25.4.14

မေ့အပြုံးက အပြာရောင်စမ်းချောင်းလေးထက် ပိုအေးချမ်းတယ် ...


လေဟာနယ်တစ်ခုထဲသို့ ဆွဲပစ်ခံရသူတစ်ယောက်ပမာ ရင်ထဲမှာ ဘာမှမရှိတော့သလို ဟာခနဲ ခံစားလိုက်ရသည်။ ပြန်လည်ငြင်းဆန်ဖို့ ကြိုးစားကြည့်ပါသော်လည်း ပါးစပ်က အာစေးထည့်ထားသလို စကားလုံးတို့ ပွင့်အံမလာခဲ့။ အဓိပ္ပာယ်အမျိုးမျိုးဖြင့် ဝိုင်းကြည့်နေကြသည့် လူအုပ်ကြီး။ တချို့က အံ့သြမှုကြောင့် စုတ်တသပ်သပ်။ တချို့က မဖြစ်နိုင်ဘူးဆိုသည့်သဘောဖြင့် ခေါင်းတယမ်းယမ်း။ တချို့က ရွံ့မုန်းစရာအဖြစ်။ တချို့က ... ။ တချို့က … ။ စုပြုံကျရောက်လာသည့် မျက်ဝန်းများကို ရင်မဆိုင်ရဲတော့သလို ရှက်စိတ်၊ နာကျည်းစိတ်၊ ဝမ်းနည်းစိတ်၊ အားငယ်စိတ်တို့နှင့်အတူ အသားတွေ တဆတ်ဆတ်တုန်ယင်လာသည်။ ခန္ဒာကိုယ်ပေါ်သို့ လေးပင်သည့်အရာဝတ္ထုတစ်ခုနှင့် ဖိထားသလို ခံစားနေရပြီး အသက်ရှူမဝတော့ဘဲ မောဟိုက်လာသည်။ အသက်ရှူနှုန်းတို့ မြန်ဆန်လာသည်။ ပင်ပန်းနွမ်းနယ်လာသည်။ ဒါမဟုတ်ဘူး။ ဒါအိပ်မက်ဟု အသိစိတ်က နှိုးဆွချိန်မှာ ကျွန်တော့်တစ်ကိုယ်လုံး ချွေးစေးတို့ဖြင့် စေးကပ်နေပြီ။ အာခေါင်တွေ ခြောက်ကပ်နေပြီ။ ဖျတ်ခနဲ သတိရမိသည်က ကျွန်တော်သိပ်ချစ်ရသောမေ။
xx xx xx

''မေက ဘွဲ့လွန်ကို ဘာလို့ Surgery ဖြေချင်တာလဲဟင်''
မေက ကျွန်တော့်အမေးကို ချက်ချင်းမဖြေသေးဘဲ ရွှေဘုန်းပွင့်တောင်ပေါ်မှ လှမ်းမြင်နေရသည့် တောင်ကြီးမြို့ကို ငေးမောနေသည်။ အထက်ဆီးမှ လှန်းမြင့်နေရသည့် တောင်ကြီးမြို့က မြူခိုးတွေကြားမှာ မှုန်ဝါးဝါး။ ပြီးမှ သက်ပြင်းရှည်ချရင်း ကျွန်တော့်ဘက်ကို မျက်နှာမူလာသည်။
''အဲဒီအဖြေကို ပေးမယ်ဆိုရင် မေ့ကို အတ္တကြီးတဲ့မိန်းမလို့ စွပ်စွဲမလား ကို''
ကျွန်တော်ချက်ချင်း မဖြေမိသေးဘဲ မေ့မျက်နှာကို စောင်းငဲ့ကြည့်လိုက်သည်။  ပြတ်သားရဲရင့်သည့်ဟန်ပန်တွေက မေ့မျက်နှာပေါ်မှာ အထင်သား။ မေ့ဆံနွယ်လေးတွေက လေတိုးဝှေ့လိုက်တိုင်း လွင့်မျောနေသည်။ မေက ဆံပင်အရှည်မထားဘဲ ဆံပင်တိုတိုလေးတွေပဲ ထားသည်လေ။ ဟိုတစ်ခါတုန်းက မေ့ကို အဲဒီဆံပင်ကိစ္စနှင့်ပတ်သတ်ပြီး ပြောဖူးသည်။
