24.6.12
မေတ္တာနှောင်ကြိုး
                                                      အခန်း(၁)
                        လုံးဝထင်မှတ်မထားသော အဖြစ်အပျက်တစ်ခုကြောင့် သွေးပျက်ချောက်ချားသွားရပါသည်။ ထိုနေရာမှနေပြီး ကြောက်အားလန့်အားနှင့် တအားရုန်းကန် ထွက်ပြေးသွားချင်မိသည်။ သူ၏မျက်နှာမှာလည်း သွေးဆုတ်ဖျော့တော့နေချေပြီ။  တဆတ်ဆတ်တုန်ယင်နေသော လက်ထဲမှဓါးက မီးရောင်အောက်တွင် ၀င်းခနဲ လင်းခနဲ အရောင်တဖျပ်ဖျပ်လတ်နေလျှက်။ အသွားမြေ့နေသော ထိုဓါးပေါ်မှ သွေးစက်များသည် ပိတ်ဖြူပေါ်သို့ တစက်စက်၊ တပေါက်ပေါက် စဉ်ဆက်မပျက်ကျဆင်းနေလေသည်။
                        ည၏ကောင်းကင်ယံသည် မိုးသားများဖြင့် မည်းမှောင်ညှို့မှိုင်းနေသည်။ မိုးစက်မိုးပေါက်တို့နှင့်အတူ လေတဝေါဝေါ၊ တဒိုင်းဒိုင်းဖြင့် ပြင်ပလောကတွင် ဆူညံပွက်လောရိုက်နေသည်။ “ဖြောင်း၊ဖြောင်း“ဆိုသော သစ်ကိုင်းကျိုးသံတို့ကို အတိုင်းသားကြားနေရလေ၏။ လျှပ်စီးတို့က ဆလိုက်မီးကဲ့သို့ မှိတ်ချီတစ်ခါ၊ လင်းချီတလှည့်ဖြင့် ထိုညသည် ရုပ်ဆိုးအကျည်းတန်လွန်းလှသည်။         
                        ငှက်ဆိုးထိုးသံ စူးစူးဝါးဝါးကြောင့် ကြက်သီးများ“ဖျင်း“ခနဲထသွားရကာ တစ်ယောက်ကို တစ်ယောက် အကြည့်ချင်းဆုံမိကြသည်။ မည်သည့်စကားမျှမဆိုဖြစ်ကြသော်လည်း စိုးရိမ်ထိတ်လန့်မှု ဟန်များ သူတို့၏မျက်လုံးအိမ်တွင် အထင်သားပေါ်လွင်နေကြသည်။
                        မိုးခြိမ်းသံ“ဂျိန်း“ဆိုသောအသံကြောင့် ဒေါ်စိန်မှာ “အမယ်လေး“ဟု ကြောက်လန့်တကြားနှင့် ကြုံးအော်လေရာ သူပါရောယောင်ပြီး ကိုယ်လုံးလေးဆတ်ခနဲဖြစ်သွားရပါသည်။ ဒေါ်စိန်က သူ့နားသို့ ခပ်ရွေ့ရွေ့လေးတိုးကပ်လာသည်။ ကိုဝင်းမောင်က ဓါတ်မီးထိုးပြနေရင်း မျက်မှောင်ကျုံ့ကာ မျက်နှာရိပ်ပြလိုက်တော့မှ ဒေါ်စိန်မှာ ခပ်ယို့ယို့လေးဖြစ်သွားသည်။
                       သူ့တစ်ကိုယ်လုံးမှာလည်း ဇောချွေးနှင့်သွေးစများရောစပ်ကာ ပေကျံကုန်သည်။ မျက်နှာမှာတော့ ချွေးများသီး၍သီး၍နေချေသည်။ သူ သတိလစ်မေ့မျောသွားသူတစ်ယောက်ပမာ ထိုနေရာမှာပင် မက်တပ်ရပ်ရင်း ကြောင်ငေးကြည့်နေမိသည်။ သိစိတ်၊ မသိစိတ်များမှာ တစ်လှည့်စီ စိုးမိုးထားသည်။
                      သိစိတ်က အနိုင်ရသွားချိန်တွင် ချက်ချင်းဆိုသလို လက်အိပ်ကို ဆွဲချွတ်ကာ လူနာ၏လက်ကောက်ဝတ်အား စမ်းသပ်ကြည့်လိုက်သည်။ လူနာ၏သွေးခုန်နှုန်းလိုလို၊ သူ၏သွေးခုန်နှုန်းလိုလို ဝေခွဲမရဖြစ်နေကာ သွေးရူးသွေးတန်း ထပ်မံစမ်းသပ်မိသည်။ သွေးခုန်နှုန်းတို့မှာ အားလျှော့ရပ်တန့်ကုန်လေပြီ။
                      လူနာတစ်ကိုယ်လုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်သည်။ လူနာတစ်ကိုယ်လုံးမှာ ကော်ပက်ရုပ်ကြီးကဲ့သို့ ဖျော့တော့ဝင်းဝါနေသည်။ အသက်ရှုသံခပ်ငွေ့ငွေ့လေးကြားရလေမလားဟု လူနာ၏ရင်ဘက်နားသို့ နားနှင့်ကပ်နားထောင်ကြည့်လိုက်သည်။ နားကြပ်ကိုပင် လှမ်းမယူနိုင်လောက်အောင် သတိမေ့တုန်လှုပ်ချောက်ချားနေမိသည်။
                     သူ၏အသားများမှာ တဆတ်ဆတ်တုန်ယင်နေချေပြီ။ ဆရာမ မနီဘက်သို့ ဖြည်းဖြည်းချင်း အကြည့်ရောက်မိသည်။ နှဖူးစည်းနှင့် ပါးစပ်စည်းကြားမှ သူမ၏မျက်လုံးများမှာလည်း စိုးရိမ်ထိတ်လန့်မှုကြောင့် ၀ိုင်းစက်နေသည်။
                    သူ ကိုဝင်းမောင်လက်ထဲမှ ဓါတ်မီးအား ဆက်ခနဲဆွဲယူလိုက်ကာ လူနာ၏မျက်ခွံအား ဖြဲလိုက်ပြီး မျက်လုံးကို ဓါတ်မီးဖြင့် ဖျက်ခနဲထိုးကြည့်လိုက်သည်။ မျက်လုံးသူငယ်အိမ်မှာ မီးရောင်အောက်တွင် လှုပ်ရှားခြင်းမရှိ၊ ပကတိတိတ်ဆိတ်ငြိမ်သက်နေသည်။
