲ့လောက်အောင် ချမ်းစိမ့်လှသည်။ သူ့နှလုံးသားမှာလည်း နာကျင် အေးခဲသွားစေသည်။ ထိုဆောင်းလေထဲတွင် နှင်းမှုန်တို့ ပါဝင်ပါတ်သတ်နေမည်မဟုတ်လား ….
xx xx xx
''ကို … ''
''ဗျာ ဗျ''
''ကို နှင်းကို ချစ်လားဟင် … ''
                    သူ့ ပုခုံးပေါ်တွင် မှီအပ်နေသော နှင်းကို စောင်းငဲ့ကြည့်မိသည်။ အရောင်လဲ့နေသော နှင်းမျက်လုံးလေးများနှင့် အကြည့်ချင်း ဆုံမိသည်။ နှင်းဆိုသည့်အတိုင်း တကယ့်ကို ဖြူစင်သန့်ရှင်းနေသည်။ ဖြူဥနေသော မျက်နှာပေါ်မှာ သွေးကြောစိမ်းလေးများ ဖြတ်ပြေးနေသလိုလို .. သူ့စိတ်ထဲတွင် နှင်းကို စ ချင်စိတ်ပေါ်လာသည်။ ထို့ကြောင့် ဟက်ခနဲ တစ်ချက်ရယ်လိုက်ရင်း …
''ဟင့်အင်း ချစ်ပါဘူး … ''ဟု ပြောင်စပ်စပ်နှင့် ပြောလိုက်သည်။ နှင်း၏နီစွေ့နေသော နှုတ်ခမ်းသားလေးများ စူထွက်လာသည်။ ထို့နောက် သူ့ကိုယ်မှ ခွာကာ တစ်ဘက်သို့ လှည့်သွားသဖြင့် သူပြုံးစစလေး ဖြစ်သွားရသည်။
''ဒီဘက်လှည့်ပါအုံး နှင်းရဲ့ …''
                     သူက နှင်းပုခုံးလေးကို သူ့ဘက်သို့ ဆွဲလှည့်လိုက်သည်။ နှင်းက ဇွတ်အတင်း ပြန်လှည့်သွားပြန်သည်။
''ကောင်မလေးလေး စိတ်ကောက်သွားပြီး ရှက်ရှက် … ''
                    သူက နှင်းမျက်နှာရှေ့သို့ လက်ညှိုးလေး ကွေးလိုက် ဆန့်လိုက် လုပ်ပြလိုက်သည်။ နှင်းက မခံသိမခံသာဖြစ်သွားကာ ခြေဆောင့်နေသည်။
''ကိုနော် .. နှင်း ငိုလိုက်မှာနော် … ''
''မငိုလိုက်ပါနဲ့ နှင်းရယ် … နှင်းလေး မျက်ရည်ကျတာကို ကို မကြည့်ရက်ဘူး … မမြင်ရက်ဘူး … ''
''အဲဒါဆို ချစ်လားပြော … ''
                     နှင်းက နှုတ်ခမ်းစူစူလေးနှင့်ပြောတော့ သူ ပြုံးမိသည်။ ဒီလို စူပုပ်ပုပ်မျက်နှာလေးကလည်း ချစ်စရာကောင်းလှပါဘိ နှင်းလေးရယ် …
''ပြောလေ … မပြောဘဲနဲ့ ဘာကြည့်နေတာလဲ … ''
                     သူက နှင်းလက်ကို ယုယုယယ ပွတ်သပ်ပေးရင်း …
''နှင်းလေးက အရမ်းလှလို့ ကြည့်နေမိတာ … ''ဟု တိုးလျစွာ ပြောလိုက်သည်။ နှင်းက သူ့လက်ကို ရုန်းဖယ်သွားသည်။ ပြီးနောက် မျက်စောင်းတစ်ချက်ထိုးကာ …
''တော်ပါ အပိုတွေ ပြောမနေနဲ့ ချစ်လား မချစ်ဘူးလား ဒါပဲပြော … ''ဟု ညူညူစူစူလေး ဆိုရင်း ခေါင်းငုံသွားသည်။ ရှက်လွန့်လို့ထင်သည်။ နှင်းမျက်နှာလေး ပန်းဆီရောင်သန်းသွားသည်။ သူက နှင်းနားနားသို့ တိုးကပ်လိုက်သည်။