''မေကလည်းကွာ မိန်းမတို့ဘုန်းဆံထုံးတဲ့ ဆံပင်အရှည်ထားစမ်းပါလား''ဟု မေ့ဆံနွယ်လေးတွေကို ပွတ်သပ်ရင်း ဆိုတော့ မေ့အဖြေကြောင့် ကျွန်တော့်မှာ အံသြသွားရသည်။
''ခေတ်ဟောင်းက အတွေးအခေါ်တွေ ထားလိုက်စမ်းပါ။ မိန်းမဆိုတာ ဆံပင်အရှည်ထားရမယ်လို့ ဘယ်သူပြောလဲ။ ကိုကလည်းကွာ မေဆံပင်အတိုထားတာကို လိုက်မချုပ်ချယ်နဲ့။ မေ မကြိုက်ဘူး။ ကိုပဲစဉ်းစားကြည့်။ လူနာတွေကို စမ်းသပ်နေရင် ဒီဆံပင်တွေက တအားရှုပ်တာပဲ''
မေက စိတ်ရှုပ်ဟန်နှင့် ဆံပင်တွေကို လက်နှင့်ထိုးဖွရင်း ဆိုသည်။ မေက ဘယ်တော့မှ စိတ်ရှည်တတ်သူမဟုတ်မှန်း မေနှင့် ရည်းစားသက်တမ်းကြာလာလေလေ ပိုသိလာရသည်။ စကားပြောလျှင်လည်း ဖွဲ့နွဲ့မပြောတတ်။ ခပ်သွက်သွက်၊ ခပ်ပြတ်ပြတ် ပြောတတ်သည်က မေ့ပင်ကိုယ်စရိုက်ပင်မဟုတ်လား။
''ပြောစမ်းပါလား မေရယ် ကိုကြားချင်လို့ပါ''
ကျွန်တော့်စကားကြားတော့ မေက သံတိုင်ကို ကိုင်ပြီး ခဟဟလေးရယ်မောနေသည်။ ပြီးမှ
''မေတို့ မြန်မာနိုင်ငံမှာ မိန်းမခွဲစိတ်ဆရာဝန်အတော်ရှားတယ်။ ပြီးတော့ မိန်းမဆိုတာ ခွဲစိတ်ဆရာဝန်လုပ်လို့မရဘူးလား။ မလုပ်နိုင်ဘူးလား။ မေကတော့ စိတ်ကူးနဲ့လွင့်မျောနေရတဲ့ဘဝကို မကြိုက်ဘူး။ Do or Die ပဲ။ ခွဲစရာရှိရင်ခွဲမယ်။ လှီးစရာရှိရင် လှီးမယ်။ စိတ်ကူးယဉ်မဆန်ချင်ဘူး''
မေ့စကားကြောင့် ကျွန်တော့်ကိုယ်လုံးလေး ဆတ်ခနဲဖြစ်သွားရသည်။ မေ့က ကျွန်တော်စာရေးတာကို လုံးဝမကြိုက်ပါ။ စိတ်ကူးယဉ်ဆန်လွန်းတယ်။ လက်တွေ့မကျဘူးဟု အမြဲပြောလေ့ရှိသည်။
''ဟိုး … ကဟာ အင်းလေးကန်လားမသိဘူးနော်''ဟု မေ့ဆီက နောက်ထပ်ထွက်လာမည့်စကားတွေကို မကြားဝံ့တော့သဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။ မေက ကျွန်တော်ညွှန်ပြရာကို လိုက်ကြည့်ရင်း
