18.8.13

တောင်မှာ မိုးတွေညို့ရင် ...


   


                 ''အရှေ့ဘက်ကွက်သစ်မှ မမြရင် မလေးရှားမှ ကိုလမ်းဘို ဖုန်းလာနေလို့ အခုအမြန်ဆုံး ရောက်အောင်လာခဲ့ပါ''
ရွာလည် ဓာတ်စက်ဆီမှ အော်သံကြားတာနဲ့ တပြိုင်နက် မမြရင်တစ်ယောက် ကခုန်မတတ် အပျော်ကြီး ပျော်သွားရတယ်။ အခုလို နေဝင်မိုးချုပ်ဆို မလေးရှားက ဘယ်သူများ ဖုန်းဆက်လေမလဲလို့ စောင့်မျှော်ကြရတာ ရွာတော်ရွာတစ်ရွာလုံး ထုံးစံလိုလိုကို ဖြစ်နေပြီမဟုတ်လား။ ငွေလွှဲဖို့ဆက်တဲ့သူ၊ သတိရလို့ ဆက်တဲ့သူ၊ ''အို''ဖြစ်သွားလို့ အလုပ်အကိုင်အဆင်မပြေတဲ့သူနဲ့ ဖုန်းဆက်ကြတာများ ကျွက်ကျွက်ကို ညံလို့။
မမြရင်လည်း ပျစ်လက်စ သက်ကယ်ကို ချပြီး ဖျင်လုံချည်ကို ကပျာကရာ ပြင်ဝတ်လိုက်တယ်။ ပြီးတော့ ပါးစပ်ကလည်း ''လာပြီတော်ရေ့ … လာပြီ''လို့ ပြန်အော်လိုက်တယ်။ ဖုန်းဆိုင်က မကြားပေမယ့် မမြရင် ရင်ခုန်ရလွန်းလို့ အော်မိအော်ရာ အော်လိုက်တာပါ။ ဟုတ်တယ်လေ။ မမြရင် အမျှော်ကြီး မျှော်နေရတဲ့ လင်တော်မောင် ကိုလမ်းဘိုဖုန်း။ လာပြန်တော့လည်း ဆိုင်မဆင့်ဗုံမဆင့်နဲ့။ မမြရင် ကြည်နူးရသလို ဝမ်းသာမဆုံး တပြုံးပြုံးဖြစ်သွားရတယ်။


''မြရင် ညည်းမလည်း အဖြစ်သည်း သည်းလွန်းပါလို့ … တကတည်းမှပဲ လုံချည်ပေါက်ကြီး လဲသွားလိုက်စမ်းပါအေ … လူမြင်မကောင်းလိုက်တာ''
''အို … မလဲနိုင်တော့ဘူးတော်ရေ့ … ကိုလမ်းဘိုက နောက်ကျလို့ စိတ်ဆိုးနေမှဖြင့် … ''
မမြရင်က သက်ကယ်ပျစ်နေတဲ့ မိန်းမတွေကို မျက်စောင်းလှမ်းထိုးလိုက်ပြီး ရယ်ကျဲကျဲနဲ့ ပက်ခနဲ ပြောလိုက်တယ်။ မိန်းမတွေဆီမှ မရှေးမနှောင်း ဆဲဆိုသံတွေ ထွက်လာတော့ လက်ညှိုးလေးကို ယောင်ယမ်းကိုက်မိသေးတယ်။
''အမေ ကျုပ်လည်း လိုက်မယ် … ''
''လိုက်ရမှာပေါ့ ပေါက်တူးလေးရဲ့ … ''