''ချစ်တာပေါ့ နှင်းရယ် … ဟောဒီတစ်ကမ္ဘာလုံး နှင်းကို အချစ်ဆုံး … ''
''မယုံပေါင် … ''
''ယုံပါနှင်းရယ် … နှင်းယုံကြည်အောင် ဟိုးက ရွှေဥမင်လှိုဏ်ဂူထဲက ဘုရားဆီမှာ သစ္စာဆိုပြမယ် … ''
                    သူက နှင်းထုထဲတွင် မပီဝိုးတ၀ါးလှမ်းမြင်နေရသည့် တောင်တန်းကြီးကို ညွှန်ပြလိုက်သည်။ နှင်းက သူ့ပါးစပ်နားသို့ လက်ညှိုးလေးနှင့်ပိတ်ရင်း …
''ယုံပါတယ် ကိုရယ် … နှင်းလည်းလေ ကို့ကို သိပ်ချစ်တယ် … ''ဟု ပြောရင်း သူ့ရင်ခွင်ထဲသို့ တိုးဝှေ့လာသည်။ သူက နှင်းခန္ဒာကိုယ်လေးကို တင်းကြပ်စွာ ထွေးပွေ့ထားလိုက်သည်။ ပူးကပ်နေသည့် နှလုံးသားနှစ်စုံကြားသို့ ဆောင်းလေညင်းပင် တိုးမ၀င်နိုင်တော့ …
''အောင်မာ … မင်းတို့က ဒီမှာ လာ အလွမ်းသယ်နေကြတယ်ပေါ့လေ … ''
                    ကျောဘက်ဆီမှ အသံကြောင့် သူရော နှင်းရော လန့်ဖြန့်သွားကာ လှည့်ကြည့်လိုက်သည်။
''ဟာကွာ … ဘယ်သူများလဲလို့ … ဘာတုန်း နေမင်းခ … ''
                    သူက စိတ်ဆိုးမာန်ဆိုးနှင့်မေးလိုက်သည်။ နေမင်းခက သူတို့နားသို့ ကပ်ထိုင်ရင်း …
''အမယ် သူတို့က စိတ်ဆိုးရတယ်ရှိသေး … မင်းတို့ကို ဆရာကြီးက ခေါ်နေပြီ … ဒီနေ့ တောင်ပေါ်ကြီး တိုက်နယ်ဆေးရုံကို သွားရမှာတဲ့ … အဲဒါ မင်းတို့ကို လာခေါ်တာ … ''
''ဟုတ်လား … အေးအေး … ''ဟုဆိုကာ သူနှင့် နှင်းတို့ ဆေးရုံဘက်သို့ မြေနီလမ်းလေးအတိုင်း လျှောက်လာခဲ့ကြသည်။
                        သူတို့ မန္တလေး-ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း(က) ကျောင်းသားတစ်ဖွဲ့လုံး ပင်းတယမြို့သို့ ကျန်းမာရေးစစ်တမ်းကောက်ရန် ရောက်လာခဲ့ကြပါသည်။ သူနှင့် နှင်းသည် ပထမနှစ်ကတည်းက အဖြူရောင်သူငယ်ချင်းများအဖြစ်သာ ခင်မင်လာခဲ့ကြသော်လည်း ယခု ခရီးစဉ်တွင် သူငယ်ချင်းများ၏ မြှောက်ထိုးပင့်ငေါ်ကြောင့် ချစ်သူဘ၀သို့ ရောက်ရှိခဲ့ပါသည်။ သူကလည်း နှစ်ကို အစကတည်းက ချစ်နေခဲ့သည်။ နှင်းကလည်း သူ့ကို သံယောဇဉ်ရှိနေခဲ့သည်။ ထို့ကြောင့် သုံးနှစ်သုံးမိုးတောင် မစောင့်ရဘဲ သည်ဆောင်းရာသီ ခရီးစဉ်လေးမှာပင် ချစ်သူများဖြစ်ခဲ့လေသည်။
