25.4.14

ငြိုးမာန်


ခွေးနက်ကြီးတစ်ကောင်က ကျွန်တော်နောက်ကနေ မာန်ဖီပြီး အသည်းအသန်လိုက်နေတယ်။ ခွေးနက်ကြီးရန်က လွတ်အောင် ကျွန်တော်က ရှေ့ကနေ အသည်းအသန်ပြေး ခွေးနက်ကြီးက နောက်က လွှားခနဲ့ လွှားခနဲ လိုက်နဲ့ တကယ့်ကို တုန်လှုပ်ချောက်ချားစရာပါပဲ။ အော်ဟစ်အကူအညီတောင်းဖို့လည်း လမ်းတစ်လမ်းလုံး လူသူကင်းမဲ့နေတယ်။ ညကလည်း မှောင်မိုက်တိတ်ဆိတ်လို့။ ဘယ်လောက်ပဲ သွေးရူးသွေးတန်းပြေးပြေး နောက်ဆုံးတော့  ခွေးနက်ကြီးက မီသွားတဲ့အခါချည်းပဲ။ တစ်ခါတလေ ခွေးနက်ကြီးပါးစပ်ကို အားသကုန်ဖြဲပြီး အနိုင်သတ်နိုင်တဲ့အခါရှိသလို တစ်ခါတလေ ခွေးနက်ကြီးက ကျွန်တော့်နောက်ကနေ ခုန်အုပ်လိုက်ပြီး ကျွန်တော့်လည်ပင်းကို ကိုက်ဖောက်သွေးသောက်တဲ့အခါလည်း ရှိခဲ့ဖူးတယ်။
အဲ့ဒီချိန်ဆို ကျွန်တော်အိပ်မက်က လန့်နိုးသွားတတ်တယ်။ တော်သေးတယ် တကယ်မဟုတ်လို့ ဆိုပြီး ရင်ဘက်ဖိ မျက်စိမှိတ်ထားရတယ်။ ဇောချွေးတွေလည်း ပျံလို့ပေါ့။ အဲ့ဒီအခါဆို အမေက ရေတစ်ခွက်တိုက်ပြီး
''ဆောင်းတွင်းအိပ်မက်၊ ကယောက်ကယက်ပါကွယ်'' ဆိုပြီး ချော့သိပ်တယ်။ ဒါပေမယ့် ဘယ်လိုမှ အိပ်မရတော့ဘူး။ အိပ်မက်ထဲက ခွေးနက်ကြီးကို အနိုင်ရချင်စိတ်ကပဲ လွှမ်းမိုးနေခဲ့တယ်။
မနက်လင်းလို့ အိပ်မက်ထဲက ခွေးနက်ကြီးအကြောင်းပြောရင်
''ငါ့သားကံနိမ့်နေတယ်ထင်တယ် ကံမနိမ့်အောင် ဘုရားစင်ရှေ့မှာ သွားဆုတောင်းချေ''လို့ အမေက ကျွန်တော့်ခေါင်းကို ပွတ်ပြီး ပြုံးပြုံးလေးနဲ့ ပြောတတ်တယ်။ ကျွန်တော်လည်း ဘုရားစင်ရှေ့ လစ်ခနဲ ပြေးသွားလိုက်ပြီး
''အရှင်ဘုရား တပည့်တော်ကို အမြဲရန်မူနေတဲ့ ခွေးနက်ကြီးကို အနိုင်ရလိုပါ၏ဘုရား'' လို့ အမြဲဆုတောင်းတယ်။ ဆုတောင်းပြည့်တယ်ဆိုရမလားဘဲ။ ခွေးနက်ကြီးအိပ်မက်က တော်တော်နဲ့ မမက်ဖြစ်ဘူး။ အဲ တစ်လလောက်နေရင် ပြန်မက်တာပါပဲ။ အဲဒီအခါ အမေ့ကို ဖွင့်မပြောဖြစ်တော့ဘဲ ဘေးအိမ်က အဒေါ်တွေကို ဖွင့်ပြောပြဖြစ်တယ်။ အမေ့ကို သွားပြောရင် ဘုရားစင်ရှေ့မှာပဲ ဆုတောင်းခိုင်းမှာပဲ မဟုတ်လား။