ကလေးတွေ ကစားနေရာမှ ပေါက်တူးက မမြရင်ဆီပြေးလာတယ်။ မမြရင်က ပေါက်တူးမျက်နှာမှာ ပေကျံနေတဲ့ ဖုန်မှုန့်တွေကို လက်နဲ့ သုတ်ပေး။ နှာခေါင်းမှာ တွဲလောင်းကျနေတဲ့ နှပ်ချေးကို ဗျစ်ခနဲ ညှစ်ပေးလိုက်ပြီး လုံချည်ကို ဘယ်ပြန်ညာပြန် သုတ်လိုက်တယ်။ ပြီးတော့ ပေါက်တူးကို ခါးတစ်ခွချီလိုက်ပြီး
''အမေရေ … ကျုပ် မီးဖိုးပေါ် ထမင်းအိုးတည်ခဲ့သယ် … ထမင်းအိုးလေး ငှဲ့လိုက်စမ်းပါတော် … ကျုပ် ကိုလမ်းဘိုဆီက ဖုန်းလာသယ်ဆိုလို့ ရွာလည်ပိုင်းကို ပြေးလိုက်အုံးမယ် … ''
''အေးအေး … လမ်းဘိုကို အမေကလည်း သတိရသယ်၊ ကျန်းမာအောင်နေလို့ ပြောလိုက်စမ်းပါအေ … မတည့်တာတွေ မစားနဲ့ … ဘုရားတရားအမြဲနှလုံးသွင်း … အလုပ်လုပ်တဲ့သူအချင်းချင်းတည့်အောင်နေ … ကိုယ့်သူဌေးကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံ … ပြော့မယ့်သာပြောရတာ ငါ့သားမက်က သူတော်ကောင်းကြီး … ဘုရားသိကြားမလို့ ကျန်းမာချမ်းသာပါစေ …''
အမေက အိမ်ကပြင်မှာ ပြောင်းဖူးဖက်ဆေးလိပ်ကြီးဖွားနေရင်း မမြင်ရင်ကို တတွတ်တွတ်မှာနေတယ်။ မမြရင် အမေ့စကားကို ဆုံးအောင်နားမထောင်နိုင်ပါဘူး။ အမေကအဲလိုပဲ။ မှာကြားနေတာက မပြီးတော့ဘူး။ ပြီးအောင် နားထောင်နေလို့ ကိုလမ်းဘိုနဲ့ ဖုန်းမပြောလိုက်ရရင် အခက်သားလား။ မမြရင် ရွာလည်ဖုန်းဆိုင်ဆီကို ခပ်သုတ်သုတ်လေး ထွက်လာခဲ့တယ်။
xx xx xx
ကိုလမ်းဘို မလေးတက်သွားတာ သုံးနှစ်ပြည့်ရောပေါ့။ ပေါက်တူးအခါလည်သားတုန်းက မလေးတက်သွားခဲ့တာ။ အခုဆို ပေါက်တူးတောင် လေးနှစ်တင်းတင်းပြည့်ပြီ။ ကိုလမ်းဘို မလေးတက်သွားတုန်းကဆို မမြရင်စိတ်မကောင်းလည်းဖြစ် ဝမ်းလည်းနည်းနဲ့ လည်ချောင်းထဲ အလုံးကြီးဆို့နေသလို ဘာစကားမှမပြောနိုင်ဘဲ မျက်ရည်စမ်းတမ်းတမ်းနဲ့ပေါ့။
''ကိုလမ်းဘိုရယ် … တော်သွားချင်လို့တာ လွှတ်ရမှာ … သူများနိုင်ငံကို အလုပ်သွားလုပ်မှာ ကျုပ်ဖြင့် စိတ်မချနိုင်ဘူးတော်..''