''ဟာ … ကိုကလည်း တောက်တီးတောက်တဲ့။ အဲဒါ အင်းလေးကန်မဟုတ်ဘူး။ အင်းလေးကန်က ဟိုးမှာ''ဟု တဟားဟားရယ်ရင်း အင်းလေးကန်ရှိရာကို ညွှန်ပြသည်။ အင်းလေးကန်က တောင်ကုန်းတောင်စွယ်များကြားမှာ ခပ်ရေးရေး ခပ်မှေးမှေးအဖြစ်သာ မြင်ရသည်။ မေ အခုလို ပြုံးရယ်တာလေးက ပါးနီနီလေးနှင့် ချစ်စရာကောင်းလိုက်ပါဘိ။ မေက အင်းသားနှင့် ရှမ်းတိုင်းရင်းသား စပ်တစ်ယောက်ဖြစ်ပြီး အင်းလေးကန်ကြီးကို အတော်လေး ချစ်မှန်း မေ့စကားများကို ကြားရဖန်များလာတော့ သိလာရသည်။ မေက ကျွန်တော့်မျက်နှာကို စူးစိုက်ကြည့်ပြီး
''ခုနက စကားကို ဆက်ရရင် မေကတော့လေ ဘယ်အရာမဆို ပြတ်သားတာပဲကြိုက်တယ်။ ဆုံးဖြတ်ချက်တစ်ခုကို ချဖို့ ဝေဝါးနေတဲ့လူဆို မေ အထင်မကြီးဘူး။ အထူးသဖြင့် လိမ်ညာဖုံးကွယ်တဲ့သူဆိုသိပ်မုန်းတာပဲ''
မေ့စကားကြားတော့ ကျွန်တော်မျက်လုံးပြူးပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ကျွန်တော်လိမ်ညာဖုံးကွယ်ထားတဲ့ အဖြစ်ဆိုးကြီးကို မေ သိသွားပြီလား။ မေ ကျွန်တော့်ကိုများ ရည်ညွှန်းပြောနေသလားဟု အထင်ဖြင့် မေ့ကို အကဲခတ်ကြည့်မိသည်။ မေက ဘာမှမဖြန်ဟန်နှင့် လက်ကလေးပိုက်ပြီး မကြာမီ တိုးဝင်တော့မယ့် နေလုံးကြီးကိုသာ ငေးမောကြည့်နေသည်။ ကျွန်တော်မှာသာ စိုးရိမ်စိတ်နှင့် သက်ပြင်းကိုသာ အခါခါချနေမိလေသည်။ ပြန်ပြင်လို့မရတော့သည့် ကြမ္မာဆိုးကြီးက ကျွန်တော့်ကို အခုချိန်ထိ ခြောက်လှန်နေတုန်းပဲ မဟုတ်လား။
xx xx xx
''လူတွေရဲ့အသက်ကို ကယ်တဲ့ဆရာဝန်လုပ်နေပြီး ဒီလောက်ယုတ်မာတဲ့ အပြုအမူမျိုးလုပ်လိမ့်မယ်လို့ ငါမထင်ထားဘူး။ မင်းဟာ ဆရာဝန်မဟုတ်ဘူး။ တကယ်တော့ မင်းဟာ လူယုတ်မာ''
လူယုတ်မာ … လူယုတ်မာ … ။ ကျွန်တော့်မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောနေသည့် အန်တီကြီး၏စကားသံက ကျွန်တော့်နားထဲမှာ ပဲ့တင်ထပ်နေသည်။
''မဟုတ်ဘူး ကျွန်တော်လူယုတ်မာ မဟုတ်ဘူး။ ကျွန်တော်လူယုတ်မာ မဟုတ်ဘူး''
