25.4.14

ပေါက်မဲ



ကျောင်းသွားခါနီး သားလေးက သူ့အဖေခြင်ထောင်ထဲကို ဝင်လာပြီး
''ဖေဖေ သားကျောင်းသွားတော့မယ်။ မုန့်ဖိုးပေး''လို့ မဝံ့မရဲလေးနဲ့ ပြောတယ်။ သားအသံကြားတော့ အဖေလုပ်သူနိုးလာပြီး မျက်စိနှစ်ဘက်ကို ပွတ်တယ်။ ပြီးတော့ အကြောဆန့်လိုက်ရင်း
''သားမေမေက ဘယ်သွားတုန်း။ မုန့်ဖိုးမပေးခဲ့ဘူးလား''
''မေမေ မနက်အစောကြီးကတည်းက ဈေးရောင်းထွက်သွားပြီ။ ဒီနေ့ ကုန်စိမ်းဝယ်လိုက်တာ ပိုက်ဆံမရှိတော့လို့ သားဖေဖေဆီက တောင်းတဲ့''

မေ့အပြုံးက အပြာရောင်စမ်းချောင်းလေးထက် ပိုအေးချမ်းတယ် ...


လေဟာနယ်တစ်ခုထဲသို့ ဆွဲပစ်ခံရသူတစ်ယောက်ပမာ ရင်ထဲမှာ ဘာမှမရှိတော့သလို ဟာခနဲ ခံစားလိုက်ရသည်။ ပြန်လည်ငြင်းဆန်ဖို့ ကြိုးစားကြည့်ပါသော်လည်း ပါးစပ်က အာစေးထည့်ထားသလို စကားလုံးတို့ ပွင့်အံမလာခဲ့။ အဓိပ္ပာယ်အမျိုးမျိုးဖြင့် ဝိုင်းကြည့်နေကြသည့် လူအုပ်ကြီး။ တချို့က အံ့သြမှုကြောင့် စုတ်တသပ်သပ်။ တချို့က မဖြစ်နိုင်ဘူးဆိုသည့်သဘောဖြင့် ခေါင်းတယမ်းယမ်း။ တချို့က ရွံ့မုန်းစရာအဖြစ်။ တချို့က ... ။ တချို့က … ။ စုပြုံကျရောက်လာသည့် မျက်ဝန်းများကို ရင်မဆိုင်ရဲတော့သလို ရှက်စိတ်၊ နာကျည်းစိတ်၊ ဝမ်းနည်းစိတ်၊ အားငယ်စိတ်တို့နှင့်အတူ အသားတွေ တဆတ်ဆတ်တုန်ယင်လာသည်။ ခန္ဒာကိုယ်ပေါ်သို့ လေးပင်သည့်အရာဝတ္ထုတစ်ခုနှင့် ဖိထားသလို ခံစားနေရပြီး အသက်ရှူမဝတော့ဘဲ မောဟိုက်လာသည်။ အသက်ရှူနှုန်းတို့ မြန်ဆန်လာသည်။ ပင်ပန်းနွမ်းနယ်လာသည်။ ဒါမဟုတ်ဘူး။ ဒါအိပ်မက်ဟု အသိစိတ်က နှိုးဆွချိန်မှာ ကျွန်တော့်တစ်ကိုယ်လုံး ချွေးစေးတို့ဖြင့် စေးကပ်နေပြီ။ အာခေါင်တွေ ခြောက်ကပ်နေပြီ။ ဖျတ်ခနဲ သတိရမိသည်က ကျွန်တော်သိပ်ချစ်ရသောမေ။
xx xx xx

ငြိုးမာန်


ခွေးနက်ကြီးတစ်ကောင်က ကျွန်တော်နောက်ကနေ မာန်ဖီပြီး အသည်းအသန်လိုက်နေတယ်။ ခွေးနက်ကြီးရန်က လွတ်အောင် ကျွန်တော်က ရှေ့ကနေ အသည်းအသန်ပြေး ခွေးနက်ကြီးက နောက်က လွှားခနဲ့ လွှားခနဲ လိုက်နဲ့ တကယ့်ကို တုန်လှုပ်ချောက်ချားစရာပါပဲ။ အော်ဟစ်အကူအညီတောင်းဖို့လည်း လမ်းတစ်လမ်းလုံး လူသူကင်းမဲ့နေတယ်။ ညကလည်း မှောင်မိုက်တိတ်ဆိတ်လို့။ ဘယ်လောက်ပဲ သွေးရူးသွေးတန်းပြေးပြေး နောက်ဆုံးတော့  ခွေးနက်ကြီးက မီသွားတဲ့အခါချည်းပဲ။ တစ်ခါတလေ ခွေးနက်ကြီးပါးစပ်ကို အားသကုန်ဖြဲပြီး အနိုင်သတ်နိုင်တဲ့အခါရှိသလို တစ်ခါတလေ ခွေးနက်ကြီးက ကျွန်တော့်နောက်ကနေ ခုန်အုပ်လိုက်ပြီး ကျွန်တော့်လည်ပင်းကို ကိုက်ဖောက်သွေးသောက်တဲ့အခါလည်း ရှိခဲ့ဖူးတယ်။

27.1.14

Facebook Syndrome ( ဖေ့ဘွတ်ခ်ရောဂါ)


