11.8.13

ရေခဲချောင်းသည်ကြီး


''ကလင် … ကလင် … ကလင်''
''အုန်းမွှေးလုံး၊ ဓားလှီး၊ နို့မလှိုင်၊ သံပရာပေါင်း … ''
အညာနွေရဲ့ နေပူကျဲကျဲမှာ လေးလေးပင်ပင် ဆွဲအော်လိုက်တဲ့ အသံက တိတ်ဆိတ်နေတဲ့ ရွာတော်ရွာတစ်ရွာလုံးကို တန့်လန့်လှုပ်နှိုးလိုက်သလိုပါပဲ။ အထူးသဖြင့် ကလေးသူငယ်တွေ လှုပ်လှုပ်ရွရွဖြစ်ကုန်တယ်။ ခွက်ဆွဲသူဆွဲ၊ ငိုယိုသူငို၊ မအေဆီ ရေခဲချောင်းဖိုးမပေးလို့ ဂျီကျသူကျနဲ့ ပွက်လောရိုက်ကုန်တော့တာပဲ။ ကွက်ပျစ်ပေါ်မှာ ငိုက်မြည်းနေတဲ့ ဘကြီး၊မေကြီးတွေ လန့်နိုးကုန်တယ်။ အိမ်အောက်မှာ သက်ကယ်ပျစ်နေတဲ့ အပျိုမတစ်သိုက်လည်း ပွစိပွစိ ဖြစ်ကုန်တယ်။
သစ်ပင်ရိပ်အောက်မှာ လျှော်ကြိုးကျစ်နေတဲ့ ကာလသားတစ်ချို့လည်း ခေါင်းထောင်ကြည့်ကြတယ်။ ငါးရက်တစ်ခါသာ ပေါ်လာတတ်တဲ့ ဒီအသံကို တစ်ရွာလုံး ကောင်းကောင်းရင်းနှီးပြီးသား။ တခြားသူမဟုတ်ပါဘူး။ နတ်မောက်ဈေးပိတ်နေ့တိုင်း သူတို့ရွာကို လာရောင်းနေကြဖြစ်တဲ့ ရေခဲချောင်းသည် ဘပုအသံလေ။ အရပ်ခပ်ပုပု၊ အသားခပ်မည်းမည်းနဲ့ နှုတ်ခမ်းမွေးကျိုးတိုးကျဲတဲပေါက်နေတဲ့ ဘပုကို မျက်လုံးထဲမှာ အလွတ်ရနေပြီ။ အသက်က လေးဆယ်ဝန်းကျင်လောက် ရှိပေမယ့် ကလေးတွေကို ဘပုကလေ ဘပုကလေနဲ့ဆိုတော့ တစ်ရွာလုံး ဘပုပဲ ဖြစ်ကုန်ကြတယ်။ သူ့ကို ဘယ်လောက် စစ နောက်နောက် ကွမ်းစားထားလို့ မြေပဲဆံရောင်ပေါက်နေတဲ့ သွားတွေပေါ်အောင် ရယ်နေတတ်တဲ့ ဘပုကို တစ်ရွာလုံးက ချစ်ခင်ကြတယ်။ ဘပုရဲ့စိတ်ရင်းစေတနာကြောင့်ရယ်၊ အမြဲပြုံးနေတဲ့ မျက်နှာကြောင့်ရယ်၊ အသံချိုချိုရယ်က ဘပုရေခဲချောင်းကို လူတိုင်း မစားဘဲ မနေနိုင်ပါဘူး။ ပျော်ဘွယ်ဘက်က ရေခဲချောင်းသည်တွေ ဒီရွာကို လာရောင်းကြပါရဲ့။ ဝယ်စားတဲ့သူမရှိဘဲ ရေခဲချောင်းတွေ အရည်ပျော်ကုန်လို့ အရင်းရှုံးပြန်သွားရတာ ထုနဲ့ဒေး။  ရေခဲချောင်းချင်းအတူတူ ဘပုရေခဲချောင်းက ပိုကောင်းတယ်ဆိုတော့ အခက်သားလား။ တချို့ဆို ဘပုရေခဲချောင်းက ပိုအေး၊ ပိုချိုသတဲ့လေ။ အဲဒီလို ဘပုရေခဲချောင်းက ရွာတော်ရွာမှာ ရောင်းကောင်းပြီး ပေါက်တာ။
xx xx xx
''ဝေး … ရေခဲချောင်းသည်ကြီး လာပြီကွ … ''