''ဟ … မြရင်ရ … သူများတွေလည်း ဒီလိုပဲသွားနေကြတာ … ငါတစ်ယောက်တည်းမှ မဟုတ်တာ … နင်ကလည်း အစိုးရိမ်လွန်ပါလို့''
ကိုလမ်းဘိုက စိတ်ကျေနပ်အောင် တရားရေအေး တိုက်ကျွေးပေမယ့် မမြရင် စိတ်မချရိုးအမှန်ပါ။ ကိုလမ်းဘိုပြောတော့လည်း အဟုတ်သား။ ရာသီကို အမှီပြုနေရတဲ့ တောင်သူလယ်သမားဘဝကလည်း အခုလို မိုးခေါင်းတော့ သီးနှံ့တွေက မကောင်း။ ပျက်စီးတာတွေများတော့ ရေကြည်ရာ မြက်နုရာဆိုသလို ထွက်သွားလိုက်ကြတာ စင်္ကာပူ၊ မလေး၊ ထိုင်းစတဲ့ နိုင်ငံရပ်ခြားကို အလုပ်သွားလုပ်တဲ့သူရယ်။ နေပြည်တော်၊ မော်လမြိုင်၊ ရမည်းသင်းရွှေတောစတဲ့ ကိုယ်နိုင်ငံထဲမှာပဲ အလုပ်သွားလုပ်တဲ့သူရယ်နဲ့ ရွာမှာ ယောက်ျားသားကို လက်ညှိုးထိုးပြစရာ မရှိတော့ဘူးရယ်။ ဒီလိုပဲ ဖြစ်သွားလိမ့်မယ်လို့ ဖြေလိုက်ရပေမယ့် ကိုလမ်းဘိုသွားကတည်းက တစ်ရက်မှ မပျော်နိုင်ဘူး။ ကိုလမ်းဘိုတစ်ယောက် ကျန်းမာရေးခြား ရှိပါစေလို့ ဘုရားမှာ ဆုတောင်းမိတာလည်း အခါခါ။ မတောက်တစ်ခေါက် စာလွှာလေးတွေ လူကြုံနဲ့ အကြိမ်ကြိမ်ထည့်ရင်း မမြရင် စိတ်ဖြေနေရတယ်။
xx xx xx
''အမေ … အဖေက ဘယ်သွားတာတုန်းဟင် … ''
''မလေးရှားကို သွားတာပေါ့ … ''
''ဘယ်တော့ ပြန်လာမှာလဲဟင်''
''သားရှင်ပြုဖို့ ပိုက်ဆံတွေအများကြီးရရင် ပြန်လာမှာ''
''မလေးရှားက ဘယ်နားမှာလဲဟင် … ''
''ဟိုး … ဘက်မှာ … ''ဆိုပြီး လက်ညှိုးထိုးပြလိုက်ရပေမယ့် မလေးရှားဆိုတာ ဘယ်အရပ်ဒေသမှန်း မမြရင်လည်း မသိဘူး။ ဒီလိုပဲ ရမ်းသမ်းပြီး ပေါက်တူးစိတ်ကျေနပ်အောင်ထိုးပြလိုက်ရတယ်။ ကိုလမ်းဘို ဓာတ်ပုံကို ပြပြထားလို့ ပေါက်တူးလေးက အဖေဆိုတာကို မှတ်မိနေပြီ။ ဖုန်းနဲ့ သူ့အဖေကို တွတ်တီးတွတ်တာ ချွဲတတ်နေပြီ။ အဖေကို ချစ်ရှာသားပဲလို့ စိတ်ထဲတွေးမိတော့ မမြရင် ဝမ်းသာမိတယ်။
''မြရင်ရာ … ငါ့တုန်းက ရှင်မပြုခဲ့ရလို့ သင်္ကန်းလည်း မစီးခဲ့ရဘူး … ငါ့သားလည်း ငါလိုအဖြစ်မျိုး ကြုံမှာစိုးသယ် … အဲဒီတော့ ငါမလေးတက်ပြီး ပိုက်ဆံရှာမယ် … အလှူလှူဖို့စုမိရင် ပြန်လာခဲ့မယ် … ''