အလုပ်က ခွင့်ယူပြီး မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ မိဘနှစ်ပါးဆီ စိတ်လက်ပေါ့ပါးလန်းဆန်းပြီး ပြန်ခဲ့တယ်။ အညာရွာဆိုတဲ့အတိုင်း ကျွန်တော်တို့ရွာလေးက သစ်ပင်ကျိုးတို့ကျဲတဲနဲ့ တိတ်ဆိတ်ခြောက်ကပ်လို့။ ကျွန်တော်တို့ရွာက ပျော်ဘွယ်-နတ်မောက် ကားလမ်းမပေါ်မှာ ရှိတော့ အင်တာနက်လိုင်းနည်းနည်းမိတယ်။ တခြားရွာတွေထက် သာတယ်လို့ ကြံဖန်ဂုဏ်ယူရလိမ့်မယ်။ အဲ ဒါပေမယ့် စားဖို့ သောက်ဖို့ ကုန်းရုန်းရှာနေရတာရယ်၊ အင်တာနက်ဆိုတာ ဘာနတ်လဲ၊ ရွာထိပ်မှာ ကိုးကွယ်တဲ့ အဘမြင်းဖြူရှင်နတ်နဲ့ဘာတော်လဲ စတဲ့မေးခွန်းတွေ ပလုံစီနေမှာပဲ။ ပညာရေးအသိပညာနိမ့်တဲ့ ကျွန်တော်တို့ရွာသားတွေက အင်တာနက်လိုင်း ဘယ်လောက်ကောင်းကောင်း မသုံးတတ်ကြဘူး။ သုံးရကောင်းမှန်းလည်း မသိကြဘူးဆိုတော့ စိတ်ထဲအားမလို အားမရဖြစ်မိတယ်။ အဲဒီလိုတွေးရင်းနဲ့ သျှမ်းမြေလတ်ကားပေါ်ကဆင်း အထုပ်အပိုး လက်ကဆွဲပြီး အိမ်ကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ တကျွိကျွိ၊ တအိအိနဲ့ မောင်းလာတဲ့ နွားလှည်းတစ်စီးကို တွေ့ရတယ်။ လှည်းနောက်မှာ ဖုန်လုံးကြီးက တလိပ်လိပ်ကပ်လိုက်လာလို့ပေါ့။
''ဟေး … တင်ဆန်းနဲ့ရွှေမိပါလားဟ''

17.12.13

မြူခိုးဝေတဲ့ဆောင်း

''ထိုင်မယ်နော် … ''ဆိုတဲ့ အသံကြောင့် ပါးစပ်ဝရောက်နေတဲ့ ထမင်းဇွန်းကို ပြန်ချပြီး မော့ကြည့်မိတယ်။ အသက်ရှစ်ဆယ်ဝန်းကျင်ရှိမယ့် အဘွားအိုတစ်ဦးက သူ့ကို ပြုံးပြီး စိုက်ကြည့်နေတာကို တွေ့ရတယ်။ သူ ခေါင်းညိတ်ပြချိန် မရခင်မှာဘဲ အဘွားအိုက ခုံတစ်လုံးကို ဆွဲယူပြီး သူ့စားပွဲမှာ ထိုင်ပြီးနေပြီ။ လက်ကဆွဲလာတဲ့ အထုပ်တွေ ပလုံးတွေကို နောက်ထပ် ခုံတစ်လုံး ဆွဲယူပြီး တင်နေတယ်။ အချမ်းဒါဏ်ကို ကာကွယ်နိုင်အောင်ထင်ပါရဲ့။ အနွေးထည် သုံးထည်ကို အထပ်လိုက် ဝတ်ထားတယ်။ ခပ်နွမ်းနွမ်း အနွေးဦးထုပ်ရဲ့အောက်မှာ ခြောက်ကပ်ကပ် ဆံပင်ဖြူတွေက ဖြာကျနေတယ်။ သူ စိုက်ကြည့်နေတာ သိလို့လားမဆိုနိုင်ဘူး။ အဘွားအိုက နဂိုရှိပြီးသား ပါးရေကို ပိုတွန့်သွားအောင် ပြုံးပြတယ်။ ဖြူစင်တဲ့အပြုံး။ အေးချမ်းတဲ့အပြုံးလို့ သူမှတ်ချက်ချပြီး အလိုက်သင့် ပြန်ပြုံးပြလိုက်တယ်။
''အဘွား ဒီမှာ ဆရာထိုင်နေတာ … ဟိုဘက်စားပွဲမှာ သွား … ''

3.12.13

အရောင်မဲ့လိပ်ပြာ


                      အသွားထက်နေသော ဓားနှင့် ဝမ်းဗိုက်ပေါ်ရှိ ချိန်ရွယ်ထားသည့်နေရာတွင် တည့်တည့် ထိုးဖြဲလိုက်သည်။ အရေပြားသည် တိခနဲ ရိခနဲ၊ အဆီပြင်သည်လည်း စွိခနဲ ဗျိခနဲ။ သွေးပုပ်တို့က ဝေါခနဲ ဗြောခနဲ၊ အလုပ်သမား ကိုဝင်းမောင်၏လက်ထဲမှ ကင်မရာသည်လည်း ဖျက်ခနဲ လက်ခနဲ၊ သွေးညှီနံ့နှင့် အော်ကလီဆန်စရာ ပုပ်အဲ့အဲ့နံ့က ထောင်းခနဲ ဟောင်းခနဲ …
                      အဆီပြင်တဝင်းဝင်းနှင့် အူတို့သည် အလိပ်လိုက် အခွေလိုက် အထပ်လိုက်။ အူများကို အပုံလိုက်ဖယ်ရှားကာ ပစ်မှတ်နေရာကိုသာ ဦးတည်ရှာဖွေကြည့်သည်။ အတွင်းကလီစာများကို တစ်ခုချင်းစီ ဆန်းစစ်ကြည့်သည်။ သူထင်သည့်အတိုင်ပင်။ အသည်းသည် ချွန်ထက်သော လက်နှက်ကြောင့် မြင်မကောင်အောင် ဒါဏ်ရာဒါဏ်ချက် ဗရပွနှင့် …

25.11.13

ချယ်ရီပန်းတို့ လန်းစေလို


ပတ်ဝန်းကျင်တစ်ခုလုံး နှင်းမြူများနှင့် အုံ့ဆိုင်းနေသည်။ အရှေ့ဘက်တောင်တန်းကြီးကိုပင် ခပ်ရေးရေးမှေးမှေးအဖြစ်နှင့်သာ မြင့်တွေ့နေရသည်။ နေရောင်ခြည်ထွက်ပေါ်လာလျှင်တော့ ခပ်နွေးနွေးဖြစ်လာပေလိမ့်မည်။ အခုတော့ လေတစ်ချက်ဝှေ့လိုက်တိုင်း ရင်ထဲမှာ စိမ့်ခနဲ သိမ့်ခနဲ အေးချမ်းသွားရသည်။ လမ်းဆင်း လမ်းတက်များကို လျှောက်လာခဲ့ရသဖြင့် ချွေးနည်းနည်းတော့ စို့ချင်လာသည်။ သို့ပေမယ့် ချမ်းအေးလို့နေတုန်း။ ပါးစပ်ဟလိုက်တိုင်း အာငွေ့တွေ ထောင်ထောင်းထလို့နေတုန်း။
''ဟိုအရင်တုန်းက ဒီလမ်းတစ်လျှောက်မှာ ချယ်ရီပင်ကြီးတွေ ဝေဝေဆာဆာပွင့်ဖူးခဲ့ကြတယ်လို့ ဖေဖေက ပြောဖူးတယ် … ''