''ဟုတ်လား။ အဲ့ဒီခွေးက ဘယ်အိမ်ကခွေးလဲ''လို့ မျက်လုံးပြူး မျက်ဆံပြူးနဲ့ အဒေါ်တွေက ပြန်မေးတဲ့အခါတိုင်း
''အိပ်မက်ပါဆို။ ဘယ်အိမ်က ခွေးတုန်း ဘယ်လိုလုပ်သိမှာလဲ အဒေါ်ရ''
''ငါက အကောင်းမေးတာ၊ အဲ့ဒီခွေးပိုင်ရှင်က နင့်ကို စုန်းနဲ့ပြူစားဖို့ ကြံနေတာ၊ နောက်တစ်ခါ မက်ရင် ခွေးပိုင်ရှင်ကို သေချာမှတ်ထား''တဲ့။
အိပ်မက်ထဲက ခွေးနက်ကြီးကို ကြောက်ရတဲ့အပြင်  စုန်းပြူစားမှုာလည်း ကြောက်နဲ့ပေါ့။ ခွေးနက်ကြီး အိပ်မက်ကို နောက်တစ်ခါ မက်မှာ စိုးလို့ ညရောက်မှာ ကြောက်နေမိတယ်။ ဒါပေမယ့် ခွေးနက်ကြီးပိုင်ရှင်က ဘယ်သူဘယ်ဝါဆိုတာလည်း သိချင်လာပြန်ရော။ မက်လာတဲ့အခါတိုင်း ခွေးနက်ကြီးသတ်ကွင်းက ကိုယ်လွတ်ရုန်းပြေးနေရတော့ ခွေးပိုင်ရှင်ကို တစ်ခါမှ မသိလိုက်ရပါဘူး။ ဒီအကြောင်းတွေ အဖေနဲ့ အမေ့ကို ပြောလို့ ဘယ်ဖြစ်မလဲ။ အဖေနဲ့အမေက အဒေါ်တွေလို စုန်းကဝေဆိုတာ လုံးဝ အယုံအကြည်မရှိကြဘူးလေ။
xx xx xx
ကျွန်တော်လူမှန်း သိတတ်စအရွယ်ကတည်း အိမ်မှာ ခွေးမွေးတာ တစ်ခါမှ မမြင်ဖူးဘူး။ သေချာအောင် မေးကြည့်တော့လည်း မမွေးဖူးဘူးလို့ပဲ အဖြေရခဲ့တယ်။ ဘာကြောင့်မမွေးတာလဲ။ ခွေးတွေကို မချစ်တတ်လို့လားလို့ မေးပေမယ့် တိကျတဲ့အဖြေမရခဲ့ပါဘူး။ အဲဒီတော့ ခွေးတွေနဲ့ ကျွန်တော်နဲ့က ခင်မင်ရင်နှီးဖို့ဆိုတာ ဝေလာဝေး။ ခွေးနားကို လုံးဝမကပ်ဘူး။ ခွေးမြင်ရင် တခြားလမ်းကပဲ ကွေးပတ်သွားလို့ ကျောင်းနောက်ကျတာလည်း အခါခါ။ ဆရာမအဆူခံထိတာလည်း အကြိမ်ကြိမ်။ ယုတ်စွအဆုံး ခွေးရုပ်နဲ့တောင် ဆော့မကစားဖြစ်ဘူး။ သူငယ်ချင်းတွေကတော့ ပြောတယ်။