ကိုလမ်းဘို မလေးမတက်ခင် တဖွဖွပြောခဲ့တဲ့ စကားတွေကို မမြရင် ပြန်အမှတ်ရမိတယ်။  ကိုလမ်းဘိုတို့ ငယ်ငယ်တုန်းက တအားဆင်းရဲသတဲ့။ ဆင်းရဲလွန်းလို့ ထမင်းနပ်မှန်အောင်မစားရ။ စားရပြန်တော့လည်း ဆန်ရှားပါးလွန်းလို့ ပြောင်းဖူး၊ ပြောင်းဆံ၊ ပဲနောက်စေ့တွေကို ဆန်နဲ့ရောချက်ပြီး ခုစားရသတဲ့။ မြရင်တို့ဘဝလည်း ဘာထူးတုန်း။ အတူတူနဲ့ အနူနူပါပဲ။ ဆင်းရဲလိုက်တာ ဟိုဘက်ကမ်းတောင်လွန်လို့။ နှုတ်ခမ်းပဲချင်း မီးမှုတ်တယ်ပဲဆိုဆို ကိုလမ်းဘိုနဲ့ လူငယ်ချင်း မေတ္တာမျှပြီး အိမ်ထောင်ကျတာ လေးနှစ်တောင် ကျော်ပြီ။ နွားတချဉ်းဟဲ့၊ ယာဘယ်နှစ်ခင်းဟဲ၊ နှမ်းဘယ်နှစ်တင်းဟဲ့လို့လည်း ဘယ်မိဘကမှ ပေးစရာလည်းမရှိ။ ထောင်ပေးစရာလည်းမရှိဆိုတော့ သုညနဲ့သုညပေါင်းလို့ သုညရတာ အဆန်းမဟုတ်ပါဘူး။ မမြရင်က နေ့စားလိုက်တယ်။ သက်ကယ်အငှားပျစ်တယ်။ ကိုလမ်းဘိုက သူဌေးအိမ်မှာ သူရင်ငှားနေတယ်။ နေ့ခင်းပိုင်း အလုပ်ကိုယ်စီလုပ် ညပိုင်းမှ လင်းနဲ့မယား ကြည်နူးချိန်ရတော့တယ်။ ကိုလမ်းဘိုက အလုပ်ကိုင်ကောင်းတယ်။ သူရင်းငှားဆိုပေသိ ကိုယ်ဟာလို သဘောထားလုပ်တာဆိုတော့ ဘယ်သူဌေးမှ ယာခင်းအထိ လိုက်ကြည့်စရာမလိုဘူး။ အဲဒီတော့ ကိုလမ်းဘိုဆို ဟိုအိမ်က ခေါ်ချင် ဒီအိမ်က ခေါ်ချင်နဲ့ပေါ့။
''မြရင်ရေ … ငါတို့ သူများအိမ်ပဲ ကျွန်ခံနေလို့ကတော့ ဒီတစ်သက် ဆင်းရဲတွင်းက ထွက်ရမှာ မဟုတ်ဘူး … အရင်းအနှီးလေး ဘာလေးရှိရင်တော့ ကိုယ်ပိုင်ယာလေး နွားလေးဝယ်ပြီး လင်မယားနှစ်ယောက် ဒိုးတူ ပေါက်ဖက်လုပ်စားရရင် အကောင်းသား … အခုတော့ဟာ ငွေတွင်းကလည်း အတော်နက်သကိုး … ''
အဲလို ကိုလမ်းဘိုက ညည်းတဲ့အခါတိုင်း မမြရင်မှာ အားပေးရပြန်တယ်။ ကိုလမ်းဘို ညည်းချင်ရင်လည်း ညည်းချင်စရာ။ မမြရင်တို့ဘဝက စုဆောင်းဖို့ နေနေသာသာ ထမင်းနပ်မှန်အောင် မနည်းကြိုးစားရတာ။ အလုပ်ရှင်ကလည်း ခိုင်းတာခိုင်းချင်တာ။ လခတော့ သိပ်ပေးချင်တာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုလမ်းဘိုကတော့ စိတ်ရင်းစေတနာနဲ့ လုပ်ပေးရှာပါတယ်။ တောင်အရပ်မှာမိုးတွေညို့တက်လာပြီ။ မကြာမီ မိုးရွာတော့မယ်ထင်ပါရဲ့။ မမြရင် တွေးရင်း ခြေလှမ်းသွက်သွက်နဲ့ လျှောက်လာခဲ့တယ်။