21.11.13

တောင်တန်းပျော်


''မကြာမီ အချိန်တွင်းမှာ တောင်တန်းပျော် စိန်နပန်မီးပုံးပျံကြီး လွှတ်တင်တော့မှာ ဖြစ်ပါတယ် … ''လို့ မိုက်ခရိုဖုန်းက ကြောညာလိုက်တယ်ဆိုရင်ပဲ မီးပုံးပျံကွင်းကြီးတစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတယ်။ နှောင် နှောင် နှောင်ပိန်နှောင် နှောင်ပိန်နှောင်ဆိုတဲ့ ရှမ်းအိုးစည်တီးသံနဲ့အတူ ရှမ်းရိုးရာအကနဲ့ သက်ဝင်လှုပ်ရှားလို့။ ရိုးရာသီချင်းတွေကို သံပြိုင်ဟစ်ကြွေးလို့။ ဆလိုက်မီးမောင်းက အဲဒီလူအုပ်ကြီးကို တည့်တည့်ထိုးထားတယ်။ သူတို့ရဲ့မျက်နှာတွေပေါ်မှာ ပျော်ရွှင်တက်ကြွနေတဲ့ ဟန်ပန်တွေက အထင်သား၊ အတိုင်းသား။ တန်ဆောင်တိုင်လပြည့်ညရဲ့ ဖိုးရွှေလမင်းမှာလည်း ဝိုင်းဝိုင်းစက်စက်နဲ့ အစွမ်းကုန် ထွန်းလင်းတောက်ပနေလေရဲ့။ ပွဲခင်းကြီးတစ်ခုလုံးမှာတော့ ဖုန်မှုန့်တွေလား … မြူတွေဆိုင်းနေတာလား …. နှင်းတွေကျနေတာလား … အကြော်ဆိုင်တန်းတွေဆီက ပျံလွင့်လာတဲ့ မီးခိုးငွေ့တွေလား မဝေခွဲတတ်။ သေချာတာကတော့ ပွဲခင်းတစ်ခုလုံး အဖြူရောင် ဇာပဝါပါလေး လွှမ်းခြုံထားသလို မှိုင်းပြပြ မှုန်ဝါးဝါးနဲ့။
''ဟိုး … မှာ သေချာကြည့်လိုက် အောင်ကိုဇော် ''

7.11.13

ကျိန်စာသင့်တဲ့ အသိုက်


''ကိုသန်းလှိုင်ကြီး ဆုံးပြီ … ''
မနက်စောစော ကြားလိုက်ရတဲ့ သတင်းဆိုးက ရွာတော်ရွာတစ်ရွာလုံးကို အံ့အားသင့်သွားစေတယ်။  ''မနေ့က ငါနဲ့တွေ့တုန်းက အကောင်းကြီးပါ … သနားစရာ''လို့ စုတ်တသပ်သပ်နဲ့ဆိုတဲ့သူတွေရယ်။ ''အင်း … ဆိုးလိုက်တဲ့ကံနှယ် … ဝဋ်ကျွတ်သွားတာပေါ့ကွယ် … ''လို့ တရားသဘောနဲ့ဆိုတဲ့ လူကြီးသူမတွေရယ်။ ''အရက်ဒီလောက်သောက်နေတာ … နှလုံးလေရိုက်သွားတာဖြစ်ရမယ် … ''လို့ မှန်းဆပြောတဲ့ ဆေးဆရာရမ်းကုတွေရယ်။ ''ဒါ အစိမ်းသေလို့ ခေါ်တယ် … သရဲစားတာနေမှာ … ''လို့ ကိုယ်ထင်ရာ၊ မြင်ရာ ပြောတဲ့ ကာလသားတွေရယ်နဲ့ ရွာတော်ရွာမှာ ဒီသတင်းက တစ်စ တစ်စနဲ့ တောမီးလို့ ပျံ့နှံ့လို့ သွားတယ်။ ကိုသန်းလှိုင်မိန်းမ မဆန်းရင်က အဲဒီသတင်းလည်းကြားရော အိမ်ရှေ့ရေကပြင်မှာ ငူငူကြီးထိုင်ပြီး ငိုလည်းမငို၊ စကားလည်းမပြောနဲ့ အနောက်မြောက်အရပ်ကိုပဲ  ငေးမောနေလေရဲ့။