                     လူနာမှာ ခွဲစိတ်နေရင်း ခုံပေါ်မှာပင် သေဆုံးသွားချေပြီဆိုသည့် အတွေး သူ၏ဦးနှောက်သို့ အလျှင်အမြန်ရောက်ရှိလာသည်နှင့်တပြိုင်နက် သူ၏ခေါင်းထဲတွင် မူးဝေသွားရသည်။ မျက်လုံးများမှာ ပြာဝေသွားရသည်။ အင်အားမရှိတော့သော သူ၏လက်ထဲမှ ဓါတ်မီးသည် လင်းလျှက်ပင် ခွဲစိတ်ခန်းကြမ်းပြင်ပေါ်သို့ ဒေါက်ခနဲပြုတ်ကျသွားသည်။ ဓါတ်မီးရောင်အောက်တွင် ခွဲစိတ်ခန်းကြမ်းပြင်၌ လူနာကိုယ်မှထွက်ခဲ့သော၊ ဆက်လက်ထွက်ရှိနေသော သွေးများမှာ အိုင်ထွန်းနေလေသည်။
                      ထိုနေရာမှာပင် မည်မျှကြာအောင် ကြောက်ရပ်နေသည်မသိ။ ဆရာမ မနီက “ဆရာ …“ဟု တိုးလျညင်သာစွာ ခေါ်လိုက်တော့မှာ အသိဝင်လာသည်။ ထို့နောက် ဗိုက်ကို ပြန်ပိတ်ရန် ပြင်ဆင်ရသည်။ ဗိုက်ဖွင့်စဉ်က ရွှင်လန်းတက်ကြွနေသော လက်ချောင်းများသည် အခုတော့ လေးတိလေးကွေးဖြင့် အေးစက်နေသည်။ ဗိုက်ပြန်ပိတ်ပြီးသွားချိန်တွင် ခွဲစိတ်ခန်းဝတ်စုံကို ချွတ်ကာ ထိုနေရာမှ လေးကန်စွာဖြင့် ထွက်လာခဲ့သည်။ ခွဲစိတ်ခန်းသုံးကရိယာများ သိမ်းဆည်းသံက ကြောက်ရွံ့ထိတ်လန့်ဖွယ်အတိ။
                      သူ ခွဲစိတ်ခန်းတံခါးပေါက်ကို ဖြည်းညင်းစွာဆွဲဖွင့်လိုက်သည်။ ခွဲစိတ်ခန်းအပေါက်ဝတွင် ဘုရားစာ၊ တရားစာများရွက်ကာ ထိုင်စောင့်နေကြသော လူနာရှင်များကို တွေ့လိုက်ရသည်။ သူတို့၏စိုးရိမ်နေသော မျက်လုံးများနှင့် ထပ်မံအကြည့်ချင်းဆုံမိသည်။ သူ ရှောင်လွှဲဘို့ကြားစားရန်ပင် အင်အားမရှိတော့။ ညှိုးငယ်နေသော သူ့မျက်နှာကို လူနာရှင်တွေ အဓိပါယ် အမျိုးမျိုးကောက်ကာ ဖတ်နေပေလိမ့်မည်။
                      သူ သက်ပြင်းရှည်ကို ညင်သာစွာချကာ ခေါင်းကို လေးပင်စွာ ခါယမ်းလိုက်ရင်း“ လူနာက ခွဲစိတ်နေရင်း အသက်ဆုံးရှုံးသွားပြီ“ဟု တစ်လုံးချင်း ပြောလိုက်သည်။ ထို့နောက် လူအုပ်ကြီးထဲမှ ထိုးထွက်ကာ ဆေးရုံရုံးခန်းထဲသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့လေသည်။ သူ၏နောက်မှ လူနာရှင်တို့၏ငိုယိုသံများ၊ ပြောဆိုညည်းတွားသံများ၊ စုပ်တသပ်သပ်နှင့် တက်ခေါက်သံများကို ကြားရသလိုလို မကြားရသလိုလို ဝေေ၀၀ါးဝါးဖြစ်နေလေသည်။ သူ၏မျက်ဝန်းမှ မျက်ရည်တစ်စက် ပါးပေါ်သို့ စီးကျလာလေတော့သတည်း … ။
ကောင်းကင်ယံတွင် မိုးသားများမှာ ဆက်လက်မှိုင်းညှို့နေဆဲ …
လေတဝေါဝေါနှင့် မိုးစက်မိုးပေါက်တို့ကလည်း အသံမစဲ တဟဲဟဲအော်ဟစ်မြည်ဟီးနေတုန်း …
လျှပ်စီးဝင်းခနဲ၊ လင်းခနဲနှင့်အတူ မိုးခြိမ်းသံ“ဂျိန်း“ခနဲက အကျည်းတန်ရုပ်ဆိုးသော ညကိုဖော်ဆောင်နေချေသည်တကား။
                                       @@@@@@@@@@@@@@@@@@@
                                        အခန်း(၂)
“ကျွန်တော်လုံးဝမကျေနပ်ဘူး … အဲဒီတော့ ဒေါက်တာပြည့်စုံအနေနဲ့ … ဘာလုပ်ပေးနိုင်လဲ … “
“စိတ်မကောင်းပါဘူး ကိုဖိုးထွေးရယ် … ကျွန်တော်လည်း … “
                     သူ၏စကားပင်မဆုံးလိုက်ချေ။ ကိုဖိုးထွေးက သူနားသို့တိုးကပ်လာပြီး-
“စိတ်မကောင်းပါဘူးလို့ပြောရုံနဲ့ ဒီကိစ္စက ပြီးသွားမှာတဲ့လား … နိုင်ငံခြားမှာဆိုရင် တရားစွဲလို့ရတယ်ဆိုတာ ကျွန်တော်တို့လို ပညာမတတ် နလပိန်းတုံးတွေတောင်သိတယ် … “
                     သူ ဘာစကားမျှမပြောဘဲ တိတ်ဆိတ်နေလိုက်ပြီး ကိုဖိုးထွေးအား စူးစိုက်ကြည့်မိသည်။ မျက်လုံးများနီးမြန်းနေကာ သူ့အား မျက်တောင်မခတ်စိုက်ကြည့်နေသည်ကို တွေ့ရလေသည်။ အရက်နံ့ကိုလည်း စူးခနဲရှူရှိုက်မိသည်။ ကိုဖိုးထွေးအရက်သောက်ထားသဖြင့် သူ့အနေနဲ့ စကားများများ မပြောသင့်မှန်းသိပါသည်။ သို့ပေမယ့် ပြသနာက ဒီအတိုင်းငြိမ်နေလို့ ပြီးလိမ့်မည်မဟုတ်။ ထို့ကြောင့် သက်ပြင်းရှည်ကို ချလိုက်ရင်း-
“ကျွန်တော်ခင်များနေရာကနေပြီး ကိုယ်ချင်းစာပါတယ် … ခင်များရင်တွေ ပေါက်ကွဲမတတ် ခံစားရမယ်ဆိုတာ နားလည်းပါတယ် … အဲဒီတော့ ကိုဖိုးထွေးအနေနဲ့ ဘာဖြစ်ချင်လဲ … ဘာလုပ်ချင်လဲ … ကျွန်တော်ဘာလုပ်ပေးရမလဲ …“
                    သူ့စကားအဆုံးတွင် ကိုဖိုးထွေးက ခေါင်းမော့ပြီး တဟားဟားရယ်မောနေလေသည်။
“ဟား … ဟား … ဘာဖြစ်ချင်လဲ … ဘာလုပ်ချင်လဲ … ဟုတ်လား … အေးပေါ့လေ … ခင်များက မေးလာတော့ ကျွန်တော်က ဖြေရတော့မှာပေါ့ … ဘာဖြစ်ချင်လဲဆိုတော့ … ခင်များကြောင့် သေသွားတဲ့ ကျွန်တော့်မိန်းမကို ပြန်လိုချင်တယ် … ဘာလုပ်ချင်လဲဆိုတော့ … “
                     ကိုဖိုးထွေးက စကားကို မဆက်သေးဘဲ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သူ့အား မျက်တောင်မခတ် စိုက်ကြည့်နေသည်။ သူက ခေါင်းငုံ့ထားလိုက်ရပါသည်။ ထို့နောက် ခေါင်းကို လေးတွဲစွာ ခါယမ်းလိုက်ရင်း-
“မဖြစ်နိုင်တာတွေမပြောပါနဲ့လား ကိုဖိုးထွေးရယ် … ခင်များမိန်းမက သေဆုံးသွားပြီပဲ“
                     သူက ထိုသို့ပြောလိုက်တော့မှ ကိုဖိုးထွေး၏မျက်နှာမှာ နာကျည်းမှုတို့ ရုတ်ချည်း ပြောင်းလဲသွားပြီး သူ့အား လက်ညှိုးငေါက်ငေါက်ထိုးကာ-
“ကျွန်တော့်မိန်းမသေသွားတာ ခင်များကြီးကြောင့် … ခင်များကြီးပေါ့လျှော့လို့ … ခင်များကြီး မကျွမ်းကျင်ဘဲ ခွဲစိတ်ခဲ့လို့ သေဆုံးသွားရတာ … “
                      သူ စုတ်တစ်ချက်သပ်မိသည်။ ထို့နောက် ကိုဖိုးထွေးနှင့် တည့်တည့်ရင်ဆိုင်လိုက်ပါသည်။
“ကိုဖိုးထွေး … ခင်များရဲ့စွပ်စွဲချက်တွေ ပြင်ထန်လွန်းပါတယ်ဗျာ … ကျွန်တော်တို့လည်း အစွမ်းကုန် … “
“တော်ပါတော့ဗျာ … ခင်းများတို့ဆရာဝန်တွေပြောနေကျစကားပဲပြောမှာမလား … ဘာတဲ့ … ကျွန်တော်တို့ဆရာဝန်တွေ အစွမ်းကုန်ကုသတာပဲ … ဒါပေမယ့် လူနာက ကံဆိုးလွန်းတော့ ခွဲစိတ်နေရင်း အသက်ဆုံးရှုံးသွားတယ် … စိတ်မကောင်းပါဘူးဗျာ … အဲဒီစကားတွေက ခင်များတို့လိုဆရာဝန်တွေရဲ့ ပြောနေကျ လက်သုံးတော်စကားလား … ဟား … ဟား … “
                    ကိုဖိုးထွေးမှာ တဟားဟားရယ်မောနေသော်လည်း မျက်ဝန်းအိမ်မှ မျက်ရည်များ အမျှင်မပျက် စီးကျနေလေသည်။
                    ဒေါက်တာပြည့်စုံစိတ်ထဲတွင် အမှန်တကယ်ပင် စိတ်မကောင်းဖြစ်သွားရပါသည်။ သေဆုံးသွားသူဇနီးသည်အတွက် ကြိတ်မနိုင် ခဲမရဖြစ်နေသော ကိုဖိုးထွေးအပေါ် သနားဂရုဏာ ဖြစ်ရပါသည်။
“ကိုဖိုးထွေးရယ် … ကျွန်တော်တို့လည်း လူနာကို ကောင်းစေချင်တဲ့စေတနာနဲ့ပါ … “
“ဗျာ … ကောင်းစေချင်တဲ့စေတနာ … ဟား … ဟား … ရယ်စရာတော်တော်ပြောတတ်တဲ့ ဆရာဝန်ပဲဗျ …
ခွဲစိတ်ရင်း သေသွားတာ ကောင်းစေချင်တဲ့စေတနာလား … “
“ကိုဖိုးထွေး မရိပါနဲ့ဗျာ …“ဟု ခပ်ပြတ်ပြတ်ပြောလိုက်ရင်း တစ်ဘက်သို့ လှည့်နေလိုက်သည်။
“ဘာဗျ … ကျွန်တော်က ရိတယ်ဟုတ်လား … ဒီမှာ သေဆုံးသွားသူက ကျွန်တော့်မိန်းမဗျ … ခင်များမိန်းမဟုတ်တော့ ခင်များ ဘယ်ခံစားတတ်မလဲ … ဟောဒီကောင်က ဒီရင်ဘက်ကြီးနဲ့ ခံစားရတာဗျ“ဟု ဆိုကာ ကိုဖိုးထွေးက သူ့ရင်ဘက်သူ လက်ဖြင့် တဘုန်းဘုန်း ပုတ်နေလေသည်။