xx xx xx
''ဟဲ့ မြရင် ရေးကြီးသုတ်ပြာနဲ့ ဘယ်တုန်းဟ … ''
''ဘယ်ရမတုန်း … ရွာလည်က ဓာတ်စက်သံ တော်မကြားရော့သလား … ကိုလမ်းဘိုဆီက ဖုန်းလာလို့တဲ့တော်ရေ … ''
ကိုတောက်ထိန်က နွားစာစင်းရာက လှမ်းမေးတော့ မမြရင် အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်တယ်။ နဂိုကမှ ကြွားချင်တင်တင်ဆိုတော့ ကိုတောက်ထိန်က လှမ်းမေးလိုက်တော့ ဟန်ကျသွားတာပေါ့။
''ငါ့ကောင်ကြီး … ငွေလွှဲတော့မယ်ထင်သယ် … မြရင်တို့တော့ ဟန်ကျသဟ''
ကိုတောက်ထိန်ရဲ့ မှတ်ချက်စကားကို နားမထောင်တော့ဘူး။ မမြရင် ခပ်ကြွားကြွားလေးနဲ့ ဖုန်းဆိုင်ကို လျှောက်လာခဲ့တယ်။ နွားမအုပ်သွင်းချိန်ဆိုတော့ လမ်းမှာလည်း နွားတွေကလည်း ရှုပ်ယှက်ခက်နေတာပဲ။
''ထွီးဟဲ့ … ဖက်ဟဲ့ ''ဆိုကာ မမြရင်က သူ့ခြေဖဝါးက ခြေမှုန့်ကို ယူပြီး ပေါက်တူးခေါင်းကို ပွတ်လိုက်တယ်။  နေဝင်မိုးချုပ်ကြီး မကောင်းဆိုးဝါးတွေ ကပ်မှာစိုးလို့သာ ခပ်မြန်မြန်လေး လုပ်လိုက်ရပေမယ့် နဖူးမှာ အိုးမည်းမတို့ခဲ့ရလို့ စိတ်ထဲ တထင့်ထင့်ရယ်။ သားအဖနှစ်ယောက် စကားပြောရပါစေတော့ဆိုပြီး ခေါ်လာခဲ့တာ။ မိုးချုပ်ချိန်ဆို ပေါက်တူးကို အိမ်အပြင်ခေါ်ချင်တာမဟုတ်ဘူး။ ဟိုတစ်ခါကလည်း ဒီလိုခေါ်ခဲ့ဖူးလို့ မကောင်ဆိုးဝါးကပ်တာ ခံရပြီးပြီ။ အဲဒီတုန်းက ပေါက်တူးလေး ကျစ်ကျစ်တောင်အောင်ပူပြီး အသည်းအသန်လို့ ဟိုလူကယ်ပါ ဒီလူကယ်ပါနဲ့ မမြရင် ဒုက္ခရောက်လိုက်တာ ပြောမနေနဲ့။ ဘသော်ဆီမှာ တွက်ချက်ပြီး တောစာကျွေးလိုက်ရတာ တော်သေးလို့ မသေကောင်းမပျောက်ကောင်းနဲ့။ ''ကလေးကျန်းမာရေး ဂရုစိုက်ပါဟာ''လို့ ကိုလမ်းဘိုက ဖုန်းနဲ့တဖွဖွမှာတဲ့ကြားက အခုလိုဖြစ်တာဆိုတော့ မမြရင်ဖြင့် ကိုလမ်းဘိုမရှိလို့ အားငယ်ရတဲ့အထဲ မဗဒါမြေလူးသလို စွေ့စွေ့ကို ခုန်လို့။