နားနှစ်ဘက်ကို လက်နှင့်အုပ်ထားပြီး အရူးတစ်ယောက်လို အာခေါင်ခြစ် အော်ဟစ်ငြင်းဆန်ပါသော်လည်း အသံတို့က လေလှိုင်းထဲမှာ ပျောက်ရှသွားသည်။ ထပ်မံ ငြင်းဆန်ဖို့ အားတင်းလိုက်သော်လည်း မရတော့။ မောဟိုက်ပြီး ချွေးစေးတွေ တစ်ကိုယ်လုံးထွက်လာသည်။ ငြင်းဆန်မှုကို ဖော်ပြဖို့ ခေါင်းကိုသာ ဘယ်ညာတအား ခါယမ်းမိသည်။
''ဟော … ကို သတိရလာပြီ''
မေ့အသံကြားတော့ မျက်လုံးနှစ်ဘက်ကို ဖွင့်ကြည့်လိုက်သည်။ စူးရှသည့် အလင်းရောင်က မျက်လုံးအိမ်ကို ကျိမ်းစပ်သွားစေသည်။ ထို့ကြောင့် မျက်လုံးကို ပြန်မှိတ်ထားလိုက်ရသည်။ ကျွန်တော့်လက်တွေကို လာဆုပ်ကိုင်သည့် မေ့လက်တွေက နွေးထွေးနေဆဲ။ စိုးရိမ်စိတ်နှင့် မေ့မျက်နှာကို အကဲခတ်ကြည့်မိတော့ မေက ကျွန်တော့်ကို ပြုံးပြီး စိုက်ကြည့်နေတာ တွေ့ရသဖြင့် စိတ်အေးသွားရကာ သက်ပြင်းရှည်ကြီး ချမိသည်။
''မေ ကိုဘာဖြစ်တာလဲဟင်''
''ဘာဖြစ်ရမှာလဲ ကို မနေ့ညက အဖျားတွေကြီးပြီး သတိလစ်သွားတာ''
မေက အသံခပ်အုပ်အုပ်လေးရယ်ရင်း ကျွန်တော့်ကို စူးစိုက်ကြည့်နေသည်။ မနေ့ညက … မနေ့ညက အဖြစ်ကို ပြန်စဉ်းစားမိသည်။ ခေါင်းထဲမှာ ခပ်ရေးရေးပေါ်လာသည်။ ဒီဇင်ဘာဆောင်းည။ နှင်းတွေ တဖွဲဖွဲကျပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသည်။ မေနှင့် ကျွန်တော် မီးဖိုဘေးမှာ။ ကျွန်တော်က ဂီတာတီးရင်း သီချင်းဆိုလို့။ မေက ကျွန်တော်ပုခုံးလေးကို မှီပြီး သီချင်းလေးငြီးလို့။
''မေ xxx အမှောင်ထဲက ငွေကြယ်လေးများထက် မင်းမျက်ဝန်းများ လင်းပါလား xxx အပြုံး xxx မေ့အပြုံးများ အပြာရောင် စမ်းချောင်းလေးထက် အေးချမ်းပါလား xxx ''
တိတ်ဆိတ်နေသည့် ညချမ်းအချိန်ခါမှာ ကျွန်တော့်အသံက ဆွဲဆွဲငင်လေး ထွက်ပေါ်လာသည်။ မေနှင့် အခုလို ပူးပူးကပ်ကပ်လေး နေရသည့်ဘဝကို သာယာလိုက်တာ။ သီချင်းပြီးသွားတော့ မေ့ကိုယ်လုံးလေးကို ကျွန်တော့်ရင်ဘက်ထဲ ဆွဲသွင်းထွေးပိုက်လိုက်သည်။ မေက အလိုက်သင့်ပါလာရင်း ကျွန်တော့်ရင်ဘက်လေးကို ပွတ်သပ်ပေးနေသည်။
''မေ … မေခွင့်မလွှတ်နိုင်တဲ့ အမှားမျိုးက ဘယ်လိုဟာမျိုးဖြစ်မလဲ''