''ခွေးက သစ္စာရှိတယ်။ လူ့ဒုက္ခကို ခွေးကခံတယ်''တဲ့။ တချို့ကလည်း ''ခွေးရှိရင် သူခိုး၊ ဓားပြအန္တရာယ်မကြောက်ရတော့ဘူး။ ညဆို ကောင်းကောင်းအိပ်လို့ရတာပေါ့''တဲ့။ တချို့ကလည်း ''ခွေးတွေက ယုတ်ညံ့တော့ မကောင်းဆိုးရွားတွေဆို မြင်ရတယ်။ မယုံရင် သူတို့ မျက်ချေးကို မင်းမျက်လုံးပတ်လည်မှာ တို့ကြည့်၊ မကောင်းဆိုးရွားတွေကို မြင်ရလိမ့်မယ်''တဲ့။ ''ကိတ်မုန့်ပဲကျွေးကျွေး၊ ဆီဦးထောပတ်ပဲကျွေးကျွေး နောက်ဆုံးတော့ ခွေးဆိုတာ မစင်ကြိုက်တဲ့အမျိုးကြည့်ပဲ''တဲ့။ အမျိုးမျိုးပြောကြတာပါပဲ။ တစ်ခါလား ကျွန်တော်ခွေးခိုက်ခံရဖူးတယ်။ အဒေါ်အိမ်ကို သွားကစားခိုက် မွေးနေတဲ့ခွေးမကြီးက သူ့သားပေါက်လေးတွေကို ရန်ပြုတယ်အမှတ်နဲ့ မာန်ဖီးပြီး ကိုက်လိုက်တာ။ ပေါက်ပြဲမသွားပေမယ့် ခွေးမကြီးသွားနဲ့ ခြစ်ရာလေးတော့ ကျန်ခဲ့တယ်။ အမေက သူ့သားကို ခွေးကိုက်အောင် ပစ်ထားရမလားဆိုပြီး အဒေါ်တွေနဲ့ ရန်သွားတွေ့တယ်။ အဒေါ်အိမ်ကို သွားမကစားရလို့ အမိန့်ထုတ်တယ်။ တစ်ခါမှ ခွေးကိုက်မခံရဖူးတော့ ကျွန်တော်ဖြင့် ငိုလိုက်တာ ပြောမနေနဲ့။ ဘယ်သူချော့ချော့ အငိုမတိတ်တာ ညရောက်တဲ့အထိပဲ။ အဲဒီနေ့က စပြီး ခွေးနက်ကြီးအိပ်မက်က စမက်တော့တာ ထင်တာပါပဲ။ စမက်တုန်းကဆို ကြောက်အားကြီးပြီး ဖျားတဲ့အထိဖြစ်ဖူးတယ်။ နောက်ညတွေမှာ ကျွန်တော်အိပ်မှ အဖေနဲ့ အမေက အိပ်ကြရတယ်။ အဲဒီကစပြီး ခွေးနက်ကြီးကို ကျွန်တော့်ရဲ့မုန်းတီးစရာ ရန်သူအဖြစ် နှလုံးသားထဲမှာ စွဲမြဲနေခဲ့တယ်။
xx xx xx
ခွေးနက်ကြီးဇာတ်လမ်းက အဲ့ဒီမှာတင် တစ်ခန်းရပ်မသွားခဲ့ပါဘူး။ အလယ်တန်း၊ အထက်တန်း နောက်ဆုံး ဆရာဝန်ဖြစ်တဲ့အထိ ခွေးနက်ကြီးက အိပ်မက်ထဲမှာ ရန်မူနေတုန်း။ ကျွန်တော့်တစ်ကိုယ်လုံးကို ကိုက်ဖြတ်စားသောက်နေတုန်း။ အဲ့ဒီအကြောင်းတွေကို ငယ်ငယ်တုန်းကလို ဘယ်သူ့မှ ပြန်မပြောဖြစ်ပါဘူး။ သူငယ်ချင်းတွေက လှောင်ပြောင်မှာစိုးသလို ကြောက်တတ်ရန်ကောလို့ အထင်သေးမှာလည်း စိုးရိမ်မိတယ်။ တစ်ခါတလေ အလုပ်ပင်ပန်းပြီး အိပ်မောကျသွားလို့ မမက်ဖြစ်ပေမယ့် နိုးတစ်ဝက် အိပ်တစ်ဝက် ဆောင်းတွင်းတွေမှာဆို ညတိုင်းလိုလို ခွေးနက်ကြီးနဲ့ စစ်ခင်းနေရတုန်း။ သူတပြန် ကိုယ်တပြန် အနိုင်ယူနေကြတုန်း။ ငယ်ငယ်တုန်းကလိုတော့ အိပ်မက်က လန့်နိုးလာတဲ့အခါ တုန်လှုပ်မချောက်ချားတော့ပါဘူး။ အိပ်ရေးပျက်အောင်လုပ်တဲ့ ခွေးနက်ကြီးလို့ပဲ ဒေါသဖြစ် တက်ခေါက်ပြီး ပြန်အိပ်ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံခြားခွေးဖြစ်ဖြစ် ဗမာခွေးဖြစ်ဖြစ် ခွေးမြင်ရင် ကြောက်တတ်တဲ့စိတ်လေးကတော့ ရှိနေတုန်း။ တစ်ခါက စိတ်ရောဂါကု ဆရာဝန်မကြီးအိမ်ကို လူနာအကြောင်းသွားပြောဖို့ အကြောင်းဖန်လာတယ်။ ဆရာဝန်မကြီးက ခွေးတွေ မွေးထားတယ်။ တအားချစ်တတ်တယ်ဆိုတာ သိထားပြီးသားဆိုတော့ ကြောက်ရဲရဲနဲ့ သွားခဲ့တယ်။ ထင်တဲ့အတိုင်းပါပဲ။ ဆရာဝန်မကြီးခွေးတွေက အိမ်ပေါက်ဝရောက်တာနဲ့ ဝိုင်းကြိုဆိုကြတယ်။ ခွေးတွေနဲ့ မျက်လုံးချင်းမဆုံမိစေနဲ့။ မျက်လုံးချင်းဆုံမိတာနဲ့ သူတို့ကို ရန်လိုတယ်ထင်ပြီး ပိုဆိုးတတ်တယ်ဆိုတာ စာအုပ်ထဲမှာ ဖတ်ဖူးတယ်တော့ မျက်လုံးချင်းမဆုံမိအောင် သူတို့ကို ဂရုမထားချင်ယောင်ဆောင်ထားပေမယ့် မရပါဘူး။ လှောင်အိမ်သံစကာကို ကုတ်ခြစ်ပြီးဟောင်လို့ဟောင်။ အိမ်ပြူတင်းပေါက်က ထိုးဟောင်လို့ဟောင်နဲ့ ကြောက်ချွေးတွေတောင် စို့တက်လာတယ်။ ခွေးကြောက်လို့ လှည့်ပြန်သွားဖို့ကလည်း မဖြစ်ဆိုတော့ ဒုက္ခအကြီးအကျယ် ကြုံတွေ့နေရတယ်။ ကံကောင်းစွာနဲ့ပဲ ဆရာဝန်မကြီးက အိမ်အပြင်ထွက်လာလို့ပေါ့။ နို့မို့ဆို အဲဒီနေရာတင် ခွေးကြောက်လွန်းပြီး သေးပါသွားမှာ။ အိမ်အလှမွေး ခွေးဖြူဖြူလေးတွေဆိုပေမယ့် အိပ်မက်ထဲက ခွေးနက်ကြီးလိုပဲ အဲဒီခွေးလေးတွေက ရန်မလိုတတ်ဘူးလား။ ကြုံရင်ကြုံသလို လစ်ရင်လစ်သလို ကိုက်ဖြတ်မစားသောက်တတ်ဘူးတဲ့လား။
xx xx xx
''သတိ ခွေးကိုက်တတ်သည်''ဆိုတဲ့ ဆိုင်းဘုတ်ရေးထားထား၊ မထားထား ဘယ်အိမ်သွားသွား ကျွန်တော်ပြောဖြစ်တဲ့စကားက ''ခွေးရှိလား၊ ခွေးကြည့်ပါအုံး''လို့ နှုတ်ခွန်းဆက်တဲ့အထိပါပဲ။ တချို့က ခွေးအကြောက်ပိုတဲ့ ကျွန်တော့်အဖြစ်ကို ရယ်ကြတယ်။ တချို့ကလည်း ခွေးတွေချစ်တတ်အောင်၊ ရင်းနှီးအောင် လုပ်ပေးပေမယ့် ကျွန်တော်ခွေးတွေကို ကြောက်မြဲ။ တစ်ခါက သူငယ်ချင်းတစ်ယောက်က ခရီးသွားစရာရှိလို့ဆိုပြီး ဒိုပါမင်ခွေးကြီးကို စောင့်ရှောက်ဖို့ လာအပ်သွားတယ်။ ကျွန်တော်ခွေးကြောက်တတ်မှန်းသိပေမယ့် ဈေးကြီးကြီးပေးရတဲ့ ခွေးကြီးကို သူတို့လည်း ခေါ်မသွားနိုင်။ အိမ်မှာ ဘယ်သူမှမကျန်ခဲ့တော့ ဒီအတိုင်းလည်း မထားခဲ့ချင်ဆိုတော့ ခွေးစောင့်ရှောက်ဖို့က ကျွန်တော့်တာဝန်ဖြစ်နေတယ်။ မတက်သာတဲ့အဆုံးလက်ခံလိုက်ရတယ်။ ဒီအတိုင်းတော့ ဘယ်ရမလဲ။ သံကြိုးတုတ်တုတ်နဲ့ ပြောင်းချည်ခိုင်းပြီး အိမ်ကလူတွေကိုပဲ ခွေးကျွေးခိုင်းတယ်။ ကျွန်တော်ကတော့ ခွေးနားကို လားလားမှ မကပ်ပါဘူး။ သူငယ်ချင်းတို့ ခရီးပြန်ရောက်လို့ ခွေးကြီးလာခေါ်သွားမှပဲ စိတ်အေးရတော့တယ်။ အိပ်မက်ထဲက ခွေးနက်ကြီးကလည်း အဲဒီခွေးကြီးနဲ့ တစ်ပုံစံတည်းပဲလေ။ သူငယ်ချင်းတစ်ယောက်ရှိသေးတယ်။ သူခွေးချစ်တတ်တာလည်း လွန်ပါ့။ ညပိုင်းအိမ်ပြန်ပြီဆိုရင် လမ်းဘေးက ခွေးတွေကို အစာကျွေး။ ပွတ်သီးပွတ်သပ်လုပ်နဲ့။ ဘယ်ကမှန်းမသိတဲ့ ခွေးတွေကို အဲလိုလုပ်တယ်ဆိုတော့ သူပြောပြတိုင်း ကျွန်တော့်မှာ အံ့သြနေရတယ်။ ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ဖူးတယ်။ နောက်ထပ် ခွေးချစ်တဲ့သူတစ်ယောက်ကတော့ ကျွန်တော့်ထက် စီနီယာကျတဲ့ ဆရာဝန်မတစ်ယောက်ပါပဲ။ သူ့ကို ချဉ်းကပ်ဖို့ သူမွေးထားတဲ့ခွေးလေးတွေအကြောင်းပြောရင်း ဇာတ်လမ်းဆင်ရတယ်။ ခွေးလေးတွေလှကြောင်း၊ ချစ်စရာကောင်းကြောင်း၊ လိမ်မာကြောင်း စိတ်ထဲကမပါပေမဲ့ မချစ်သော်လည်း အောင့်ကာ နမ်းရပြီပေါ့။ ကျွန်တော်က ချစ်နေရသူမဟုတ်လား။ သူနဲ့ အဆင်ပြေသလိုလို ရှိလာပေမဲ့ နောက်ရက်တွေမှာ ကျွန်တော့်ကို ဖုန်းတောင် လက်ခံမပြောတော့ဘူး။ နောက်မှသိရတာက သူ့ခွေးတွေကို ကျွန်တော်က ဘေဘီလိုမခေါ်ဘဲ ခွေးလို့ ခေါ်လို့တဲ့လေ။
xx xx xx