xx xx xx
ကိုလမ်းဘိုကို မမွေးနိုင်လို့ ဆေးရုံအသွား လမ်းမှာမွေးခဲ့လို့ အလွယ်တကူပဲ လမ်းဘိုလို့ မှည့်လိုက်သတဲ့။ ကိုကျော်အောင်ဆိုတဲ့နာမည်အရင်းပျောက်ပြီး ကိုလမ်းဘိုလို့ အမည်တွင်ခဲ့တာ အခုချိန်ထိပါပဲ။ ကိုလမ်းဘိုကော မမြရင်ကော အတန်းစာ မတတ်ကြဘူး။ နှစ်ယောက်လုံး ဘုန်းကြီးကျောင်းထွက်တွေ။ သေစာရှင်စာလောက်ပဲ ဖတ်တတ် ရေးတတ်တယ်။ အဲဒါကြောင့် ကိုလမ်းဘိုကို မမြရင် မလေးရှားကို မလွှတ်ချင်တာ။ ဟိုမှာက ဆေးမျိုးရင်းခြာမရှိနဲ့ မတော်လို့ လူလိမ်တွေနဲ့ တွေ့မှဖြင့်ဆိုတဲ့ စိတ်ကလေးကတော့ အမြဲရှိတယ်။ အခုလို တောင်ကမိုးတွေ ညို့လာရင် မမြရင် ကိုလမ်းဘိုကို သတိရတယ်။ လွမ်းတဲ့အခါတိုင်း ရွာ့တောင်ဘက်က ညောင်ပင်ကြီးအောက်ကို ပြေးပြီး ကြိတ်ငိုရရှာတယ်။ ကိုလမ်းဘိုနဲ့ မမြရင် ချစ်သူရည်းစားဖြစ်ခဲ့တာလည်း အခုလို မိုးတွေညို့နေတဲ့အချိန်မဟုတ်လား။
''ဟိတ်ကောင်မ မြရင် … ခေါ်မကြား အော်မကြားနဲ့ ဘာတွေများ အတွေးပိုနေရသတုန်း … ''
''ဘာမှမတွေးပါဘူး ဆစ်တိုမရယ် … ကိုလမ်းဘိုဆီက ဖုန်းလာလို့အေ့ … ''
''ဟုတ်လား … ငွေလွှဲမယ်လို့တော့ ငါမထင်ဘူးအေ့ ညည်းသိတဲ့အတိုင်းပဲ တို့ရွာက မလေးသွားတဲ့သူတွေ အဆင်မပြေကြဘူး … သောင်းမြင့်ကို ညည်းသိတယ်မလား … အိမ်ကို ငွေလုံးဝပြန်မပို့နိုင်ဘူး … ဘယ်ပို့နိုင်မတုန်း … ဟိုမှာ အလောင်းကစားတွေလုပ်သတဲ့ … ကြည်ညွှန့်ကတော့ မလေးထီပေါက်လို့ဆိုလား ဆယ်သိန်းလွှဲသတဲ့ … တင်စိန်လည်း သူ့သူဌေးနဲ့အဆင်မပြေလို့ ပြန်ပို့မယ်ဆိုလားပဲ … ငါ့ယောက်ျားက အလုပ်ကောင်းတော့ ငွေများများ ပို့နိုင်သယ်အေ့ ကဲ ကဲ စက်ချုပ်ဆိုင်မှာ မလေးကပို့လိုက်တဲ့ ပါတိတ်လုံချည်လေး အပ်ထားလို့ သွားရွေးလိုက်အုံးမယ်''
ဆစ်တိုမက သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းကို ရေပက်မဝင်ပြောပြီး ထွက်သွားတော့ မမြရင် မျက်စောင်းတစ်ချက် လှမ်းထိုးလိုက်တယ်။