ကျွန်တော့်အမေးကြောင့် မေက ကျွန်တော့်ရင်ခွင်ထဲက ဖယ်ခွားသွားသည်။ ပြီးနောက် မေးစေ့ကို လက်ညှိုးလေးနှင့် ထိုးထားရင်း
''ဘယ်လိုအမှားမျိုးလဲဆိုတော့ လူမှုရေးဖောက်ပြန်မှု''ဟု တစ်လုံးချင်း ဖြည်းဖြည်းချင်း ဆိုသည်။ မေ့စကားအဆုံးမှာ ကျွန်တော်ရင်တွေဒိတ်ခနဲ ခုန်သွားသည်။
''လူမှုရေး ဖောက်ပြန်မှု … ဘယ်လိုလဲ ကိုမရှင်းဘူး''
''အင်း …. မေတို့ပတ်ဝန်းကျင်မှာ လူမှုရေးဖောက်ပြန်မှုတွေ မေငယ်ငယ်လေးကတည်းက တွေ့ဖူးတယ်ကို။ ကြုံတိုင်းလည်း ဒေါသထွက်နာကျည်းမိတယ်။ မေ အထင်ကြီးလေးစားတဲ့လူတစ်ယောက်ကြောင့် အဲဒီစိတ်က ပိုခိုင်မာသွားခဲ့တယ်။ ''
မီးဖိုက အလင်းကြောင့် မေမျက်ဝန်းမှာ နားကျည်းမှုအရိပ်အယောင်တွေကို လှစ်ခနဲ တွေ့လိုက်ရသည်။ မေရဲ့ မဟုတ်မခံစိတ်က ကိုထင်ထားတာထက်ကို ပိုနေပါလား မေရယ် …
''ဘာဖြစ်လို့လဲဟင်''
ကျွန်တော့်အမေးကြောင့် မေက ဟက်ခနဲ တစ်ချက်ရယ်သည်။ ပြီးတော့ နှုတ်ခမ်းတစ်ဘက်ကို ကွေးညွှတ်သွားအောင် မဲ့လိုက်ပြီး
''ဘာဖြစ်ရမှာလဲ။ အဲဒီလူက မိန်းမငုတ်တုတ်ကြီးကိုထားပြီး နောက်အိမ်ထောင်ပြုသွားတယ်ကို။ ကိုပဲ စဉ်းစားကြည့်။ အိမ်ထောင်တစ်ခုကို တာဝန်မယူနိုင်ဘဲ ကိုယ်လွတ်ရုန်းပြေးတဲ့ ယောက်ျားမျိုးဟာ ဘယ်လောက်အောက်တန်းကျလိုက်သလဲ။ အဲဒီလိုမျိုး သစ္စာမဲ့တဲ့ ယုတ်မာတဲ့လူမျိုးဆို မေ သိပ်မုန်းတာပဲ''
မေ့စကားကြောင့် ကျွန်တော့်မှာ မျက်လုံးပြူးပါးစပ်အဟောင်းသားဖြစ်သွားရသည်။ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလို ခေါင်းထဲမှာ မူးဝေသွားရသည်။ ထိုညက မေနှင့် နှုတ်ဆက်လမ်းခွဲပြီး ကျွန်တော်စိတ်တွေ ယောက်ယက်ခတ်နေခဲ့သည်။ လူမှုရေး ဖောက်ပြန်မှု … လူမှုရေးဖောက်ပြန်မှု။ အဲဒီစကားလုံးတွေသာ နားထဲမှာ ထပ်ခါတလဲလဲ ကြားယောင်နေပြီး အဆောင်ဝံရံတာမှာ တစ်ညလုံးထွက်ထိုင်နေခဲ့သည်။ ဆောင်းလေ၏ချမ်းအေးမှုကိုလည်း ဂရုမပြုနိုင်။ ကြောက်ရုပ်တစ်ခုလို ငြိမ်သက်နေတာတော့ သေချာသည်။ မေက သစ္စာမဲ့တဲ့ ယုတ်မာတဲ့လူမျိုးဆို သိပ်မုန်းသတဲ့လား …
xx xx xx