တက္ကသိုလ်ကျောင်းသားဘဝက မှတ်မိသေးတယ်။ ကျွန်တော်တို့ နေတဲ့အဆောင်က ညဆယ်နာရီဆိုပိတ်ပြီ။ တစ်ခါတလေ ဂိမ်းနှိုပ်ကောင်းနေလို့။ ည သူငယ်ချင်းတွေနဲ့ အရက်သောက်နေလို့။ လျှောက်လည်နေလို့ စသဖြင့်ပေါ့ အဆောင်ပြန်နောက်ကျတဲ့အခါတွေရှိတယ်။ အဆောင်ကပိတ်ပြီဆိုပေမယ့် ခြံတံခါးကို ကျော်တက်လို့ရတယ်။ ဆိုင်ကယ်ထားစရာနေရာကမရှိဘူး။ အဲဒီတော့ အဆောင်နားက ဆေးရုံဝန်းထဲမှာပဲ ဆိုင်ကယ်ကို အပ်ပြီး အဆောင်ကို ခြေလျင်လျှောက် ပြန်ရတယ်။ အဆောင်နဲ့ဆေးရုံက တစ်လမ်းပဲ ခြားတယ်ဆိုပေမယ့် အဲ့ဒီလမ်းက မှောင်မည်းနေတာပဲ။ လမ်းမှာက ခွေးလေ ခွေးလွင့်တွေကလည်း အများကြီးရယ်။ အဲဒီလမ်းကို ဖြတ်ဖို့က အခက်တွေ့ပြီ။ မပြန်လို့ အိပ်စရာနေရာမှ မရှိတာဆိုတော့ ဘုရားစာ တရားစာဆိုရင် ဖြည်းဖြည်းချင်းသွားရတယ်။ လူရိပ်မြင်တာနဲ့ ခွေးတွေက ထိုးဟောင်တော့တာပဲ။ တချို့ခွေးတွေက ကျွန်တော်ဆီကို ပြေးလာကြပြီး လျှာနဲ့လျှက်ကြတယ်။ နမ်းကြတယ်။ တချို့က ကိုယ်ပေါ် အတင်းလုတက်ကြတယ်။ ကျွန်တော်မှာ ကြောက်ကကြောက်နဲ့ မျက်စိစုံမှိတ်ထားပြီး အသက်အောင့်ထားရတယ်။ မတော်လို့ ဝိုင်းကိုက်ကြရင် ဒုက္ခ။ ခွေးဆိုတဲ့အမျိုးက ခွေးဝဲစားတောင် အုပ်စုတောင့်ရင် ဝိုင်းကိုက်တတ်ကြတာ မဟုတ်လား။ ခွေးတွေကလည်း အလျှော့မပေးဘူး။ လျှာနဲ့ တစ်ကိုယ်လုံးကို လျှက်ကြတာပဲ။ ယားလို့ အော်ချင်ပေမယ့် အခုချိန်မှာ ကိုယ်က သူတို့ စားကျက်ထဲ ရောက်နေတဲ့ သားကောင်မဟုတ်လား။ အန်ကြိတ်ခံရုံမှလွဲပြီး ဘာတတ်နိုင်အုံးမှာလဲ။ အိပ်မက်ထဲက ခွေးနက်ကြီးလို တစ်ကောင်တည်းဆိုလို့ကတော့ သင်းတို့သေပြီသာမှတ်။
xx xx xx
အစိုးရဝန်ထမ်းဘဝရောက်တော့ ဆေးရုံထဲမှာ အဆောင်ပေးတယ်။ အဲဒီမှာ ခွေးဇာတ်လမ်းက မပြီးသေးပါဘူး။ အရင်နေခဲ့တဲ့ အရိုးအထူးကုဆရာဝန်က ခွေးတွေ မွေးထားတယ်လေ။ သုံးကောင်တောင်။ အဲဒီခွေးတွေကလည်း လူမြင်ရင် ဇွတ်ပြေးတက်၊ ဟိုလျှက်ဒီလျှက်ပါပဲ။ ခွေးချစ်တဲ့သူငယ်ချင်းတွေကတော့ ထမင်းကျန် ဟင်းကျန်တွေ ကျွေး၊ မုန့်တွေကျွေးပေါ့။ သူငယ်ချင်းဆရာဝန်မတွေဆို သမီးလေး ဘာလေးနဲ့ ချစ်လိုက်ကြတာ တုန်လို့။ ကျွန်တော်ကတော့ ဖာသိဖာသာပဲ။ ခွေးဆို ရွံကြောက်ကြီးကို ဖြစ်နေတာလေ။ ဟိုတစ်နေ့ကမှ ကျွန်တော်ဆေးခန်းဖွင့်ခဲ့တဲ့ရွာက ညီလိုခင်တဲ့ကောင်လေးလေး ခွေးရူးကိုက်လို့ ခွေးရူးပြန်ပြီးဆုံးသွားတယ်ဆိုတဲ့ သတင်းကြားတကည်းက ခွေးဆို မုန်းလိုက်တာ။ ခွေးခြေခုံနဲ့တောင် မထိုင်ချင်တော့ဘူး။ အခုလည်းကြည့်။ ခွေးတွေကလည်း အလိုလိုက်ထားတော့ အဆောင်ထဲထိ ဝင်လာတယ်။ အတင့်ရဲလာတယ်။ ချေးပါ ပါသွားသေးတယ်။ အရောဝင်ရင် ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တတ်တာ ခွေးသဘာဝလေ။ နောက်ပိုင်း သူငယ်ချင်းတစ်ယောက်ရဲ့ ဖိနပ်နှစ်ရံထဲက တစ်ဖက်စီကို သူတို့အစာအဖြစ် ကိုက်ဖြတ်ပလိုက်ကြတယ်။ သူငယ်ချင်းဆို စိတ်ဆိုးလိုက်တာ ပြောမနေနဲ့။ အဲဒီခွေးတွေကို အလွတ်မပေးတော့ဘူး။ ကျန်ခဲ့တဲ့ ဖိနပ်ကိုပြပြီး ကွေးနေအောင် ရိုက်ပလိုက်တာ။ ကျွန်တော်က မတားပါဘူး။ ရိုက်ပစေ။ သဘောတကျတောင် ရယ်နေလိုက်သေးတယ်။ ဟုတ်တယ်လေ။ ဟိုတစ်နေ့က ကျွန်တော်တို့ ထမင်းအိုတွေ ပန်းကန်တွေ အဲ့ဒီခွေးတွေ သေးပန်းသွားတယ်ဆိုကတည်းက ဒေါသဖြစ်နေတာ။ အခု သူငယ်ချင်းက ပယ်ပယ်နယ်နယ်ဆုံးမနေတော့ လက်ခုပ်လက်ဝါးတောင် တီးပေးလိုက်ချင်သေး။ အသိဥာဏ်မဲ့တဲ့ခွေးတွေကို ဖတ်ပြီး အနိုင်ရတာ ဂုဏ်မယူချင်လို့သာပေါ့။ ဒါပေမယ့် အိပ်မက်ထဲက ခွေးနက်ကြီးအတွက် သင်းတို့ အရိုက်ခံရတာ နည်းတောင်းနည်းသေးတယ်လို့ ပြောလိုက်ချင်သေးတယ်။
xx xx xx
တစ်ည။ အသံကြားလို့ ထကြည့်လိုက်တာ ခွေးပေါက်လေးနှစ်ကောင် အဆောင်ပေါက်ဝမှာ ရောက်နေတယ်။ ဘယ်ခွေးတိုးပေါက်က တိုးဝင်လာတယ်မဆိုနိုင်ပါဘူး။ ဝဝကစ်ကစ် အထီးလေးနှစ်ကောင်။ ကျွန်တော်လာတာမြင်တော့ ငြိမ်ကုတ်ပြီး မျက်လုံးပြူးလေးတွေနဲ့ ကြည့်နေကြတယ်။ ခွေးပေါက်လေးတွေဆိုတော့ သိပ်လည်း မကြောက်မိဘူး။ သူတို့မျက်လုံးလေးတွေကို အကဲခတ်ကြည့်ရတာ ဗိုက်ဆာနေတယ်ထင်ပါ့။ ဒါမှမဟုတ် အမေပျောက်လို့ ကျွန်တော့်ကိုများ အကူအညီတောင်းနေသလားမဆိုနိုင်ပါဘူး။ ကျွန်တော့်ဆီကို တစ်ကောင်က ခြေလှမ်းလာတယ်။ ဒါပေမယ့် တုံ့ဆိုင်း တုံ့ဆိုင်း။ အကဲစမ်းကြည့်တဲ့သဘော။ တစ်ကောင်က မလာရဲဘူး။ ငေးကြည့်နေတယ်။ ကျွန်တော်က ဘာမှမပြောဘဲ ရပ်ကြည့်နေတော့ ခုနက တစ်ကောင်က ပြေးလာတယ်။ ဘာဖြစ်သွားတယ် မဆိုနိုင်ပါဘူး။ ပြေးလာတဲ့ ခွေးလေးကို လက်နှစ်ဘက်ဆန့်တန်းပြီး ဆီးကြိုမိတယ်။ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ ခွေးမကိုင်ခဲ့ဖူးဘူးတော့ ကိုယ့်ကိုကိုယ်တောင် အံ့သြမိသွားတယ်။ ကျွန်တော့်လက်ပေါ်မှာ ခွေးလေးက တအိအိအော်နေတယ်။ နို့ဆာနေတာများလား။ ဒါမှမဟုတ် မိခင်ကို ရှာခိုင်းနေတာများလား။ ကျွန်တော် ခွေးအကဲခတ်ညံ့တယ်လေ။ အဲဒါနဲ့ စားလက်စ မုန့်လေးကို ဖဲ့ပြီး ခွေးလေးနှစ်ကောင်ကို ကျွေးလိုက်တော့ မမြီးတနှံ့နှံ့နဲ့ စားလိုက်ကြတာ။ ခေါင်းတောင် ထောင်မလာဘူး။ ကျွန်တော်လည်း သူတို့လေးတွေ ကျောကုန်းကို ပွတ်သပ်ပေးနေမိတယ်။ ခဏအတွင်းမှာကို သနားလည်း သနား ချစ်လည်းချစ်သွားတယ်။ တစ်ဆက်တည်း အိပ်မက်ထဲက ခွေးနက်ကြီးကို သတိရသွားတယ်။ အင်း ငါ့မှသာ ကိုယ်စားမဲ့ထဲက အစာကို ကျွေးနေရတာ။ ချစ်နေရတာ သနားနေရတာ သူတို့လေးတွေလည်း ငယ်သေးလို့သာပေါ့။ ကြီးလာရင် ဟိုခွေးနက်ကြီးလိုပဲ ငါ့ကို ရန်မူကြအုံးမှာပါလားလို့ တွေးမိပြီး ခွေးလေးရဲ့ ကျောကုန်းကို ခပ်ဖွဖွလေး ပုတ်မိတော့ ကိန်ခနဲ့အော်ရင်း ကျောတွန့်သွားလေရဲ့။
-------------------------------
အာကာခေတ်ပိုင်

1 comment:

  1. Lucky Club Casino Site
    Lucky Club Casino is an online luckyclub gambling establishment that brings you the best in online entertainment. Lucky Club Online Gaming is a relatively new name in the online gaming  Rating: 4 · ‎1 vote

    ReplyDelete

ဝေဖန် အကြံပြုခဲ့ပါအုံး