                   သူ ဘာမျှပြန်မပြောဘဲ တိတ်ဆိတ်နေလိုက်သည်။ ဒီအချိန်တွင် ကိုဖိုးထွေး၏ရင်ထဲက ဝေဒနာတွေ အရက်တန်ခိုးနှင့်အတူ ပေါက်ကွဲချင်တိုင်း ပေါက်ကွဲပါစေ။ သူ စိတ်ရှည်သည်းခံပြီး ဆက်နားထောင်ပေးရုံမှလွဲ၍ ဘာမျှမတတ်နိုင်တော့။
“ကျွန်တော် ကျွန်တော်မိန်းမကို သိပ်ချစ်တယ်ဗျ … ကျွန်တော်တို့ဘ၀အခြေအနေက စုတ်ပျက်သတ်နေလို့ မယားနဲ့ပျော်နေရမယ့်အချိန်မှာ သူများနိုင်ငံမှာ ကျွန်သွားခံခဲ့ရတယ် … ချစ်ဇနီးလေးနဲ့ အတူတူပြန်နေရမယ့်အချိန်လေးတွေကို တမ်းတမှန်းဆရင်း ပျော်ခဲ့ရတယ် … အလုပ်တွေ ကြိုးစားခဲ့ရတယ် ငွေတွေကို အပင်ပမ်းခံ … အဆင်းရဲခံရှာလာပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်မယ်လို့ အားခဲပြီး ပြန်လာချိန်မှာ ကျွန်တော့်မိန်းမက လူလောကကြီးကို စွန်ခွာသွားပြီ … ကျွန်တော့်မိန်းမကို တွေ့ခွင့်မရတော့ဘူး … အဲဒါ ခင်များကြောင့် … ကျွန်တော့်တို့ရဲ့ ပျော်ရွှင်စရာကောင်းမယ့် မိသားစုလေးကို ဖျက်ဆီးခဲ့တာ ခင်းများကြီးကြောင့် … လူသတ်သမား ခင်များကို ကျွန်တော် တစ်သက်မကျေဘူး … “
                    ကိုဖိုးထွေးက စကားဆက်မပြောတော့ဘဲ ဟန်မဆောင်နိုင်အောင် တသိမ့်သိမ့် ငိုကျွေးနေလေသည်။ ဒေါက်တာပြည့်စုံ၏ရင်ထဲတွင်လည်း ဆို့နစ်ကြေကွဲသွားရလေသည်။
“ကျေးဇူးပြုပြီး ကျွန်တော်ရှင်းပြတာလေးကို နားထောင်းပေးပါ ကိုဖိုးထွေး … “
“နားမထောင်နိုင်ဘူး … ရှင်းပြဘို့လည်း မကြိုးစားပါနဲ့ … အေး တစ်ခုတော့ ပြောခဲ့မယ် … ခင်များကို ဘယ်တော့မှ ကျေမှာမဟုတ်ဘူးဆိုတာပဲ … “ဟု ဒေါသသံဖြင့်ပြောရင်း ထိုနေရာမှ ချာခနဲ လှည့်ထွက်သွားလေသည်။ ဒေါက်တာပြည့်စုံမှာ ကိုဖိုးထွေး၏ကျောပြင်အား ငေးမောကြည့်ရင်း သက်ပြင်းရှည်ကြီး ချမိလေတော့သည်။
                                  @@@@@@@@@@@@@@@@@@
                                       အခန်း(၃)
                  ထိုနေ့ညတွင် မိုးသက်မုန်တိုင်း ၀ုန်းဒိုင်းကျဲသောနေ့ဖြစ်သည်။ စနေမဟုတ် ဘာမဟုတ်နှင့် တိုက်လိုက်သည့်လေ၊ စွေလိုက်သည့်မိုး။ လင်းကတည်းက ရွာချလိုက်သည်မှာ ညနေမှောင်ရီပျိုးသော  အချိန်ထိ မစဲနိုင်သောမိုး။
                  သွပ်ခေါင်မိုးပေါ်သို့ မိုးစက်မိုးပေါက်တို့ ထိတွေ့သံဆူဆူညံညံနှင့်အတူ တောင်ညောင်ဦး တိုက်နယ်ဆေးရုံလေးထဲတွင် ဆေးရုံဝန်ထမ်းများအားလုံး မမောနိုင်မပမ်းနိုင် အလုပ်ရှုပ်လျှက် ရှိပေသည်။ အပြင်တွေ မိုးရေကြောင့် ချမ်းစိမ့်စိမ့်ရှိနေသော်လည်း သူတို့၏မျက်နှာကိုယ်စီတွင် ချွေးသီးများ သီး၍သီး၍ နေချေသည်တကား … ။
                  အဘယ်ကြောင့်နည်း။ မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်ဝမ်းလျှော လူနာများမှာ ဆေးရုံကုတင်များထက်တွင် အစီအရီ ပြည့်နှပ်နေပြီး ကုတင်များ မလောက်ငှသဖြင့် သမန်တလင်းတွင် ဖျာခင်းကာ နေရာချထားပေးရသည်။ လူနာကလေးငယ်များ၏ အော်ဟစ်ငိုကျွေးသံ၊ လူနာကြီးများ၏ ညည်းညူသံများဖြင့် ဆေးရုံတစ်ခုလုံး လှုပ်ရှားသက်ဝင်နေလေသည်။
                   အင်အားကြီးမားသောလေတစ်ချက်က ပြင်းထန်စွာ တိုက်ခတ်ရိုက်ချလိုက်ချိန်တွင် ဆေးရုံပြူတင်းပေါက်များ အလိုအလျောက်ပွင့်ထွက်ကုန်သည်။ ထိုပြူတင်းပေါက်မှတဆင့် လေနှင့်မိုးများ ရောပါလာကြသည်။ ဒရစ်ပုလင်းများယမ်းခါခြင်းနှင့်အတူ လူနာစောင့်များ၏အော်ဟစ်သံများ၊ ရုန်းကန်သံများဖြင့် ဆေးရုံတစ်ခုလုံး ပွက်လောရိုက်ကုန်လေသည်။