ကျွန်တော် အလုပ်သင်ဆရာဝန်ပြီးစတွင် အောက်ခြေလူတန်းစားများသာ နေထိုင်သော မြို့ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာ ဆေးခန်းလေးတစ်ခု ဖွင့်ခဲ့သည်။ လူနာများကလည်း အားကိုချစ်ခင်ကြသဖြင့် ပျော်ရွှင်ပီတိဖြစ်ခဲ့ရပါသည်။ တစ်နေ့ ကျွန်တော့်ဆေးခန်းကို ဗိုက်နာသည်ဟုဆိုကာ လူနာကောင်မလေးတစ်ယောက် ရောက်လာခဲ့ပါသည်။ ဆေးခန်းအကူကောင်လေးကလည်း ဒီနေ့မှ အလုပ်ကိစ္စရှိသည်ဟုဆိုကာ မလာနိုင်။ အဲဒီတော့ လူနာကောင်မလေးနှင့် ကျွန်တော်နှစ်ယောက်တည်း စမ်းသပ်ခန်းထဲမှာ မသင့်တော်မှန်းသိသည်။ သို့သော် လူနာမလေး၏ရောဂါဝေဒနာက ပိုအရေးကြီးသည်မဟုတ်လား။ ထို့ကြောင့် စမ်းသပ်ခန်းထဲမှာ လူနာမလေးနှင့် ကျွန်တော်နှစ်ယောက်တည်း။ ဟိုနားကနာသည်။ ဒီနားကနာသည်နှင့် အမျိုးမျိုးညည်းဆိုနေသော လူနာမလေးကြောင့် ကျွန်တော်စိတ်ရှုပ်သွားရသည်။ ပိုပြီး စိတ်ရှုပ်သွားစေတာက
''လာကြပါအုံးရှင်။ ဒီမှာ ကျွန်မကို မတရား ကြံစည်နေပါတယ်''ဟု အော်ဟစ်လိုက်ရာ ကျွန်တော့်မှာ နားကြပ်ကို ပစ်ချပြီး ဘာလုပ်လို့ ဘာကိုင်းရမှန်းမသိဖြစ်သွားရသည်။ လုံးဝထင်မှတ်မထားသည့် အဖြစ်အပျက်ကြောင့် လူတစ်ကိုယ်လုံး ပူရှိန်သွားရသည်။ သတိလစ်သွားသလို မျက်လုံးပြူး မျက်ဆံပြူးနှင့် ကြောင်ရပ်နေမိသည်။ ပြီးမှ အသိဝင်လာကာ လူနာမလေးပါးစပ်ကို မြန်မြန် အုပ်ထားလိုက်ရသည်။ နောက်ကျသွားပါပြီ။ တကယ်ကို နောက်ကျသွားခဲ့ပါပြီ။ လူနာမလေး၏အမေနှင့် ဆွေမျိုးတွေပါလိုက်လာပြီး ကျွန်တော်ဘာမှ မကျူးလွန်လိုက်ရပါဘဲ လူယုတ်မာဟု ခေါင်းစဉ်အတပ်ခံလိုက်ရသည်။ လက်ညှိုးငေါက်ငေါက်အောက်မှာ ခေါင်းငုံ့ခံနေရမှလွဲ၍ ဘာမှမတတ်နိုင်တော့။ နောက်ဆုံး ကောင်မလေးဘက်က စိတ်ကျေနပ်အောင် တရားရုံးမှာ လက်မှတ်ထိုးပေးလိုက်ရသည်။ ကျွန်တော့်သိက္ခာ ကောင်မလေးအရှက်ကို ငဲ့ကွက်ပြီး အဲဒီနေ့မှာပဲ လျော်ကြေးပေး ကွာရှင်းပေးလိုက်သည်။ လူအများအမြင်မှာတော့ ကျွန်တော်ဟာ အိမ်ထောင်ကျဖူးသူ။ ကိုယ့်ဆေးခန်းကို လာပြသည့် လူနာမလေးနှင့် ချစ်ကြိုက်ရည်ငံသူ။ ဆရာဝန်ကျင့်ဝတ်ကို ချိုးဖောက်သူ။ လူမှုရေး ဖောက်ပြန်သူ။ စွဲချက်အမျိုးမျိုးဖြင့် အိမ်တွင်းမှ အိမ်ပြင်မထွက်ရဲလောက်အောင် စိတ်ထိခိုက်သွားရသည်။