ခွေးရူးလိုက်တမ်းဆော့နေတဲ့ ယောက်ျားလေးအဖွဲ့ကလည်း သူထက်ငါ အပြိုင် အော်ဟစ်ကြသလို ထုပ်ဆီးထိုးတမ်းဆော့နေတဲ့ မိန်းကလေးအဖွဲ့ကလည်း ကစားပွဲရပ်ပြီး ဘပုဆီ အလုအယက်ပြေးကြတယ်။
''ဟတ်ကောင် … မင်းခွေးရူးလိုက်ရမယ့်အလှည့်နော် … ''
''ဟိတ်ကောင်မ … ညည်းထမင်းရေစည်းပူလောင်ထားတယ်နော် … ''
အစပြုလို့ ကလေးတွေ ငြင်းခုန်ရင်း ဘပုနားမှာ ပိုက်ဆံပါတဲ့သူကော မပါတဲ့သူကော ဝိုင်းဝိုင်းကို လည်လို့။ ပိုက်ဆံပါတဲ့သူက ရေခဲချောင်းကို တပြွတ်ပြွတ်စုပ်နေချိန်မှာ ပိုက်ဆံမပါတဲ့ကလေးတချို့က လက်မစုပ်ပြီး မျှော်နေရမယ် မထင်လေနဲ့။ ဘပုက အဲဒီကလေးတွေကို ဓားလှီးတစ်ပိုင်းစီ ပိုင်းပေးလိုက်တာပဲ။ ရေခဲထုပ်တော့ မပေးနိုင်ဘူးပေါ့။ ဓားလှီးက အလကားပေးလိုက်ရလို့ အရင်းမရှုံးနိုင်ဘူးလေ။ အရင်းထဲက ပါသွားတော့ကော ဘာအရေးလဲ။ ဘပုကတော့ ပြုံးပြုံးနဲ့ သဘောတွေကျပြီး …
''မလှူနိုင်ဈေးရောင်းတဲ့ … ငါ့သားတွေကို ကျွေးလိုက်ရတော့ ဘပုကုသိုလ်ရတာပေါ့ကွာ … ''တဲ့။ ဘပု ကလေးချစ်တတ်တာကလည်း လွန်ပ။ ကလေးတွေကလည်း အမြဲတမ်း အလကားမစားပါဘူး။ ကျောင်းပိတ်ရက်မှာ ယာခင်းထဲက ကောက်သင်းကောက်လို့ရလာတဲ့ မြေပဲ၊ ပဲစဉ်းငုံ၊ ဇီးလေကောက်ထားတဲ့ ဇီးသီး တစ်ပြည် တစ်ခွက်နဲ့ လဲစားကြတယ်။ ဘပုက တန်သည် မတန်သည် စိတ်မဝင်စားဘူး။ မညည်းမညူဘဲ ပြုံးပြုံးလေးနဲ့ ပေးမြဲအတိုင်းပေးတယ်။ ဘပုက အဲလို စိတ်ထား စေတနာ ကောင်းတာ။
xx xx xx
ဘပုက နတ်မောက်သား။ ငါးရက်တစ်ခါသာ ရွာတော်ရွာကို လာရောင်းတယ်။ တခြားရက်တွေမှာ လဲဘူး၊ ထနောင်းကုန်း၊ လက်ခုပ်ပင်၊ ရွာမွန်၊ ကျားထူး၊ စိုင်ကောင်းစတဲ့ရွာတွေကို အလှည့်ကျရောင်းတယ်။ တကယ်တော့ တောခေါင်ခေါင်ရွာတော်ရွာနဲ့ နတ်မောက်က ၃၇ မိုင်လောက်ဝေးတယ်။ အဲလောက်ဝေးပေမယ့် ဘပုအတွက်တော့ ဝေးတယ်မထင်ပါဘူး။ နေ့ချင်းပြန်တောင် ပြန်လိုက်သေး။ မနက်ဆို မကွေး- နေပြည်တော်ပြေးဆွဲနေတဲ့ ကုန်းလမ်းပို့ဆောင်ရေးမှန်လုံကားနဲ့လိုက်လာတယ်။ အဲဒီကားတွေကလည်း ဘပုဆို အလကား ပိုက်ဆံတပြားသားမှ ပေးစရာမလိုဘူး။ ဘပုကို သနားလို့လေ။ ဘပုကလည်း မျက်နှာပြောင်တိုက်ပြီး အလကားမစီးပါဘူး။ နတ်မောက်ကားဂိတ်မှာ ခရီးသည်စုပေးထားတယ်။ အဲဒီတော့ ကားတွေကလည်း ဘပုစုပေးထားတဲ့ခရီးသည်ရတာနဲ့ကို ဘပုအတွက် နှစ်ခါမေးစရာမလိုဘူး။ ကားခလွှတ်ပေးလိုက်ပြီ။ ညနေပြန်ရင်လား။ ပျော်ဘွယ်-နတ်မောက်ပြေးဆွဲနေတဲ့ ရထားကို ၃၅၀ လောက်ပေးစီးရင် အိမ်ကို တန်းတန်းမက်မက်ရောက်ပြီ။ သီချင်းတအေးအေးနဲ့ ပြန်လာတဲ့ဘပုကို အိမ်သူ မခင်အေးက အိမ်ပေါက်က ထွက်ကြိုတယ်။ ဖေကြီး၊ မေကြီးနဲ့ ဘပုတို့ ချစ်ခင်နေပုံက မြင်ရသူတိုင်း ကြည်နူးစရာပါ။ ဘပုအကြောင်း မသိသူတွေကတော့ အပူအပင်မရှိဘူးလို့ထင်ကြမှာပေါ့။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို တကယ်တော့ ဘပုမှာလည်း ဒုက္ခအပူမီးတွေ ဝန်းရံနေတာပါပဲ။
xx xx xx
ဘပုမှာ သားသမီးတစ်ယောက်မှ မရှိဘူး။ မရှိဘူးဆို တစ်ယောက်တော့ ရှိခဲ့ဖူးပါရဲ့။ မီးတွင်းထဲမှာပဲ ဂျပဟုန်းထပြီး ဆုံးပါးသွားခဲ့တယ်။ ဇနီးသည် မခင်အေးကလည်း အဲဒီကလေး မီးဖွားပြီးကတည်းက တချောင်ချောင်နဲ့ အိပ်ယာထဲ ဘုန်းဘုန်းလဲသွားတာ ဆယ်ဝါတောင်ဆိုတော့မယ်။ အရပ်ကပြောတာတော့ မီးယပ်ကိုင်တယ်ဆိုလား။ မီးယပ်ကျိုးတယ်ဆိုလား။ တပိန်ပိန်နဲ့ ချူနာရှိုက်ကုန်းဖြစ်နေလိုက်တာ ဆွေးမရှိ မျိုးမရှိဆိုတော့ ဘပုပဲ လုပ်ကိုင်ကျွေးမွေးပြုစုနေရတာ။ ကြာကန်ဘက်က ဆေးဆရာကောင်းတယ်ဆိုလို့ အစွမ်းကုန်ကုပြီးပြီ။ ဘယ်ဆရာကောင်းတယ်လို့ အသံကြားရင် ရောက်ပြီးသား။ အင်္ဂလိပ်ဆေးကော၊ ဘိန္တောဆေးကော စုံလို့။ ဆေးသက်နဲ့ အသက်ဆက်နေရတာ ဘပုလည်း ဆေးဖိုးနဲ့ လုံးချာလည်နေပြီ။ အဲလို ကုရလို့ ဘပုမညည်းဘူး။ ဟိုအရင်က ဘပုက ကားစပါယာလိုက်တယ်။ လဲဘူး-နတ်မောက်ဆွဲတဲ့ လူကော ကုန်ကောတင်တဲ့ ဟီးနိုးကားကြီးတွေမှာပေါ့။ အရွှန်းလဲဖောက်တတ်၊ ဘယ်လိုလူကို ဘယ်လိုပြောဆို ဆက်ဆံရမယ်ဆိုတာသိတော့ ဘပုလိုက်တဲ့ကားဆို ခရီးသည်အပြည့်။ အလေးအပင်တွေလည်း ထမ်းနိုင်တယ်။ လုပ်အားခကိုလည်း နည်းသည် များသည် မညည်းညူဘူး ပေးသဘောက်ယူတာပဲ။ အစားအသောက်လည်း ဂျီးမများဘူး။ အချဉ်ဟင်း၊ ငရုတ်သီးထောင်းနဲ့လည်း ဖြစ်တယ်။ အဲဒီတော့ ဘပုကို လိုလိုချင်ချင် ဖြစ်နေတဲ့ ကားအုံနာတွေ ပေါတာ ဆန်းသလား။ ဘပုအားနာတတ်တာလည်း လွန်ပါရော။ အခု ဘပုရထားတဲ့ မခင်အေးက လဲဘူးသူလေ။ မခင်အေးက ရွာမှာ အလှဆုံးမဟုတ်ပေမယ့် ရွက်ကြမ်းရေကျိုထဲမှာတော့ ပါတယ်။ တစ်ည မခင်အေး ရည်းစားနောက် ခိုးရာလိုက်ဖို့ သူ့ရည်းစားကို မျှော်နေတဲ့အချိန် အချိန်မီရောက်မလာလို့ ဘပုကို ခိုးပြေးဖို့ အကူအညီတောင်းရာကနေ ဘပုနဲ့ မခင်အေး ငြားကြလေးသတည်းဖြစ်သွားတာ။ ဘပုက မခင်အေးကို အရင်က မြင်ဖူးတာမဟုတ်ဘူးရယ်။ အားနာလို့ မခင်အေးကို ခိုးပြေးလိုက်တာဆိုတော့ သိတဲ့သူတိုင်း သြချယူရတယ်။ ဘပုရဲ့စိတ်အရိုးခံကို သိရတော့ မခင်အေးလည်း ဘပုကို ပိုလို့ ပိုလို့ ချစ်လေပါပဲ။ အိမ်ထောင်ကျတော့ ဘပုကားနောက်မလိုက်တော့ဘူး။ အလေးအပင်ကုန်တွေထမ်းထားတော့ ခါးလည်း နာချင်တင်တင်ရယ်။ ဒါပေမယ့် မခင်အေးကို ဘာမှမခိုင်းဘူး။ ထမင်းတောင် မချက်ခိုင်းဘူး။ ဘပုကပဲ ရေခဲချောင်းရောင်းပြီး လုပ်ကျွေးလာတာ အခုချိန်ထိဆိုပါတော့။ မခင်အေးက နေမကောင်းဖြစ်ပြီး အိပ်ယာပေါ်လဲတဲ့အချိန်မှာ ဘပုအရင်ကထက် အလုပ်ကို ပိုကြိုးစားတယ်။ ဒါပေမယ့်လည်း တစ်ဝမ်းတခါးအတွက် မက်တပ်စာကလွယ်ပေမယ့် တုံးလုံးစာဆိုတာက မလွယ်ရေးချ မလွယ်ဆိုတော့ ဘပုမှာ ဒုက္ခပင်လယ်ထဲ လက်ပစ်ကူးရတော့တာပဲ။ ဒီအကြောင်းတွေကို ဒီအတိုင်းသွားမမေးနဲ့။ အသေသတ်ချင်သတ် မပြောဘူး။ အရက်လေး တစ်ခွက်တစ်ဖလား ဝင်သွားရင်တော့ ခရားရေလွှတ် ပြောမဆုံးပေါင် တောသုံးတောင်ဆိုသလိုပဲ။ ကားလိပ်သာချသွားတယ် မင်းသားက ငိုချင်းမပြီးသေးဘူး။ ဘပုအကြောင်း ကြားရတဲ့သူတိုင်း မျက်ရည်စမ်းတမ်းတမ်းနဲ့။ တချို့ဆို စုတ်တသပ်သပ်ပေါ့လေ။
xx xx xx
ဘပုက ရွာတော်ရွာရဲ့သာရေး၊ နာရေးမှာလည်း လက်မနှေးဘူး။ လုပ်အားနဲ့ ကုသိုလ်ယူတယ်။ အလှူပွဲ၊ မင်္ဂလာပွဲတွေမှာလည်း ပန်းကန်ဆေး၊ ခွေးမောင်းအလုပ်ကို ကြုံရင် ကြုံသလို လုပ်ပေးတယ်။ အသုဘချလည်း အလောင်းထမ်းပေးတယ်။ အလှူခံဏ္ဍပ်မှာလည်း တောက်တိုမယ်ရ ဗာဟီရလုပ်ပေးတယ်။ ရေခဲချောင်းရောင်းကုန်လို့ ဘပုနားတဲ့အိမ်က သူတည်းခိုးရာနေရာပဲ။ တစ်ခါတလေ သူဌေးအိမ်ဖြစ်နေတတ်တယ်။ တစ်ခါတလေ မုဆိုးမအိမ်ဖြစ်နေတတ်တယ်။ ဘယ်အိမ်ကပဲ ဖြစ်ဖြစ် ဘပုကို အသာတကြည် ကျွေးကြပါတယ်။ ဘပုဆိုရင် တစ်ရွာလုံး ကျွေးချင် မွေးချင်သူတွေပဲဆိုရင် လွန်လေမလားမသိ။