5.11.13

အလင်းမဲ့ည


“ဟဲ့… ကလေးတွေ ရေတွေမဆော့ပါနဲ့ဆို ဘယ်နှစ်ခါပြောရမလဲ ၊ အအေးပက်ကုန်တော့မှာပဲ“
                     မသိန်းနွဲ့က မီဖိုချောင်းထဲမှာ ထမင်းအိုးငှဲ့နေရင်း လှမ်းအော်လိုက်၏။ ကလေးငယ်သုံးယောက်က မအေ့စကားကို နားမထောင်အား အိမ်ရှေ့တံစက်မြိတ်အောက်ရှိ ရေစည်ပိုင်းထဲမှ ရေများကို ဗွမ်းဗွမ်းဆော့၏။ ရွှဲရွှဲစို၏။ ပြဲပြဲအော်၏။
“ဟဲ့… ပြောလို့မရဘူးလား၊ ဆော့ကြ ဆော့ကြ နင်တို့ပထွေးဆေးဆရာကိုမြသောင်းကိုပဲ လုပ်ကျွေးကြ၊ ငါနှယ် မပြောလိုက်ချင်ဘူး“
                     မသိန်းနွဲ့က တဗျစ်တောက်တောက်ပြောရင်း ထမင်းအိုးကို မီးဖိုပေါ်သို့ တင်လိုက်၏။ လက်နှီးစုတ်မပါသောကြောင့် လက်ပူသွားရကာ နားရွက်ဖျားကို ဖျက်ခနဲကိုင်ထားလိုက်မိ၏။
“မီးကပူလိုက်သေးတယ်၊ ဒီကလေးတွေက ပြောမကောင်းဆိုမကောင်းနဲ့တော့ ငါ့လက်နဲ့တွေ့တော့မယ် ဟင်း … “
                     အိမ်ရှေ့ခန်းတွင် အရက်သောက်နေသော ကိုသောင်းတင်မှာ ဇနီးသည်မသိန်းနွဲ့၏ လုပ်ပုံကိုင်ပုံများကိုငေးကြည့်ရင်း ခေါင်းတဆတ်ဆတ်ညိတ်နေလေ၏။ ယင်းနောက် လက်ကျန်ခွက်ကလေးအား တစ်ကျိုက်တည်းမော့၍မော့၍ သောက်လိုက်ရင်း-
“သိန်းနွဲ့ရယ် ပြောမနေစမ်းပါနဲ့၊ နင်ပြောလည်းရတာမဟုတ်ဘဲနဲ့၊ ဘေးအိမ်ကကြားလို့မကောင်းပါဘူးဟာ“
“ဘာ ….“

22.9.13

အလင်းတစ်ခု၏အမှောင်ခြမ်း


                  ''ကိုကျော်နိုင်ကို စိတ္တဇဆေးရုံကို ပို့လိုက်ရပြီတဲ့ … ''
                   မောင်စိုး၏ အဆက်အစပ်မရှိသည့် စကားကြောင့် ကိုစိုပြေ မျက်လုံးပြူး ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး လက်ထဲက သောက်လက်စ အရက်ခွက်ကို စားပွဲပေါ်သို့ ခွက်ခနဲ ဆောင့်ချလိုက်သည်။ တက်တစ်ချက်လည်း ခပ်ပြင်းပြင်းခေါက်မိသည်။ ထို့နောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ စားပွဲပေါ်သို့ ဒုန်းခနဲ ထုလိုက်ပြန်သည်။ ပါးစပ်မှလည်း ''မိန်းမ … မိန်းမ … ''ဟု ခပ်တိုးတိုးလေး ရွတ်ဆိုနေရုံသာမက သူ့မျက်နှာမှာ နာကျည်းမှုတို့ ရုတ်ချည်း ပြောင်းလဲသွားသည်။ မျက်ဝန်းတို့မှာ ဒေါသခိုးတို့ တငွေ့ငွေ့ တောက်လောင်နေသည်။ သူ့ဘေးတွင် ခပ်ယို့ယို့လေး ရပ်နေသော မောင်စိုးဘက်သို့ စောင်းငဲ့ကြည့်လိုက်ရင်း …
''ဘယ်အချိန်ကလဲ … ''ဟု ဖြည်းဖြည်းမှန်မှန်နှင့် မေးလိုက်သော်လည်း သူ့အသံက ခြောက်ကပ်ကပ်…
''မနေ့ညကပါဆရာ … စိတ်ဖောက်သွားလို့ ရပ်ကွက်လူကြီးတွေစုပြီး ပို့လိုက်တာတဲ့၊ အံ့သြစရာကောင်းတာက ကိုကျော်နိုင်မိန်းမက ဆေးရုံတောင် လိုက်မသွားဘူးတဲ့''

18.8.13

တောင်မှာ မိုးတွေညို့ရင် ...


   

                 ''အရှေ့ဘက်ကွက်သစ်မှ မမြရင် မလေးရှားမှ ကိုလမ်းဘို ဖုန်းလာနေလို့ အခုအမြန်ဆုံး ရောက်အောင်လာခဲ့ပါ''
ရွာလည် ဓာတ်စက်ဆီမှ အော်သံကြားတာနဲ့ တပြိုင်နက် မမြရင်တစ်ယောက် ကခုန်မတတ် အပျော်ကြီး ပျော်သွားရတယ်။ အခုလို နေဝင်မိုးချုပ်ဆို မလေးရှားက ဘယ်သူများ ဖုန်းဆက်လေမလဲလို့ စောင့်မျှော်ကြရတာ ရွာတော်ရွာတစ်ရွာလုံး ထုံးစံလိုလိုကို ဖြစ်နေပြီမဟုတ်လား။ ငွေလွှဲဖို့ဆက်တဲ့သူ၊ သတိရလို့ ဆက်တဲ့သူ၊ ''အို''ဖြစ်သွားလို့ အလုပ်အကိုင်အဆင်မပြေတဲ့သူနဲ့ ဖုန်းဆက်ကြတာများ ကျွက်ကျွက်ကို ညံလို့။
မမြရင်လည်း ပျစ်လက်စ သက်ကယ်ကို ချပြီး ဖျင်လုံချည်ကို ကပျာကရာ ပြင်ဝတ်လိုက်တယ်။ ပြီးတော့ ပါးစပ်ကလည်း ''လာပြီတော်ရေ့ … လာပြီ''လို့ ပြန်အော်လိုက်တယ်။ ဖုန်းဆိုင်က မကြားပေမယ့် မမြရင် ရင်ခုန်ရလွန်းလို့ အော်မိအော်ရာ အော်လိုက်တာပါ။ ဟုတ်တယ်လေ။ မမြရင် အမျှော်ကြီး မျှော်နေရတဲ့ လင်တော်မောင် ကိုလမ်းဘိုဖုန်း။ လာပြန်တော့လည်း ဆိုင်မဆင့်ဗုံမဆင့်နဲ့။ မမြရင် ကြည်နူးရသလို ဝမ်းသာမဆုံး တပြုံးပြုံးဖြစ်သွားရတယ်။