                     အလုပ်သမားများက ပြူတင်းပေါက်များကို လျှင်မြန်စွာ လိုက်ပိတ်ကြသော်လည်း မထူးပြီ။ ဆေးရုံကြမ်းပြင်တစ်ခုလုံး ချွဲချွဲစိုနေချေပြီ။ အပြင်မှရေများလျှံတက်လာပြီး ဆေးရုံထဲသို့ပင် စဉ်ဆက်မပျက် စီးဆင်းလာကြလေပြီ။ ခဏအကြာတွင် ဆေးရုံကြမ်းပြင်တစ်ခုလုံး ရေအိုင်ကြီးဖြစ်သွားချေပြီ။
                      ကြမ်းပြင်တွင် နေရာပေးထားသော လူနာများအား ကုတင်ပေါ်တွင် နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ ကျပ်ညှပ်နေအောင် နေရာချထားပေးရလေသည်။ ကုတင်တစ်ခုမှ ကုတင်တစ်ခုသို့ သွားလာနိုင်ရန် ရေအိုင်ထဲတွင် အုတ်ခဲများ အတန်းလိုက် စီတန်းချထားပေရလေသည်။
                      ဒေါက်တာပြည့်စုံသည် အလုပ်သမားများအား အစီစဉ်တကျ ညွှန်ကြားပြီး ရုံးခန်းထဲတွင် ကော်ဖီပူပူတစ်ခွက်ကို မှုတ်သောက်နေလေသည်။ ခါးသက်သက်အရသာက ပင်ပမ်းနွယ်နယ်မှုတို တဒင်္ဂအတွင်း ပပျောက်စေလေသည်။
                     ခဏအကြာတွင် မိုးရေများကြားမှ ထော်လာဂျီတစ်စီးထိုးဆိုက်လာသံနှင့်အတူ ဆူဆူညံညံသံများကိုလည်း ကြားလိုက်ရလေသည်။
“ဆရာ …. လူနာ တစ်ယောက်ရောက်လာတယ်“
“သြော် … ဟုတ်ပြီ ဒေါ်စိန် ကျွန်တော်လာခဲ့မယ်၊ လူနာကို စမ်းသပ်ခန်းထဲ မြန်မြန်ထည့်လိုက် …“
                      နားကြပ်ကို ပုခုံးပေါ်တင်ကာ စမ်းသပ်ခန်းထဲသို့ အပြေးဝင်သွားရပြန်လေသည်။ လူနာနဘေးတွင် လူနာရှင်များမှာ အုံခဲနေကြလေသည်။ ရွာလုံးကျွတ်များ လိုက်လာလေသလားဟု အောင်းမေ့ရလောက်အောင် စမ်းသပ်ခန်းတစ်ခုလုံးပြည့်နှပ်နေလေသည်။ စမ်းသပ်ခန်းပြင်ပတွင်လည်း အထုပ်အပိုးများဖြင့် စောင့်နေသော လူများမှာလည်း စုစုရုန်းရုန်း။ လူတစ်ဦးနေထိုင်မကောင်းဖြစ်ပါက ကျန်သူများက ယခုကဲ့သို့ စိုးရိမ်တကြီး လိုက်ပို့ကြသည်မှာ ချစ်စရာတောရွာဓလေ့ပင်မဟုတ်လား … ။
“ဘာလိုဖြစ်တာလဲ ….“
                      လူနာအမျိုးသမီးမှာ စမ်းသပ်ခုံပေါ်တွင် ပက်လပ်အနေအထားဖြင့် ညည်းညူနေရှာသည်။ ဘေးနားရှိ အမျိုးသမီးကြီးတစ်ဦးက မျက်နှာငယ်လေးနှင့် သူ့အားမော့ကြည့်နေပြီး လူနာအား ပြောလိုက်ဆိုတဲ့ သဘောဖြင့် လက်ကိုတို့လေသည်။ လူနာက နာကျင်မှုဝေဒနာကြားမှ အားတင်းကာ-
“ဆရာ … ကျွန်မ ဗိုက်အရမ်းအောင့်နေတယ်ဆရာ“
                      လူနာအမျိုးသမီးက ဗိုက်ကိုနှိပ်လျက် မခံမရနိုင်ဖြစ်ပြီး ရှုံ့မဲ့နေလေသည်။ သူက လူနာ၏နှဖူးအား လက်ကိုမှောက်လျှက် စမ်းသပ်လိုက်သည်။ လူနာမှာဖျားနေချေပြီ။ ဆရာမက အလိုက်သိစွာဖြင့် အပူချိန်တိုင်ကရိယာကို လူနာ၏ချိုင်းကြားတွင် ထည့်လိုက်လေသည်။ ထို့နောက် သူက ဗိုက်ကို သေချာစမ်းသပ်လိုက်သည်။
“ဗိုက်ဘယ်နေရာက ပိုနာသလဲ၊ လက်နဲ့ထောက်ပြပါ …“
                     လူနာက သူမ၏ဗိုက်တွင် အနာဆုံးနေရာကို လက်နှင့်ထောက်ပြလေသည်။ ညာဘက်ခါးအောက်ထောင့်စွန်းနေရာမှ ဖြစ်နေလေသည်။ သူက ထိုနေရာကို အားဖြင့် ဖိနှိုပ်စမ်းသပ်လိုက်သည်။ ဖိနှိုပ်လိုက်ချိန်တွင် မနာကျင်ဘဲ ပြန်လွှတ်လိုက်သည့်အချိန်ကျမှ လူနာမှာ မခံမရနိုင်ဖြစ်ကာ အော်ဟစ်ညည်းတွားလေသည်။
“အမယ်လေး …. “
“တခြားဘာဖြစ်သေးလဲ …“
“ဟို … ဟို … ကျွန်မ အစားမှားလို့ထင်တယ် နည်းနည်း အန်သေးတယ်“
“ဟုတ်ပြီ၊ ခင်များမှာ အိမ်ထောင်ရှိလား“ဟု သူက လူနာ၏ မျက်လုံးအား ဖြဲကြည့်ရင်း မေးလိုက်သည်။ သွေးအား မနည်းသေးသဖြင့် စိတ်အေးသွားရသည်။
“ရှိပါတယ်“
“အခု သူကဘယ်မှာလဲ၊ ဆေးရုံကို ပါမလာဘူးလား“
“မပါလာပါဘူး၊ သူက မလေးရှားမှာ…“
                     သူမ၏မျက်လုံးများတွင် လွမ်းငွေ့ရိပ်များ ဖြတ်သန်းသွားသည်ကို တွေ့ရလေသည်။