''ကို ဘာတွေစဉ်းစားနေတာလဲ။ မေ ရောက်နေတာ ကြာလှပြီ''
မေစကားကြောင့် ကျွန်တော့်အတွေးစများ လွင့်စင်သွားသလို ထိတ်လန့်တုန်လှုပ်သွားရပါသည်။ မေက လက်ဆွဲအိတ်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး
''ကိုကတော့လေ ကလေးလေးကျနေတာပဲ ဆန်ပြုတ်တွေလည်း မသောက်ဘူး''
ကျွန်တော် မေ့မျက်နှာကို စောင်းငဲ့ကြည့်လိုက်တော့ မေနှင့်အကြည့်ချင်းဆုံမိသည်။
''မေ … ''
''ပြောလေ ကို''
ကျွန်တော့်အမှားကြီးကို ဖွင့်ပြောလိုက်ရင် မေစိတ်ဆိုးသွားလေမလား။ နာကျည်သွားလေမလား။ ကျွန်တော် စိတ်ရှုပ်စွာနှင့်သက်ပြင်းရှည်ကြီးချမိသည်။
''ကို ဘာပြောမလို့လဲ ပြောလေ''
မေက ကျွန်တော်မျက်နှာကို စိုက်ကြည့်နေတော့ ကျွန်တော့်ရင်တွေ ပိုခုန်လာသည်။
''ဟိုလေ … တကယ်လို့ ကို့မှာ ပြန်ပြင်လို့မရတဲ့ အမှားကြီးရှိနေတယ်ဆိုရင် မေ ကို့ကို ခွင့်လွှတ်မှာလားဟင်''
ကျွန်တော့်စကားဆုံးတော့ မေက ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်။ ပြီးနောက် မေက ပြူတင်းပေါက်ဆီကို လျှောက်သွားရင်း
''လူတိုင်း အမှားနဲ့ မကင်းကြပါဘူး ကို။ ဒါပေမယ့် ခွင့်လွှတ်လို့ ရတဲ့အမှားနဲ့ ခွင့်လွှတ်လို့ မရတဲ့အမှားဆိုပြီးရှိတယ်။ အဲဒီထဲက ခွင့်လွှတ်လို့ မရတဲ့အမှားမျိုးဆိုရင် မေကတော့ ဘယ်တော့ နောက်ပြန်လှည့်ကြည့်မှာ မဟုတ်ဘူး''ဟု အေးဆေးတည်ငြိမ်စွာ ဆိုလေသည်။ ကျွန်တော့်မှာ ဘာမှမပြောနိုင်ဘဲ နှုတ်ဆိတ်ငြိမ်သက်နေမိသည်။ နောက်မှသိတာထက်စာရင် အခုကတည်းက ဖွင့်ပြောလိုက်တာ ကောင်းပါတယ်လေဟု ဆုံးဖြတ်ကာ …
''မေ … မေနဲ့ချစ်သူရည်းစားမဖြစ်ခင် ကို အိမ်ထောင်ကျဖူးတယ်''
ကျွန်တော့်စကားအဆုံးမှာ မေက ကျွန်တော့်ဘက်ကို ချာခနဲ လှည့်လာသဖြင့် ကျွန်တော်ခေါင်းငုံ့ထားလိုက်ရသည်။ ပြီးတော့ တံတွေးကို ဂလုခနဲ မျိုချလိုက်ပြီး