xx xx xx
တစ်နေ့ … ခေါင်းပေါ်ရောက်နေတဲ့ နေကလည်း ကျစ်ကျစ်တောက်ပူနေတယ်။ လေက တစ်ချက်တစ်ချက် ဝှေ့ယမ်းပါရဲ့။ လေပူတွေပဲဆိုတော့ ချွေးမြိုက်မြိုက်ကျအောင် ပူပြင်းနေတယ်။ အဝေးက တကျွီကျီမောင်းနေတဲ့ လှည်းသံကလည်း ပျင်းရိမှုကို အားပေးနေသယောင်။ မူလွန်ကျောင်းဆီက ကျောင်းသားတွေရဲ့ စာအံသံကလည်း မညီညာချင်။ ကျောင်းဘေး အရိပ်ရတဲ့သစ်ပင်အောင် ဘပုမှေးခနဲ အိပ်ပျော်သွားလိုက် ကလင် ကလင်လို့ အသံပေးလိုက်နဲ့ နိုးတလှည့် ငိုက်တလှည့်ပေါ့။ ဗိုက်ထဲက အစာအိမ်ကလည်း တဂွိဂွိနဲ့ အချက်ပေးနေပြီ။ ဒီနေ့ ဘယ်လိုဖြစ်ပြီး ကျောင်းသားတွေ ရေခဲချောင်းလာဝယ်မစားတာလဲလို့ နည်းနည်းစိတ်ထင့်နေမိတယ်။ မုန့်စားကျောင်းဆင်းချိန်ရောက်ပြီ။ အခုချိန်ထိ ဈေးဦးမပေါက်သေး။ ဥပုသ်နေ့ဆိုပေမယ့် ဒီရွာရဲ့ထုံးစံက ကျောင်းပိတ်ရက်လည်း စာသင်တယ်လေ။ အဲဒီတော့ သူ့ဖောက်သည်တွေရှိတဲ့ ကျောင်းနားကိုပဲ မယောင်မလည်နဲ့ ရေခဲချောင်းတွေ ကုန်ဖို့ တားစူးရတာပေါ့။ ဒါပေမယ့် ဖောက်သည်ကြီးတွေက တစ်ယောက်မှ ပေါ်မလာဘူး။ မျှော်သူပေါ်မလာပေမယ့် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတာက ကျောင်းအုပ်ဆရာကြီး။
''ဘပု အားတော့နာပါတယ်ဗျာ၊ ရာသီဥတုကလည်း တစ်နေ့ထက် တစ်နေ့ ပိုပူလာတယ်၊ ကလေးတွေ ကျန်းမာရေးအတွက် ကျွန်တော့်မှာလည်း တာဝန်ရှိတယ်၊ အဲဒီတော့ဗျာ ရှင်းရှင်းပြေရရင် ကလေးတွေ ရေခဲချောင်းစားပြီး ဘေးဖြစ်မှာစိုးလို့ ဒီကျောင်းနားမှာ မရောင်းဖို့ မေတ္တာရပ်ခံချင်ပါတယ် … ''
ကျောင်းအုပ်ဆရာကြီးက သေသေချာချာရှင်းပြတော့ ဘပုသဘောပေါက်တယ်။ သစ်ပင်မှာ ချိတ်ထားတဲ့ အရောင်နွမ်းနေတဲ့ ဦးထုပ်ကို ဖြုတ်ပြီး ဆောင်းလိုက်တယ်။ ပြီးတော့ ရေခဲချောင်းပုံးကို မနိုင်မနင်း သယ်ပြီး ကျစ်ကျစ်တောက်ပူတဲ့ နေထဲမှာ ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။ အပြင်မှာ နေဘယ်လောက်ပူသည် ဘပုမသိ။ ဘပုရင်ထဲမှာတော့ အပူမီးတွေ ဟုန်းဟုန်းတောက်လောင်နေပြီ။ မခင်အေး ဆေးဖို့ရဖို့ ရေခဲချောင်းကုန်မှ ဖြစ်မှာမလား။
xx xx xx