“မလေးရှားသွားတာ ဘယ်လောက်ကြာပြီလဲ“
“တစ်နှစ်လောက်ရှိပြီဆရာ … အား … အား“ဟု ပြောပြီးပြီးချင်း နာကျင်မှုကြောင့် ညည်းတွားနေပြန်သည်။
“နေပါအုံး လုံချည်ကော ပုံမှန်လာသလား“
                      သူမက ချက်ချင်းမဖြေ။ ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေလေသည်။ ခဏနေတော့ … “ပုံမှန်ပါပဲ …“ ဟု တိုးလျစွာ ပြောပြီး ခေါင်းငုံ့ထားလေသည်။ သူက ဆရာမလက်ထဲမှ သွေးပေါင်ချိန်ကရိယာကိုယူပြီး လူနာလက်ကို ပတ်ကာ တိုင်းလိုက်သည်။ သွေးပေါင်လည်း ကောင်းနေသဖြင့် စိတ်အေးသွားရပြန်သည်။ စမ်းသပ်မှုပြီးဆုံးသွားသောအခါ …
“ကဲ … အိမ်ထောင်လည်းမရှိဘူးဆိုတော့ ကျွန်တော်ရဲ့စမ်းသပ်မှုအရ အူအတက်ရောင်တာဖြစ်ဘို့ များပါတယ်၊ အင်း … တခြားရောဂါတွေလည်းဖြစ်နိုင်ခြေရှိပါတယ်၊ ဘာဖြစ်တာလဲ၊ ဘာရောဂါလည်းဆိုတာ သေချာသိချင်ရင်တော့ ကျွန်တော်တို့ ဒီတိုက်နယ်ဆေးရုံမှာ အဆင်မပြေဘူး၊ မြို့ဆေးရုံတွေမှာပဲ အဆင်ပြေပါလိမ့်မယ်၊ အဲဒီမှာ တီဗွီဓါတ်မှန်တို့ သွေးတို့စစ်လို့ရတာ၊ ဒီမှာက ဓါတ်ခွဲခန်းမရှိဘူး၊ အဲဒီတော့ ဖြစ်နိုင်ရင် မြို့ဆေးရုံကိုပဲ သွားလိုက်ပါ … ကျွန်တော်လွှဲစာရေးပေးလိုက်မယ် … “
“အို … မသွားပါဘူး“
                      လူနာနဘေးတွင် ထိုင်နေသော အမျိုးသမီးကြီးက မြန်မြန်ဆန်ဆန်ဆိုလေသည်။ သူက ထိုအမျိုးသမီးကြီးဘက်သို့ လှည့်လိုက်ပြီ-
“ဒေါ်လေးက လူနာနဲ့ဘယ်လိုတော်သလဲ“
“ကျုပ်က သူ့အမေပါ၊ ကျုပ်တို့က ဆေးရုံဆေးခန်းဆိုတာ ကျုပ်တို့တစ်သက် သွားဖူးလာဖူးတာမဟုတ်ပါဘူး၊ အခုဟာတောင် ကျုပ်သမီးက ဗိုက်နာတာ မခံစားနိုင်တော့လို့ဆိုလို့ ဒီဆေးရုံကို ရောက်လာရတာပါ၊ အိမ်မှာ ဘိန္တောဆေးနဲ့ကုတယ် … အနှိုပ်သည်တွေနဲ့ နှိုပ်ပါသေးတယ် … မပျောက်နိုင်ဖြစ်နေတာ ဆရာရယ် …၊ ဖြစ်နိုင်ရင်လေ … ကျုပ်သမီးလေးကို ဒီမှာပဲ ကုပေးပါဆရာ … မိုးတွေကလည်း တအားရွာနေတော့ … မြို့ဆေးရုံကိုလည်း သွားလို့အဆင်ပြေမှာမဟုတ်ဘူး … သွားလည်းမသွားချင်ဘူး … “
                      ထိုအမျိုးသမီးကို ကြည့်ကာ သက်ပြင်းရှည်ချမိလေသည်။ သူမ၏မျက်ဝန်းတွင် မျက်ရည်စများ ရစ်ဝဲနေပြီး သမီးအတွက် ပူဆွေးသောက ရောက်နေပုံလည်း အတိုင်းသား ပေါ်လွင်နေလေသည်။
“အဲဒါဆိုရင်တော့ … ခွဲစိတ်မှုမြန်မြန်လုပ်မှဖြစ်လိမ့်မယ်၊ အူအတက်ရောင်နေတာကနေ ပေါက်ထွက်သွားမယ်ဆိုရင် လူနာအတွက် တော်တော်လေးစိုးရိမ်ရပါတယ် …“
“ဟုတ်လား … အဲဒါဆိုရင် ကျုပ်သမီးလေးကို ဆရာ့ဆီမှာ အပ်ပါတယ်၊ ဆရာကောင်းသလိုကြည့်လုပ်လိုက်ပါ “ဟု အသံတုန်တုန်ယင်ယင်နှင့်ဆိုကာ ထိုအမျိုးသမီးကြီးက   အိတ်ထဲမှာ ပိုက်ဆံအထပ်လိုက်ကို သူ့ဆီသို့ ကမ်းပေးလေသည်။ သူလည်း အစပထမတော့ ကြောင်တောင်တောင်ဖြစ်သွားသည်။ ထို့နောက် သဘောပေါက်သွားကာ ပြုံးပြုံးလေးဖြစ်သွားရပါသည်။
“ပိုက်ဆံအပိုပေးစရာမလိုပါဘူး …၊ လူနာ စ ရောက်ပြီဆိုကတည်းက ကျွန်တော့်ကိုအပ်ထားတာပဲ၊ သူက ကျွန်တော့်လူနာဖြစ်သွားပြီလေ … “
                     ထိုအမျိုးသမီးက သူ့အား မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ကြည့်နေလေသည်။
“ကဲ … ဆရာမရေ …. ခနနေရင် ခွဲခန်းစမယ်၊ အူအတက်ရောင်တာ ဟုတ်မဟုတ် သေချာအောင် ဆီးစစ်ကြည့်ပါအုံး၊ အမျိုးသားမရှိဘူးဆိုပေမယ့် ကိုယ်ဝန်မရှိနိုင်ဘူးလို့ မပြောနိုင်ဘူး၊ နေရာမှားသန္ဒေတည်နေတယ်ဆိုရင် ဒုက္ခ“