11.8.13

ရေခဲချောင်းသည်ကြီး


''ကလင် … ကလင် … ကလင်''
''အုန်းမွှေးလုံး၊ ဓားလှီး၊ နို့မလှိုင်၊ သံပရာပေါင်း … ''
အညာနွေရဲ့ နေပူကျဲကျဲမှာ လေးလေးပင်ပင် ဆွဲအော်လိုက်တဲ့ အသံက တိတ်ဆိတ်နေတဲ့ ရွာတော်ရွာတစ်ရွာလုံးကို တန့်လန့်လှုပ်နှိုးလိုက်သလိုပါပဲ။ အထူးသဖြင့် ကလေးသူငယ်တွေ လှုပ်လှုပ်ရွရွဖြစ်ကုန်တယ်။ ခွက်ဆွဲသူဆွဲ၊ ငိုယိုသူငို၊ မအေဆီ ရေခဲချောင်းဖိုးမပေးလို့ ဂျီကျသူကျနဲ့ ပွက်လောရိုက်ကုန်တော့တာပဲ။ ကွက်ပျစ်ပေါ်မှာ ငိုက်မြည်းနေတဲ့ ဘကြီး၊မေကြီးတွေ လန့်နိုးကုန်တယ်။ အိမ်အောက်မှာ သက်ကယ်ပျစ်နေတဲ့ အပျိုမတစ်သိုက်လည်း ပွစိပွစိ ဖြစ်ကုန်တယ်။

22.5.13

ဝေဖန်မှု


အဲဒီလက်နက်က
စိတ်ဓာတ်ကို ပရမ်းပတာ ထိုးနှက်
ခေါင်းမဖော်ဝံ့အောင်
ခြေမှုန်းဖျက်ဆီးတယ်။

20.5.13

လူ

ပြောသင့်၊ မပြောသင့်၊
စားသင့်၊ မစားသင့် မသိ
ပါးစပ်ကို လိုတာထက် ပိုလှုပ်ရှားခိုင်းတယ် …
ကောင်းကောင်း၊ မကောင်းကောင်း
အကျိုးရှိရှိ၊ မရှိရှိ မစဉ်းစား
လျှာကို လိုတာထက် ပိုအလုပ်ပေးတယ် …

16.5.13

ဇာတ်မင်းသားဖြစ်လို့ကတော့ ...


''စဥ့်အိုးကို အိမ်မြှောင်ကပ်နေတယ်ဟေ့ … ''
ကိုကျော်မိုးအသံကြောင့် မဟာနွယ်လက်ဘက်ရည်ဆိုင်ထဲက လူတွေအကုန်လုံး တခွီးခွီးရယ်ကြတယ်။ ဘာဖြစ်ရမှာလဲ။ လူကောင်ကြီးထွားတဲ့ တုတ်ကြီးနဲ့ သူ့မိန်းမအသေးလေးတို့ လက်ဘက်ရည်ဆိုင်ထဲ ဝင်လာတာကို စဥ့်အိုးကို အိမ်မြှောင်ကပ်နေတယ်လို့ လှမ်းစလိုက်တာ။ တုတ်ကြီးတို့ လင်မယားလည်း ရှက်လွန်းလို့ မျက်နှာတွေ ရဲခနဲဖြစ်သွားတယ်။ ကိုကျော်မိုးဆိုတဲ့လူက အဲဒီလိုလူပါဆို။ အစအနှောက်အရမ်းသန်တာ။ ပျော်တတ်တာလည်း ပါမှာပေါ့။ ကိုကျော်မိုးအကြောင်း မသိသူတွေကတော့ လူပျော်ကြီး၊ လူနောက်ကြီးလို့ ထင်ရပေမဲ့ တကယ့် တကယ်ကျတော့ ကိုကျော်မိုးရဲ့ဘဝက ရင်ထဲက အပူမီးတွေကို ပျော်ရွှင်စရာတွေနဲ့သာ ဖုံးဖိဖို့ ကြိုးစားခဲ့ရတာကိုး။
xx xx xx

22.4.13

သူငယ်ချင်း


သူငယ်ချင်း
မင်းအပြုံးတွေ အသက်မပါတော့ဘူး
လောကကြီးကို စိတ်နာနေတယ်ဆိုတာ ငါ သိတယ်။
သူငယ်ချင်း
မင်းမျက်လုံးတွေ အရောင်မလက်တော့ဘူး
တစ်ခုခုကို စိုးရိမ်နေတယ်ဆိုတာ ငါ သိတယ်။

3.4.13

သံယောဇဉ်ဆွဲအားက ကမ္ဘာမြေဆွဲအားထက်ပိုတယ် ...


ဟူး . . .
ခဏခဏပြုမူမိတဲ့
သက်ပြင်းချသံတွေထဲမှာ
နှလုံးသားဆီက ပွင့်အန်လာတဲ့
စာနာမှုတွေ တစ်ထွေးကြီးပါလာလေရဲ့။
ပြီးပါပြီလို့ စာတမ်းမထိုးမချင်း
အနိမ့် အမြင့် အတက် အကျ
အနိုင် အရှုံး အကွေ့ အဝိုက် တွေကြားမှာ
ရင်တသိမ့်သိမ့်ခုန်နေရတယ်။
မျက်စိမှိတ်ထားတာ မမြင်ရက်လို့
နားပိတ်ထားတာ မကြားဝံ့လို့
နှုတ်ဆိတ်ထားတာ မပြောချင်လို့
ဒါပေမဲ့ ဖုံးဖိလို့မရတဲ့ နှလုံးသားတစ်စုံက
မာယာကြောမှာ တွ့န်တွန့်လူးပေါ့။

25.3.13

လူတွေအတွက် လူတွေငြိမ်သက်ပေးပါ


ကဗျာတစ်ပုဒ်ရေးချင်မိရဲ့
စိတ်အာရုံတွေ စုစည်းလို့မရ
အဖြစ်အပျက်တွေကြားမှာ
ငါ့စိတ်တွေ ထွေးပြား
အရူးတစ်ပိုင်း ဖြစ်နေပေါ့
ကျေးဇူးပြုပြီး ငါအိပ်ရေးဝဝ အိပ်ခွင့်ရချင်တယ်။
တချို့က မီးစိမ်းတွေ လင်းနေကြ
တချို့က အလင်းမပြပေမဲ့
အမှား အမှန် ဟုတ် မဟုတ်
စမ်းတဝါးဝါးနဲ့ အဖြေညှိနေကြ
ငြင်းခုန်နေကြ ဒေါပွနေကြ
ဖြားယောင်းမှုတွေကြားမှာ
ငါတို့လမ်းပျောက်နေပြီ။