''ဟဲ့ ဒကာ … ဒီကျောင်းနားမှာ လာရောင်းနေလို့ ရောင်းရမှာမဟုတ်ဘူး … ကျောင်းမှာက ဥပုသ်သည်တွေပဲရှိတယ် … ကလေးတွေ မရှိဘူးဒကာရဲ့ … ''
ရွာတော်မြောက်ကျောင်းဆရာတော်ဦးဝိမလက မိန့်တော်မူတော့ ဘပုလက်အုပ်လေး ချီရင်း ငြိမ်သက်နေတယ်။ ဘပုလည်း ဘယ်နားရောင်းရမယ်မသိလို့ ခေါင်းလောင်းလေးလှုပ်ရင်း လျှောက်လာလိုက်တာ ဘုန်းကြီးကျောင်းနားကို ရောက်မှန်းမသိရောက်လာခဲ့တယ်။ အခု ဆရာတော်က အမှန်ကို မိန့်ကြားတော့ ဘပုဘာပြောရမယ်မသိတော့။
''နေ့လည်စာကော စားပြီးပလား ဒကာတော် … ''
''မစားရသေးဘူးဘုရား … ရေခဲချောင်းကလည်း ဈေးဦးတောင်မပေါက်သေးပါဘူးဘုရား … ''
ရှိရင်းအတိုင်း ပွင့်ပွင့်လင်းလင်းပြောတတ်တာက ဘပုအကျင့်။ အခုလည်း ဆရာတော်ဘုရားကို အမှန်တိုင်း လျှောက်တင်လိုက်တယ်။
''အင်း … ဒုက္ခ ဒုက္ခ … ကဲ ကဲ ရေခဲချောင်းတစ်ပုံးလုံးဆို ဘယ်လောက်လဲ … ''
''အရင်းကော အမြတ်ပါဆို တစ် … တစ်သောင်းပါဘုရား … ''လို့ အသံတုန်တုန်ယင်ယင်နဲ့ လျှောက်တင်ရှာတယ်။ ဆရာတော်ဘုရားကလည်း သနားလို့ထင့်ပ။ ဘပု့ရေခဲ့ချောင်း တစ်ပုံးလုံးဝယ်လိုက်ပြီး ဥပုသ်သည်တွေကို စွန့်ကျဲတော်မူတယ်။ အဲဒီအချိန်က ဘပုမျက်နှာများ အိနြေ္ဒမဆယ်နိုင်အောင်ပါပဲ။ ပြုံးနေတာများ ပါးစပ်နားရွက်ချွတ်မတက်ဘဲ။ ဒီနေ့ရောင်းရငွေနဲ့ တစ်နေ့တခြားပိုပိုဆိုးလာတဲ့ မခင်အေးရောဂါကို ကုသနိုင်တော့မှာဆိုတော့ အပျော်ကြီးပျော်နေမိတယ်။
xx xx xx
အဲဒီညမှာပဲ သတင်းဆိုးတစ်ခုကြားရတယ်။ မုဆိုးမ မသန်းမြင့်သိမ်းထားတဲ့ ငါးမူးသား ရွှေဆွဲကြိုးလေး လူခိုးသွားလို့တဲ့။ ခိုးတဲ့သူက တခြားမဟုတ်ဘူး။ မသန်းမြင့်အိမ်မှာ တည်းခိုတဲ့ ရေခဲချောင်းသည် ဘပုတဲ့။ အဲဒီသတင်းက ရွာတော်ရွာတစ်ရွာလုံး တမဟုန်ချင်း ပျံ့နှံ့သွားတယ်။ ဒီလောက်ရိုးသားတဲ့ဘပု ရွှေဆွဲကြိုးခိုးတာမဟုတ်ဘူး။ မဖြစ်နိုင်ဘူးဆိုတဲ့လူကော။ ဖြစ်နိုင်တယ် သူ့မိန်းမရောဂါသည်ကြီးကို ဆေးကုဖို့ ကြံမိကြံရာ၊ လုပ်မိလုပ်ရာ လုပ်တာဖြစ်ရမယ်ဆိုတဲ့လူကောနဲ့ ရွာတော်ရွာမှာ တောမီးလို့ တစ်စတစ်စ လောင်ကျွမ်းနေလိုက်တာ ငြိမ်းသက်လို့ မရနိုင်အောင်ပဲ။ အခုပြန်ပေးရင်ပေး မပေးရင် ရိုက်နှက်မလို့လုပ်လို့ ဆရာတော်ဘုရားက