မလေးမှာ အလုပ်လုပ်တဲ့သူတွေ အဆင်မပြေဘူးလို့လည်း မမြရင် ကြားမိပါရဲ့။ တချို့ဆို သေသလား ရှင်သလားမသိဘူး။ မလေးထွက်သွားကတည်းက ငွေမပို့တဲ့သူ။ မဆက်သွယ်တဲ့သူနဲ့။ တချို့ဆို မလေးသွားဖို့ ငွေတိုးယူထားတာ အတိုးပေါ် အတိုးဆင့်ပြီး နွား၊လှည်း၊ယာတွေ ပြုတ်သွားတဲ့အပြင် ကုန်းကောက်စရာ မကျန်အောင် ချွတ်ခြုံကျသွားကြတာလည်း ထုနဲ့ဒေး။ တချို့လည်း အလုပ်ကောင်းတော့ အဆင်ပြေကြပါတယ်။ ကိုလမ်းဘို မလေးသွားမယ်ဆိုတုန်းကလည်း သူများဆီက ငွေတိုးမယူရအောင် အိမ်နဲ့ ဝိုင်းကွက်လေးရောင်းရုံတင်မကဘူး။ မမြရင်နားက နားကပ်လေးတောင် ရောင်းချပြီး ပေးခဲ့ရတာ အခုချိန်ထိ မမြရင်နားက ဟောင်းလောင်းပဲ။ ကိုလမ်းဘိုတက်သွားတော့ မမြရင်လည်း အမေ့အိမ်ပြန်ကပ်နေရတယ်။
ကိုလမ်းဘို ဟိုမှာနေရတာ အဆင်ပြေလားမသိ။ ကိုလမ်းဘိုက တပ်ကုန်မြမြဆေးပေါ့လိပ်ဆို သိပ်ကြိုက်တာ။ ထမင်းဆိုလည်း ဘာဟင်းမှမပါပါ အမည်းခြောက်လေးပါရင် ပြီးရော။ အဲ တောင်ခရိုးမှာ လှန်းထားတဲ့ အမည်းညှင်းလေး မသိမ်းခဲ့ရဘူး။ မိုးမိသွားရင် ဒုက္ခလို့ မမြရင် တွေးရင်း စိတ်ပူပမ်မိသေးတယ်။
xx xx xx
''ဟဲ့ … မြရင် … ကလေးမ နေဝင်မိုးချုပ် ဘယ်တုန်းအေ့ … ''
ကြီးသိန်းက နှုတ်ဆက်မှ မမြရင် အတွေးပြတ်သွားတယ်။
''ကိုလမ်းဘို ဖုန်းလာလို့ ရွာလည် ဖုန်းဆိုင်သွားမလို့ကြီးသိန်း … ''
''ညည်းနှယ်အေ … ဘာတွေစဉ်းစားခန်းဖွင့်ပြီး လာနေသတုန်း … အခု ညည်းရွာအနောက်စတောင် ရောက်နေပြီအေ့ … ''
ကြီးသိန်းပြောမှ သတိရတယ်။ မမြရင် တွေးရင်း တောရင်း လျှောက်လာလိုက်တာ ရွာလည်ကို ကျော်ပြီး ရွာအနောက်စကိုတောင် ရောက်နေပါရော့လား။ မမြရင် ရှက်ရှက်နဲ့ ရယ်ရင်း ရွာလည် ဖုန်းဆိုင်ကို ပြန်လျှောက်လာခဲ့တယ်။ ဖုန်းဆိုင်ရောက်တော့ အဆင်သင့်ပါပဲ။ ကိုလမ်းဘိုဖုန်းခေါ်တာနဲ့ တန်းတွေ့တယ်။
''ဟဲလို … ကိုလမ်းဘို … ဟဲလို ဟဲလို … ''