9.2.13

လောင်မြိုက်ခြင်း၏နောက်ကွယ်

                      မြို့သစ်ဘက် ချောင်ကျကျ နေရာတစ်ခုရှိ ခြံဝင်းရှေ့တွင် ဆိုင်ကယ်ကို တုံ့ခနဲ့ရပ်လိုက်သည်။  ခြံဝင်းထဲတွင် တစ်ထပ်တိုက်တစ်လုံးကို တွေ့ရသည်။ တိုက်မှာ အဖြူဟုဆိုနိုင်သော်လည်း နံရံပေါ်တွင် ရောင်စုံမှုတ်ဆေးဖြင့် အင်္ဂလိပ်စာလုံးများရေးထားသလို မည်သည့်အဓိပာယ်မှန်းမသိနိုင်သော ကြောင်ကြောင်းကြားကြား အစင်းကြောင်းများ ရေးခြစ်ထားသည်ကိုလည်း တွေ့ရသည်။ တိုက်ဖြူလေးကို ဘေးရှိ ပိတောက်ပင်ကြီးက အရိပ်အာဝါသရအောင် အုပ်မိုးပေးထားပြီး ခပ်မြင့်မြင့် အုတ်တံတိုင်းကြီးနှင့် ကာရံထားသည်။
                     မှုံကြီးနှင့်ဒင်ဟိုက ဆိုင်ကယ်ပေါ်မှဆင်းပြီး ခြံထဲသို့ လှမ်းကြည့်နေသည်။ ခြံထဲတွင် မည်သည့်အရိပ်အယောက်မှ မတွေ့ရ။ ကုန်းလိုက် ကွလိုက်နှင့် ခြံဝင်းထဲကိုသာ သဲကြီးမဲကြီး ကြည့်နေသည့် ထိုနှစ်ကောင်ကို သူစိတ်မရှည်တော့။ ခဏနေမှ သူ့ ဘက်သို့လှည့်လိုက်ပြီး မျက်စာပစ်ပြလေသည်။
                     သူက “ဘာလဲ“ဟု မေးငေါ့ပြလိုက်ရာ မှုံကြီးနှင့်ဒင်ဟိုက အထဲသွားရအောင် ဆိုသည့် သဘောနှင့် လက်ညှိုးထိုးပြလေသည်။ ထို့နောက် ဒင်ဟိုက တံခါးပေါက်မှ လူခေါ်ခေါင်းလောင်းကို နှိုပ်လိုက်သည်။ အထဲမှ လူငယ်တစ်ယောက်ထွက်လာပြီး မှုံကြီးတို့နှစ်ယောက်နှင့် စကားတိုးတိုးပြောနေလေသည်။ ထိုလူရွယ်မှ သဘောပေါက်သွားဟန်နှင့် ခေါင်းညိတ်ပြသောအခါ သူတို့သုံးယောက်လုံးအထဲသို့ ၀င်လာခဲ့ကြလေသည်။

6.1.13

တုတ်တုတ်ကို မလှုပ်ဘူး


                     ကိုစိန်မင်းတို့ အိပ်နေလိုက်တာများ တုတ်တုတ်ကို မလှုပ်ဘူး … တစ်နေ့ကုန် အပြင်ထွက် ကုန်းရုန်းရှာနေရလို့ မောပမ်းပြီး အိပ်မောကျနေတာနေမှာ … အို … ယောက်ျားပဲ သူများသားသမီး ယူထားပြီးရင်တော့ လုပ်ကျွေးရမှာပေါ့ … မသနားနိုင်ပါတော် … ခင်တင့်တို့ကတော့ သနပ်ခါး ခြေဆုံး ခေါင်းဆုံးလိမ်းပြီး ယောက်ျားရှာဖွေလာသမျှ အခန့်သား ထိုင်စားနေရုံပဲ … သူအလုပ်သွားရင် အိမ်ဘေးက ကောင်မတွေနဲ့ အတင်းတုတ်လိုက် … ဗိုက်ဆာလာရင် မသိန်းတို့ဆိုင်က သရေဇာလေး ၀ယ်စားလိုက်နဲ့ ဟုတ်လို့ … ခင်တင့်တို့ကတော့ လင်ရ ကံကောင်းတယ်ဟေ့ … ငယ်ငယ်ရွယ်ရွယ်နဲ့ အငြိမ်းစားဖြစ်နေပြီတဲ့ … ဒါ ဘေးအိမ်က မနာလို တိုရှည်ကောင်မတွေရဲ့စကားပါ … ကျုပ်ကတော့ မျက်နှာတင်းတင်းနဲ့ပဲ ပြန်ပြောလိုက်တယ် … ကိုယ့်ကုသိုလ်ကံနဲ့ကိုယ်လို့ … ဟုတ်ပါ့တော် လူတွေများ သူများ ကောင်းစားတာကို မနာလိုဖြစ်နေလိုက်ကြတာ …

28.12.12

ဘ၀နှင့်ရင်း၍ ...