တားယူရတယ်။ ဘပုကလည်း သူခိုးတာမဟုတ်ကြောင်း ဝန်ချတောင်းပန်ပေမယ့် အများနဲ့တစ်ယောက်မို့ ဘပုစကားက အရာမဝင်ပါဘူး။ လူတိုင်းရဲ့လက်ညှိုးငေါက်ငေါက်ကြားမှာ ဘပုမျက်နှာလေးက ဇီးရွက်လောက်သာသာရယ်။ ဘပုလေ အသားတွေ တဆတ်ဆတ်တုန်ယင်နေပြီး မျက်ရည်စလေးတွေ စို့လို့။ ရဲစခန်းတိုင်မယ်ဆိုတော့ ဘပုလန့်ဖြန့်သွားတယ်။ နောက်ဆုံး သူ့စကားကို လက်မခံကြတော့ ရေခဲချောင်းရောင်းရငွေတစ်သောင်းကို တောင်းတောင်းပန်ပန်နဲ့ အလျှော်ပေးရတယ်။ ရွှေတစ်မက်သားဖို့ မပြည့်တော့ မသန်းမြင့်ကလည်း ကြေအေးမပေးနိုင်ဘူးဆိုပြီး ဆူဆောင့်နေလို့ ဆရာတော်ဘုရားက ဝင်ရောက်တရားချယူရတယ်။ ဘပုကတော့ ဆရာတော်ဘုရားကို ရှိခိုးဦးချပြီး ရေခဲချောင်းပုံးကြီးကိုထမ်း အမှောင်ရိပ်ထဲမှာ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားတယ်။ ဘပု ညတွင်းချင်း နတ်မောက်ပြန်သွားပြီထင်ပါရဲ့။ ဘပုရဲ့ဟောင်းနွမ်းနေတဲ့ ဦးထုပ်လေးကတော့ တိုင်မှာ ချိတ်ထားလျှက်ပဲ။
xx xx xx
ရာသီတွေ အလီလီပြောင်းကုန်ပါပြီ။ ရက်မှလ၊ လမှနှစ်သို့ အကြိမ်ကြိမ်ကူးပြောင်းခဲ့ပြီ။ အခိုးခံလိုက်ရတယ်ဆိုတဲ့ မသန်းမြင့် ရွှေဆွဲကြိုးလေးလည်း ပြန်တွေ့ပါပြီ။ အသိမ်းလွန်နေတာဆိုတော့ တစ်ရွာလုံး အံ့သြတုန်လှုပ်ကုန်တယ်။ အခုလို ပူပြင်းခြောက်သွေးတဲ့ နွေရာသီမှာဆို ရွာတော်ရွာတစ်ရွာလုံး အသံတစ်သံကြားတိုင်း လှုပ်လှုပ်ရွရွဖြစ်ကုန်ကြတယ်။ အသံလာရာဆီကို မျှော်ကြည့်တယ်။ သိပ်မကြာဘူး သက်ပြင်းချသံနဲ့အတူ ပြန်လည်ငြိမ်သက်သွားတယ်။ ရေခဲချောင်းသည်တော့ ရေခဲချောင်းသည်ပဲ။ ဒါပေမယ့် သူတို့မျှော်နေတဲ့ ရေခဲချောင်းသည် ဘပုတော့မဟုတ်ဘူး။ သူတို့နားထဲမှာ စွဲထင်နေတာက …
''ကလင် … ကလင် … ကလင်''
''အုန်းမွှေးလုံး၊ ဓားလှီး၊ နို့မလှိုင်၊ သံပရာပေါင်း … ''ဆိုတဲ့ လေးလေးပင်ပင် အော်သံကိုလေ။

အာကာခေတ်ပိုင် 
၂၀၁၄၊ မေလ၊ FACES MAGAZINE

2 comments:

  1. မရှိခိုးနိုး လူ.သဘာဝပေါ့လေ။

    ReplyDelete
  2. good အရမ်းကောင်းလှပါတယ်ဇတ်သိမ်းလေးနည်းနည်း
    ပိုလှရင်အရမ်းကောင်းမှာပဲဗျာ

    ReplyDelete

ဝေဖန် အကြံပြုခဲ့ပါအုံး