                     သူက ဆေးပညာဘာသာဖြင့် ဆရာမအား လှမ်းပြောလိုက်ပါသည်။ သူရဲ့လေ့လာမှုပညာအရ ဒီလူနာသည် အူအတက်အယောင်တာဖြစ်ဘို့များပါသည်။ ပိုပြီးသေချာသွားအောင် ဆီးစစ်ခိုင်းရလေသည်။ ဆီးစစ်ရမယ်ဆိုတော့ လူနာမျက်နှာမှာ သိသိသာသာ ပျက်ယွင်းနေလေသည်။ အိမ်ထောင်မရှိပါဘူးဆို ဆီးပါစစ်ခိုင်းနေသဖြင့် စိတ်ကသိကအောင့် ဖြစ်နေပုံရလေသည်။ ဆီးစစ်ထားသောတုတ်ချောင်းပေါ်တွင် တစ်ချောင်းသာပေါ်သဖြင့် ကိုယ်ဝန်မရှိ။ သူစိတ်သက်သာရာရသွားလေသည်။
“ကဲ … ဆရာမရေ … နောက်တစ်နာရီဆိုရင် ခွဲခန်းစမယ်၊ ခွဲခန်းပစ္စည်းတွေ ပေါင်းထားလိုက်တော့ … နောက်ပြီး လိုအပ်ရင် သွေးသွင်းဘို့ သွေးရှာခိုင်းထားလိုက်“
                      သူက ဆရာမအား လိုအပ်တာများ ညွှန်ကြားပြီး သူ၏ရုံးခန်းထဲသို့ ပြန်လာခဲ့လေသည်။ အပြင်တွင် မိုးမစဲသေး … ။ လျှပ်စီး ၀င်းခနဲလတ်သွားပြီး မိုးချိန်းသံ“ ဂျိန်း“ခနဲမြည်သံကြောင့် ကြက်သီးထသွားရလေသည်။ ကောင်းကင်ကြီးတစ်ခုလုံး မိုးသားများလိမ့်တက်လာပြီး မကျေနပ်မှုများကို အငြိုးကြီးကြီးနှင့် ရွာချတော့မည်ပုံပေါက်နေလေသည်။ “ဂျိန်း ….“
                                 @@@@@@@@@@@@@@@@@@@@@
                                    အခန်း(၄)
                    ဒေါက်တာပြည့်စုံသည် လက်ဆေးကန်တွင် လက်ဆေးနေရင်း သူသိပ်ကြိုက်သော “မိုးည” သီချင်းကို တိုးတိုးလေး ငြီးဆိုနေမိသည်။ ခွဲခန်းအတွင်းသို့ ၀င်လိုက်တယ်ဆိုရင်ပဲ အရက်ပျံ စူးရှရှအနံ့ကို ရှုရှိုက်လိုက်ရပြီး ခွဲစိတ်ခန်းသုံးကရိယာများ၏ အသံဗလံမျိုးစုံက ဆီးကြိုနေလေသည်။
“ဆရာမ … အားလုံး အဆင်သင့်ဖြစ်ပြီလား …“
“အဆင့်သင့်ဖြစ်ပါပြီဆရာ ….“
                     ဆရာမက ခွဲခန်းသုံးကရိယာများအား ပိုးသတ်ပြီးသား စားပွဲပေါ်တွင် သူ့နေရာနှင့်သူ အစီအရီချထားရင်းမှ ဖြည်းဖြည်းချင်း ပြောလေသည်။ ထို့နောက် ခွဲခန်းသုံးကရိယာ တစ်မျိုးချင်းစီကို ရေတွက်မှတ်သားနေသည်။
“ဆရာ … လူနာသွင်းလိုက်ရတော့မလား“
“သြော် … အေးအေး သွင်းလိုက်တော့လေ ကိုဝင်းမောင် … ကဲ … ဆရာမ စ လိုက်ကြရအောင် ….“
                     ထိုသို့ပြောပြီး ပိုးသတ်ထားသော ခွဲစိတ်ခန်းဝတ်စုံကို ၀တ်ဆင်လိုက်သည်။ အလုပ်သမားဒေါ်စိန်က သူ့နောက်မှနေပြီး ကြိုးစများကို လာရောက်ချည်နှောင်ပေးလေသည်။  အလုပ်သမားနှစ်ယောက်က လူနာအား ခွဲစိတ်ခန်းတွင်းသို့ တွန်းလှည်းဖြင့် ခေါ်ဆောင်လာချေပြီ။ လူနာမှာ ကြောက်ရွံ့မှုကြောင့် ထင်သည်။ နှုတ်ခမ်းသားများ တဆတ်ဆတ်တုန်ယင်နေသည်။  မျက်လုံးများ စုံမှိတ်ထားပြီး ဘုရားစာကိုသာ တတွတ်တွတ် ရွတ်ဖတ်နေလေသည်။ သူက လူနာ၏မျက်နှာကို သေချာကြည့်ကာ ပြုံးလိုက်ပါသည်။
“ဘာမှမကြောက်ပါနဲ့ မအေးငွေ၊ အားလုံးအဆင်ပြေမှာ“
“ကျွန်မ ကြောက်တယ်ဆရာ … ပြီးတော့ ကျွန်မအမျိုးသားကိုလည်း သတိရလိုက်တာ ဆရာရယ် … သူက ကျွန်မကို သိပ်ချစ်တာ …. “
“သြော် မအေးငွေရယ် … စိတ်ကိုအေးအေးထားပါ“
                      သူက မကြောက်စေရန် ဖြေသိမ့်ပေးလိုက်တော့ သူမ၏မျက်နှာမှာ ကြောက်ရွံ့မှုတို့ ပြေပျောက်သွားလေသည်။
“ကဲ မီးအလင်းအမှောင် ကိုဝင်းမောင်နှင့်အဖွဲ့ အဆင်သင့်ဖြစ်ပြီလား …“ဟု သူက နောင်ပြောင်ကာ ပြောလိုက်လေသည်။
                      တိုက်နယ်ဆေးရုံလေးရှိ ခွဲစိတ်ခန်းထဲတွင် မြို့ဆေးရုံများကဲ့သို့ ဆလိုက်မီးမရှိ။ ဖန်ချောင်းများတပ်ဆင်ထားသော်လည်း ဖန်ချောင်းမီးရောင်အောက်တွင် သွေးကြော သေးသေးလေးများအား ကောင်းစွာ မမြင်ရပေ။ အလုပ်သမားကိုဝင်းမောင်က သူ့နောက်မှနေ၍ ဆလိုက်မီးအစား ဓါတ်မီးဖြင့် ထိုးပြရလေသည်။ ထို့ကြောင့် မီးအလင်းအမှောင် ကိုဝင်းမောင်ဟု နောက်ပြောင် ကျည်စယ် ခဲ့ခြင်းဖြစ်လေသည်။          