 “ဘာ … ဘာရယ် … ပြန်ပြောစမ်းပါအုံး … “
                     မျှော်လင့်မထားသော စကားကြောင့် အံအားသင့်ကာ ခပ်သွက်သွက်လေး ပြန်မေးမိသည်။
 “ဟုတ်တယ်ဆရာ … ကုတင်နံပါတ်(၃)က မွေးလူနာက ကလေးကို ထားခဲ့ပြီး လစ်ပြေးသွားပြီ“
                      သူနာပြုဆရာမ မနီ၏စကားကို ထပ်မံကြားလိုက်ရချိန်တွင် ဒေါက်တာပြည့်စုံ မျက်လုံးပြူး ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်သည်။ ထို့နောက် ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်ပြီး သက်ပြင်းရှည်ချကာ
“ဟာဗျာ … ခတ်တာပဲ၊ အဲဒီတော့ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ … “ဟု ယောင်ယမ်းစွာ လွှတ်ခနဲ ပြောလိုက်မိချေသည်။ ဆရာမ မနီက သူ၏လက်အောက်ဝန်ထမ်း။ သူ ဆရာမရှေ့တွင် ဟန်မဆောင်နိုင်လောက်အောင် မျက်စိမျက်နှာ ပျက်ယွင်းနေသော်လည်း မတတ်နိုင်ပေ။ ထိုကိစ္စအတွက် ဘာလုပ်လို့ ဘာကိုင်ရမည်မှန်း စဉ်းစားမရအောင် ဖြစ်နေရသည်။

3.11.12

နှင်းဆွတ်ဆွတ်လမ်း


                     ရွှေဥမင်လှိုဏ်ဂူတည်ရှိရာ တောင်တန်းကြီးပေါ်သို့ နှင်းမှုန်တို့က ဇာပ၀ါပါးလေးအလား လွှမ်းခြုံထားသဖြင့် ခပ်ရေးရေး ခပ်မှေးမှေးနှင့် ငွေရောင်တောင်တန်းကြီးအဖြစ် တည်ရှိနေသည်။ ထိုတောင်တန်းကြီးနောက်ခံဖြင့် ပုန်းတလုပ်ကန်ကြီးမှာ စာဖွဲ့မမီအောင် လှချင်တိုင်း လှနေ၏။
                     မြေပြန့်အဖို့ နိုဝင်ဘာဆောင်းဦးပေါက်သည် အအေးသိပ်မသိသာလှသော်လည်း ပေ ၃၈၈၀ အထက်တွင်တည်ရှိသော ပင်းတယမြို့လေးမှာတော့ ဆောင်းလေဆော့မြူး နှင်းရည်တို့ ပလူးကြလေပြီ။ တစ်ဆောင်းသစ်ခဲ့ပြန်ပြီ။
xx xx xx
                     မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာနေဘုန်းလူသည် လမ်းလျှောက်တုတ်ကောက်ကို တတောက်တောက် ထောက်လျှက် ခပ်မြန်မြန်လေး လျှောက်လှမ်းလာခဲ့သည်။ ဆေးရုံပေါက်ဝ အရောက်တွင် သူနာပြုဆရာ ဒေါ်နန်းသူဇာနှင့် ထိပ်တိုက်တွေ့ဆုံလေသည်။
''မောနင်းဆရာကြီး … ''ဟု ဒေါ်နန်းသူဇာက အသံဝဲ၀ဲနှင့် နှုတ်ခွန်းဆက်ရာ  သူက ခေါင်းညိတ်ပြုံးပြလိုက်သည်။

15.10.12

အကြောင်းကြောင်းကြောင့်


                 မြေပြင်ကို စုန်ကန်ပြီး ကောင်းကင်သို့ အရှိန်ယူကာ ပျံတက်သွားသော လေယာဉ်ကြောင့် ရင်ထဲတွင် တစ်ခုမှ မကျန်တော့သလို ဟာခနဲ ခံစားလိုက်ရသည်။ ပြူတင်းပေါက်မှန်မှတဆင့် အောက်သို့ လှမ်းကြည့်မိသည်။ အပြာရောင် ပင်လယ်လှိုင်းက ကမ်းခြေအား ဒေါသတကြီး ရိုက်ပုတ်နေသည်ကို တိမ်တိုက်များကြားမှ မပီဝိုးတ၀ါး လှမ်းမြင်နေရသည်။ လေယာဉ်သည် အမြင့်သို့ ပျံတက်သွားလေလေ ပင်လယ်ပြင်သည် မှုန်၍ ဝေး၍ သွားလေသည်။ တောင်ကုန်းတောင်စွယ်များမှာတော့ အောက်တွင် ခပ်ရေးရေးမျှသာ …
“အမေကတော့ ငါ့သားကြီး ဖိုးညှိုးကို ဆရာဝန်ဖြစ်အောင် ကျောင်းထားပေးလိုက်တာ မိန်းမရအောင် ဖန်တီးပေးလိုက်သလိုပဲလို့ ပြောပြောပြီး ငိုနေတာ နေ့တိုင်းပဲ … “

13.9.12

နောက်ဆက်တွဲ သတင်း


                     သတင်းထူးတစ်ပုဒ်ကို စပြီး သယ်ဆောင်လာသူက လော်စပီကာ ဒေါ်ချစ်ပါပဲ …  တစ်ရွာလုံးရဲ့သတင်း၊ အတင်းတွေကို စွာကျယ်စွာကျယ်နဲ့ တစ်အိမ်ဆင်းတစ်အိမ်တက် ဖြန့်ဝေတတ်လို့ တစ်ရွာလုံးက လောစပီကာဆိုတဲ့ ဘွဲ့ထူးကို တညီတညွှတ်တည်း ပေးအပ်ခြင်းခံရတဲ့ ဒေါ်ချစ်။ ဒေါ်ချစ်ကလည်း ဒေါ်ချစ်။ ဟိုကောင်မတော့ ပထွေးနဲ့ တိတ်တိတ်ပုန်းညားနေသတဲ့၊ ဘယ်လင်မယားတော့ နှစ်လုံးတွက်ကြရင်း ရန်ဖြစ်တယ်၊ ဟိုမိန်းမတော့ အိမ်ကခိုင်းတဲ့ အလုပ်သမားနဲ့ လင်ငယ်နေနေတယ်၊ ကိုစံထွန်းက အခုမွေးတဲ့ အငယ်ကောင်ကို သူ့သားထင်ပြီး ချစ်နေတာ လက်ပေါ်က မချဘူး၊ ရွာဦးဘုန်းကြီး မွေးထားတဲ့ ကြက်သားအမိတစ်အုပ် အခိုးခံရလို့တဲ့ အစပြုလို့ သူသိတဲ့ ကြားတဲ့ သတင်းတွေကို တစ်ပါးသူ နားမထောင်ဝံ့အောင် အိပ်သွန်ဖာမှောက် ချပြတတ်ရုံမက မိုးရွာမရှောင် နေပူထဲမှာတောင် ထီးဆောင်းပြီး အတင်း လိုက်ပြောတတ်တဲ့ မိန်းမစားမျိုး။ စကားပြောပုံလည်း ကြည့်အုံး … နှုတ်ခမ်းတစ်လန် ပန်းတစ်လန်နဲ့ မျက်နှာမဲ့ရွဲ့ပြောဆိုနေပုံက အကယ်ဒမီငါးထပ်ကွမ်း မင်းသမီးတွေတောင် လက်မြှောက်လောက်တယ် …  
                      အခုလည်းကြည့်။