                     တောင်ပေါ်ကြီးတိုက်နယ်ဆေးရုံသို့ တောင်ပေါ်လမ်းအတိုင်း ထွန်စက်များနှင့် တက်ရသည်။ တောင်ပေါ်လမ်းဖြစ်သဖြင့် လမ်းက ကွေးကောက်သည်။ မက်စောက်သည်။ ကြမ်းတမ်းသည်။ ထွန်စက်က ယိုင်နဲ့သွားတိုင်း သူက နှင်းကိုယ်လုံးလေးကို ဆွဲပွေ့ထားသည်။ အတူလိုက်ပါလာကြသည့် သူငယ်ချင်းများကပင် သည်းသည်းလှုပ်နေသည့် သူတို့အတွဲကို ကြည့်ရင်း မျက်စောင်းတခဲခဲဖြစ်နေကြသည်။
                      ပွေးလှတိုက်နယ်ဆေးရုံ၊ ပန်းစစ်ကျေးလက်ကျန်းမာရေးဌာန ဘယ်သွားသွား မခွဲအမြဲအတူ။ ဓနုနှင့် တောင်ရိုးတိုင်းရင်းသားများ၏အရိုးခံစိတ်ထားများကို တွေ့ရှိရသဖြင့် သူနှင့် နှင်းတို့ ပျော်ရွှင်ခဲ့ရသည်။ သူစိတ်ထဲတွင်လည်း ဆရာဝန်ဖြစ်လျင် ပင်းတယမြို့နယ်ဆေးရုံမှာ တာဝန်ထမ်းဆောင်မည်ဟု သန္ဒိဌာန်ချထားခဲ့သည်။
                       ကျောင်းပြီးသည်အထိ သူတို့၏အချစ်ခရီးသည် မကွေ့မကောက် ဖြောင့်ဖြူးသာယာနေခဲ့ပါသည်။ တစ်ခါတရံ မျှော်လင့်မထားသော အရာများ ဖြစ်လာတတ်သည့် သဘာဝအတိုင်း သူတို့နှစ်ဦးကို ခွဲခွာဖို့ ကံကြမ္မာ ဖန်လာခဲ့လေသလား …
xx xx xx
''အဲဒီတော့ နှင်း ဆုံးဖြတ်ချက်က … ''
                     နှင်းက သူ့မေးခွန်းကို မဖြေပါ။ သူ့ကိုသာ ဆွေးဆွေးမြည့်မြည့်လေး စိုက်ကြည့်နေသည်။ သူက မန္တလေးတောင်ကြီးကိုသာ ငေးကြည့်နေသည်။ ကျုံရေပြင်ကို ဖြတ်ပြီး တိုက်ခတ်လာသည့် ဆောင်းလေညှင်းက သူ့ရင်ကို အေးမြအောင် မစွမ်းဆောင်နိုင်။ နှင်း လုံချည်အနားစလေးများ တဖျပ်ဖျပ်လှုပ်နေသည်မှလွဲ၍ သူတို့ နှစ်ဦးကြားတွင် တိတ်ဆိတ်မှုက ကြီးစိုးနေသည်။ ခဏနေမှ နှင်းက သူ့ရှေ့သို့ တည့်တည့်ရင်ဆိုင်လာရင်း …
''နှင်း ကို့ကို ချစ်တယ် … နှင်း ကို့ကို မခွဲနိုင်ဘူး … ''ဟု ဆိုရင် သူ့ရင်ခွင်ထဲသို့ တိုးဝင်လာသည်။ ထို့နောက် တသိမ့်သိမ့်ငိုရှိုက်နေသည်။ သူ့မျက်ဝန်းတွင်လည်း မျက်ရည်စများ စို့တက်လာသည်။
''ကိုလည်း နှင်းကို ချစ်တယ် … ကိုတို့ စွန့်စားကြမယ်နော် … ''
                      သူ့ စကားအဆုံးတွင် နှင်းက သူ့ကိုယ်မှ ခွာသွားကာ သူ့အား မျက်လုံးဝိုင်းလေးနှင့် ကြည့်နေသည်။ ထို့နောက် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းရင်း …
''မဖြစ်နိုင်တော့ဘူး ကို … အားလုံး စီစဉ်ပြီးသွားပြီ … ''ဟု ပြောပြီး နှင်းက မျက်နှာကို လက်နှင့်အုပ်ကာ ငိုကြွေးနေရှာသည်။
''ငိုမနေပါနဲ့ နှင်းရယ် ... နှင်းက အဲဒီမှာ သုံးနှင်းပဲနေမှာဆို ... ''