တစ်ဘက်ကိုလမ်းဘိုဆီမှ တုန့်ပြန်သံမကြားရတော့ မမြရင် ရင်ထဲ ထိတ်ခနဲဖြစ်သွားတယ်။ ဘုရား … ဘုရား … ကိုလမ်းဘို ကျန်းမာပါစ။ ခါးထစ်ခွချီထားတဲ့ ပေါက်တူးကိုချ ဖုန်းခွက်ကိုကိုင်ပြီး အသံကျယ်ကျယ်နဲ့ နောက်တစ်ခါ အော်မေးလိုက်ပြန်တယ်။
''ကိုလမ်းဘို … ကိုလမ်းဘို … ကျုပ်ပြောတာ ကြားရလား … ကိုလမ်းဘို … ကိုလမ်းဘို … ''
''ဟဲ့ မြရင် မြရင် … ''
အမေက လှုပ်နိုးလိုက်မှ မမြရင် အိပ်မက်က နိုးလာပြီး လူးလဲထလိုက်တယ်။ မျက်စိနှစ်လုံးကို ပွတ်သပ်လိုက်ပြီး …
''တော် … အမေ … ''
''ညည်းနှယ်အေ … အိပ်မက်တွေ မက်ပြီး ယောင်နေပြန်ပလား …  ရော့ ရော့ ရေသောက်လိုက်အုံး … ''
အမေကမ်းပေးတဲ့ ရေခွက်ကို မမြရင် ကပြာကရာ သောက်လိုက်တယ်။ ရင်ပူနေတာတွေ အခုမှ အေးမြသွားတယ်။ တစ်ကိုယ်လုံး ချွဲချွဲစိုနေတဲ့ ချွေးစီးတွေကို ဖျင်တဘက်နဲ့သုတ်လိုက်တယ်။
''မြရင်ရယ် … စွဲလမ်းစိတ်ကလည်း လွန်ပါ့ … ကဲ ကဲ ပြန်အိပ်လိုက်အုံး လင်းကြက်တောင် မတွန်သေးဘူး..''
မမြရင် အိပ်ယာထဲ ပြန်လှဲလိုက်ရင်း ဘေးနားမှာ အိပ်နေတဲ့ ပေါက်တူးကို စမ်းကြည့်မိတယ်။ ပေါက်တူးက ခေါခေါခူးခူးနဲ့ အိပ်မောကျနေတာ သိရမှ သက်ပြင်းရှည်ကြီးချမိတယ်။ ပြူတင်းပေါက်ကနေ မိုးကောင်းကင်ကြီးကို မော့ကြည့်မိတော့ ကြယ်တစ်လုံးတစ်လေမှ မတွေ့ရဘဲ တောင်အရပ်ဆီမှာ မိုးရိပ်တွေ ညို့တက်လာတာ တွေ့ရတယ်။ မမြရင် ပါးပေါ်မှာ မျက်ရည်ပေါက်တွေ တလိမ့်ချင်း တစ်ပေါက်ချင်း လိမ့်ဆင်းလာတယ်။ မမြရင် ဆက်အိပ်လို့မရဘဲ အတွေးထဲ နစ်မြောနေမိတယ်။
''ကိုလမ်းဘိုရေ … တော်သွားချင်လှပါသယ်ဆိုတဲ့ မလေးရှား … တော့်သားကြီးရှင်ပြုဖို့ နေမကောင်းတဲ့ကြားက အလုပ်တွေလုပ်နဲ့ … အခုတော့ ကျုပ်တို့သားအမိကို ထားရစ်ခဲ့တာ နှစ်နှစ်ပြည့်ပြီတော်ရေ့… မနက်ဖြန် တော့်အတွက် ရည်စူးပြီး ဘုန်းကြီးဆွမ်းကပ်မယ် တော် ရောက်ရာအရပ်က သာဓုခေါ်ပါတော် …''
-----------------

အာကာခေတ်ပိုင်
ကလျာမဂဇင်း
ဖေဖော်ဝါရီလ၊ ၂၀၁၄

0 comments:

Post a Comment

ဝေဖန် အကြံပြုခဲ့ပါအုံး