''မေ ကို့ကို လုံးဝခွင့်မလွှတ်ပါနဲ့။ ကိုဟာ ကို့ရဲ့အမှားကြီးကို လိမ်ညာဖုံးကွယ်ပြီး မေ့အချစ်ကို ရယူခဲ့တဲ့ လူယုတ်မာ။ မေ ကို့ကို နာကျည်းမုန်းတီးလိုက်ပါ။ မေ ကို့ကို တစ်သတ်လုံးနောက်တရအောင် ပြစ်ဒါဏ်ခတ်လိုက်ပါ''
ကျွန်တော့်မျက်ဝန်းမှ မျက်ရည်စများ စို့တက်လာသည်။ ဘယ်မိန်းကလေးရှေ့မှ မျက်ရည်မကျဖူးပေမယ့် မေ မုန်းသွားမှာ သိနေသဖြင့် ဟန်မဆောင်နိုင်အောင် ဝမ်းနည်းမိလေသည်။
''အဲ့ဒီအမှားက ကိုကျူးလွန်ခဲ့တဲ့အမှားမှ မဟုတ်တာ၊ အတ္တသမားတချို့ရဲ့ အကွက်ကျကျ ကြံစည်မှုပဲ''
မေ့စကားကြားတော့ ကျွန်တော် မေ့မျက်နှာကို ဖျက်ခနဲ မော့ကြည့်လိုက်သည်။ မေက ပြုံးပြုံးလေးနှင့် ကျွန်တော့်ကို စိုက်ကြည့်နေတာ တွေ့ရသဖြင့် မျက်ခုံးနှစ်ဖက် မြင့်တက်သွားရသည်။
''ဒါဆို … မေက ကို့အကြောင်းတွေ သိထားပြီးသားပေါ့''
မေက ဖြည်းဖြည်းချင်းခေါင်းညိတ်ပြသည်။ ကျွန်တော် ဝမ်းသာသွားရကာ မျက်ရည်များကို လက်ခုံနှင့် ကပျာကရာ သုတ်လိုက်သည်။
''ဒါ ဒါဆို မေ ကို့ကို ခွင့်လွှတ်တယ်ပေါ့။ မမုန်းဘူးပေါ့''
မေက ဘာစကားမျှမဆိုဘဲ မျက်စိတ်မှိတ်ကာ ခေါင်းညိတ်ပြသဖြင့် ကျွန်တော် ဟက်ခနဲတစ်ချက်ရယ်ကာ မေ့ကိုယ်လုံးလေးကို ဆွဲပွေ့ထားလိုက်သည်။ မေ့ကိုယ်လုံးလေက ကျွန်တော့်ရင်ခွင်ထဲကို အလိုက်သင့်ပါလာသည်။ မေ့ပါးလေးက တဒိတ်ဒိတ်ခုန်နေသည့် ကျွန်တော့်နှလုံးသားနှင့် ထိကပ်လျှက် …
''မေရယ် … မေ့အပြုံးက အပြာရောင်စမ်းချောင်းလေးထက် ပိုအေးချမ်းပါလားကွယ် … ''
--------------------------
အာကာခေတ်ပိုင်

1 comment:

  1. Playtech Hotel and Casino | MapyRO
    Visit 하남 출장마사지 MapyRO. Hotel and Casino. Find your way around the 울산광역 출장안마 casino, find where everything is located with a map. No 속초 출장샵 matter where 서울특별 출장안마 you're located, the 계룡 출장안마

    ReplyDelete

ဝေဖန် အကြံပြုခဲ့ပါအုံး