10.9.12

သော့ချိတ်

                                                            (က)
                     ပတ်ဝန်းကျင်တစ်ခုလုံး အုံ့ပျက်ပျက်နှင့် ရာသီဥတုက အိုက်စက်စက်နိုင်လှသည်။ ကျောင်းခြံစည်းရိုးတွင် အဆုပ်လိုက် အခိုက်လိုက် ပွင့်ဖူးနေသော ငုဝါပန်းတို့က နွေရာသီကို အပီအပြင် ဖော်ကျူးနေသော်လည်း နွေဥသြတို့က လွမ်းမောဖွယ် တေးသံသာလည်းမဆို … လေရူးကလည်း မတိုက်နှင့်  နွေဦးရာသီ၏သရုပ်သည် လိုအပ်မှုများနှင့်သာ ပြည့်နှပ်နေချေသည်။
                                                                                                                     @@@
                                                             (ခ)
                    ဆေးတက္ကသိုလ်-မန္တလေးရှေ့တွင် ဘွဲ့ရမောင်မယ်များမှာ သူ့ထက်ငါအလုအယက် အလှဓါတ်ပုံများ ရိုက်ကူးနေကြသော်လည်း ကျွန်တော်တစ်ယောက်တည်း ကျောင်းရှေ့ခုံတန်းလေးပေါ်တွင် ထိုင်နေရင်း ဘွဲ့လက်မှတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ ငေးငိုင်နေမိသည်။ အခုမှ ဆရာဝန်ဘွဲ့ကို ပူပူနွေးနွေး ရရှိပြီးဖြစ်သော်လည်း ပျော်ရွှင်ရမည့်အစား ရင်ထဲတွင် ကြိတ်ငိုနေမိသည်။ မျက်ဝန်းမှ မျက်ရည်စတို့က တသွင်သွင်ယိုစီးလျက် … လေတစ်ချက်ဝှေ့လိုက်ချိန်တွင် ခြေထောက်နားသို့ စွယ်တော်ရွက်လေးတစ်ရွက် ကြွေလွင့်လာသည်။ စွယ်တော်ရွက်တို့ဘ၀က နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်မည်ဆိုလျင် … ကျွန်တော့်ဘ၀သည်လည်း …

24.6.12

မေတ္တာနှောင်ကြိုး


                                                      အခန်း(၁)
                        လုံးဝထင်မှတ်မထားသော အဖြစ်အပျက်တစ်ခုကြောင့် သွေးပျက်ချောက်ချားသွားရပါသည်။ ထိုနေရာမှနေပြီး ကြောက်အားလန့်အားနှင့် တအားရုန်းကန် ထွက်ပြေးသွားချင်မိသည်။ သူ၏မျက်နှာမှာလည်း သွေးဆုတ်ဖျော့တော့နေချေပြီ။  တဆတ်ဆတ်တုန်ယင်နေသော လက်ထဲမှဓါးက မီးရောင်အောက်တွင် ၀င်းခနဲ လင်းခနဲ အရောင်တဖျပ်ဖျပ်လတ်နေလျှက်။ အသွားမြေ့နေသော ထိုဓါးပေါ်မှ သွေးစက်များသည် ပိတ်ဖြူပေါ်သို့ တစက်စက်၊ တပေါက်ပေါက် စဉ်ဆက်မပျက်ကျဆင်းနေလေသည်။
                        ည၏ကောင်းကင်ယံသည် မိုးသားများဖြင့် မည်းမှောင်ညှို့မှိုင်းနေသည်။ မိုးစက်မိုးပေါက်တို့နှင့်အတူ လေတဝေါဝေါ၊ တဒိုင်းဒိုင်းဖြင့် ပြင်ပလောကတွင် ဆူညံပွက်လောရိုက်နေသည်။ “ဖြောင်း၊ဖြောင်း“ဆိုသော သစ်ကိုင်းကျိုးသံတို့ကို အတိုင်းသားကြားနေရလေ၏။ လျှပ်စီးတို့က ဆလိုက်မီးကဲ့သို့ မှိတ်ချီတစ်ခါ၊ လင်းချီတလှည့်ဖြင့် ထိုညသည် ရုပ်ဆိုးအကျည်းတန်လွန်းလှသည်။         
                        ငှက်ဆိုးထိုးသံ စူးစူးဝါးဝါးကြောင့် ကြက်သီးများ“ဖျင်း“ခနဲထသွားရကာ တစ်ယောက်ကို တစ်ယောက် အကြည့်ချင်းဆုံမိကြသည်။ မည်သည့်စကားမျှမဆိုဖြစ်ကြသော်လည်း စိုးရိမ်ထိတ်လန့်မှု ဟန်များ သူတို့၏မျက်လုံးအိမ်တွင် အထင်သားပေါ်လွင်နေကြသည်။
                        မိုးခြိမ်းသံ“ဂျိန်း“ဆိုသောအသံကြောင့် ဒေါ်စိန်မှာ “အမယ်လေး“ဟု ကြောက်လန့်တကြားနှင့် ကြုံးအော်လေရာ သူပါရောယောင်ပြီး ကိုယ်လုံးလေးဆတ်ခနဲဖြစ်သွားရပါသည်။ ဒေါ်စိန်က သူ့နားသို့ ခပ်ရွေ့ရွေ့လေးတိုးကပ်လာသည်။ ကိုဝင်းမောင်က ဓါတ်မီးထိုးပြနေရင်း မျက်မှောင်ကျုံ့ကာ မျက်နှာရိပ်ပြလိုက်တော့မှ ဒေါ်စိန်မှာ ခပ်ယို့ယို့လေးဖြစ်သွားသည်။