''အဲဒီသုံးနှစ်ကြီးကို ကျော်ဖြတ်ပစ်လိုက်ချင်တယ် ကို့ကို နှင်း လွမ်းနေမှာပါ ... စိတ်ချ ပါရဂူဘွဲ့ရပြီးတာနဲ့ ပြန်လာမှာ ... ကို နှင်းကို စောင့်နေပါနော် ... ''
''သြော် ... ငိုပြန်ပြီ ... နှင်းကလည်းကွာ အချိန်ဆိုတာ မျှော်ကြည့်ရင်သာ ကြာတယ်ထင်ရတာပါ တကယ်တမ်းဖြတ်သန်းလိုက်တဲ့အခါမှာတော့ သုံးနှစ်ဆိုတာ သိပ်မကြာပါဘူး နှင်းရယ်''
ချစ်သူကို နှစ်သိမ့်လိုက်ရသည်။ 
''နိုင်ငံခြားက ဘွဲ့ရလာပြီးရင် နှင့်နဲ့ ကိုတို့ရဲ့ဘဝသိပ်ကို ပြည့်စုံသွားမှာပါ ... ကိုလည်း စိတ်ဖြေပြီးနေနော် နှင်းအစွမ်းကုန် ကြိုးစားပြီး ကို့ဆီကို အမြန်ဆုံး ပြန်လာမှာပါ''
သူယုံကြည်စွာ၊ မျှော်လင့်၍ နှင်းကို စောင့်နေခဲ့ပါသည်။ သို့ပေမဲ့ နှင်းသည် သူ့ရင်ခွင်ထဲသို့ ပြန်မလာခဲ့ပါ။ နိုင်ငံခြားရောက် ခွဲစိတ်ဆရာဝန်တစ်ဦးနှင့် လက်ထပ်သွားပြီဆိုသည့် သတင်းများသာ သူ့ဆီသို့ အရောက်လာခဲ့သည်။ ထိုသတင်းရောက်လာသည့်နေ့က နှင်းအတွက် နောက်ဆုံးအနေနှင့် မျက်ရည်ကျခဲ့သည်။ လွမ်းစရာတွေကို တာဝန်တွေနှင့် အစားထိုးနိုင်ခဲ့သည်။
                     သို့သော် သူတို့နှစ်ဦး ပျော်မြူးခဲ့ဖူးသည့် သည်မြေနီလမ်းလေးရောက်လျင်တော့ လွမ်းမောတသစိတ်လေးဖြစ်ရသည်။ ထို့နောက် နာကျည်းစိတ်တို့က အနိုင်ယူနိုင်ခဲ့သည်။
                     သူမည်မျှကြာအောင် တွေးနေသည်မသိ။ ငှက်ကလေးတို့ စိုးစီစိုးစီအသံနှင့်အတူ အရှေ့ဘက်ဆီမှ နေရောင်ခြည်နွေးနွေးလေး ဖြာကျလာမှ အတွေးစတို့ ပပျောက်ကုန်သည်။ သနပ်ဖက်စိုက်ခင်းနှင့် လက်ဘက်စိုက်ခင်းများရှိရာ တောင်တန်းများကိုပင် ပီပီပြင်ပြင်လှမ်းမြင်နေရပြီ။ သူ သက်ပြင်းရှည်ချရင်း မြေနီလမ်းလေးအတိုင်း ဆေးရုံသို့ ပြန်လာခဲ့သည်။ နေရောင်ခြည်အောက်တွင် နှင်းပွင့်တို့သည်လည်း ဟော့ တစ်ပွင့် ဟောတစ်ပွင့်နှင့် လွင့်စင်ပျောက်ပြယ်ကုန်လျှက် ….

                                                                                                          အာကာခေတ်ပိုင်

                                                                                                     ၂၀၁၃၊ မေလ၊ ကလျာ မဂဇင်း

1 comment:

  1. တခုခုရေးသွားရမယ်ဆိုရင်တော့ လွမ်းသွားပါတယ်လို့..
    တကတည်း ဒီက ခံနိုင်ရည်မရှိပါဘူးဆိုနေကာမှ
    အလွမ်းဇာတ်နဲ့လာတိုးနေတယ်..(စတာပါနော်)
    ခင်မင်လျက်..မိုးနတ်

    ReplyDelete

ဝေဖန် အကြံပြုခဲ့ပါအုံး