                    တောဆေးရုံလေးတွင် လေအေးစက်မရှိ၊ လျှပ်စစ်ချွဲစုပ်စက်မရှိ၊ လေအေးစက်အစား ပန်ကာကိုအသုံးပြုရသည်။ ချွဲစုပ်စက်အစား ခြေနင်းချွဲစုပ်စက်ကိုသာ ခြေထောက်ညောင်းအောင် နင်းရလေသည်။
                      လူနာအား ခွဲစိတ်ခုံပေါ်သို့ရောက်ရှိချိန်တွင် ခွဲစိတ်မှုလုပ်ငန်းစတင်ချေပြီ။ ဆရာမက လူနာ၏ဗိုက်ပေါ်ရှိ ခွဲစိတ်မည့်နေရာနှင့် ၄င်းပတ်လည်တွင် အစီစဉ်တကျ ဆေးကြောပေးပြီး အားလုံးအဆင့်သင့်အနေထားသို့ ရောက်ရှိချိန်တွင် သူက လူနာ၏လက်မောင်းမှတဆင့် မေ့ဆေးကို ဖြည်းဖြည်းချင်းထိုးသွင်းလိုက်လေသည်။
                      မေ့ဆေးပိုက်ထဲမှ ဆေးတစ်ဝက်သာရောက်သေးသည်။ လူနာမှာ မေ့မျောသွားချေပြီ။ သူ လက်အိပ်ကိုမြန်မြန်ကောက်စွပ်လိုက်ကာ ခွဲစိတ်ရန်အသင့်ပြင်လိုက်လေသည်။ ခွဲစိတ်ခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး ခွဲစိတ်ခန်းသုံးကရိယာများ၏အသံများကသာ ကြီးစိုးနေလေသည်။
                      အတွင်းကလီစာများအား ဖုံးအုပ်ထားသော အလွှာပါးလေးအား ထိပ်ချွန်ကပ်ကြေးလေးဖြင့် အသာအယာဖိညှပ်လိုက်ပြီး ဓါးဖြင့် ဆက်ခနဲလေး ထိုးဖြဲလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအပေါက်မှ မည်းညစ်နေသော သွေးပုတ်များ ပန်းထွက်လာလေသည်။ သွေးပုပ်များမှာ သူ၏ခွဲစိတ်ခန်းဝတ်စုံနှင့် မျက်နှာများပါ စိုချွဲကုန်လေသည်။ ထိုပန်းထွက်လာသော သွေးပုပ်များအား အချိန်တော်ကြာအောင် ပါးစပ်အဟောင်းသားဖြင့် ကြောင်ကြည့်နေမိသည်။
“ဆရာမ … ဆက်ရှင် မြန်မြန် စုပ်….“
                     ထိုသွေးပုပ်များကို စုပ်ထုတ်လိုက်ရန် ဆရာမအား ညွှန်ကြားလိုက်သည်။ ဆရာမက စုပ်ပိုက်ဖြင့်ခပ်မြန်မြန်စုပ်သော်လည်း သွေးပုပ်များမှာ ကုန်၍မသွား၊ ဆက်လက်၍ ပန်းထွက်နေသည်။ ခွဲထားသော အပေါက်ထဲသို့ သူ့လက်နှစ်ချောင်းကိုလျှိုသွင်းကာ အူမကြီးတစ်လျှောက် အူအတက်ကို ရှာဖွေကြည့်လိုက်သည်။ ခဏအကြာတွင် ပုန်းရှောင်နေသော အူအတက်အား ခဲရာခဲစစ် ရှာဖွေတွေ့ရှိလေသည်။ လက်သန်းအရွယ်အူအတက်မှာ ညိုခြင်း၊ မည်းခြင်း၊ ရောင်ခြင်းမရှိ။ ပန်းရောင်သန်းနေသည်။ အူအတက်ရောင်တာ လုံးဝမဖြစ်နိုင်တော့ပေ။ သူမျက်လုံးပြူးသွားရကာ ပါးစပ်အဟောင်းသားဖြစ်သွားရပြန်သည်။
“ဆရာမရေ … အူအတက်ရောင်တာ မဟုတ်တော့ဘူး၊ ဟာ …. သွေးပုပ်တွေကလည်း တအားထွက်နေပါလား“
                     သူ၏မျက်နှာတွင် ဇောချွေများပြန်နေချေပြီ။ ဓါးကိုင်ထားသော လက်များသည် တဆတ်ဆတ်တုန်ယင်နေချေပြီ။ ဘာကြောင့် သွေးပုပ်တွေထွက်နေရတာလဲ။ သူအပြေးအလွှား စဉ်းစားမိသည်။ နေရာမှာ သန္ဒေတည်ခြင်းလား။ ဒါလည်းမဖြစ်နိုင်။ အမျိုးသားကလည်း အဝေးမှာ။ ဆီးစစ်ထားတာကလည်း ကိုယ်ဝန်မရှိ။ ဒီအတိုင်းလက်လျှော့ပြီး ဗိုက်ပြန်ပိတ်လို့ကလည်းမဖြစ်။ သွေးပုပ်များက တလဟော ပန်းထွက်နေသည်။            
                     ထိုထွက်နေသော နေရာအား အချိန်မီပိတ်နိုင်မှ ဖြစ်မည်။ သို့မဟုတ်ပါက သွေးထွက်လွန်ပြီး လူနာသေဆုံးသွားနိုင်သည်။ သူသည် ခွဲထားသော အပေါက်မှနေ၍ သားအိမ်ရှိရာသို့ ခပ်ဖြည်းဖြည်းလေး စမ်းကြည့်လိုက်သည်။ ဗုဒ္ဒေါ …။ သူ ယောင်ယမ်းစွာ တမ်းတမိသည်။ သားအိမ်နား တစ်ဝိုက်မှာ ကလေးငယ်လေး၏လက်သီးဆုပ်အရွယ်ခန့် အလုံးကြီးအား ခပ်မာမာပုံစံဖြင့် ထိတွေ့စမ်းသပ်မိလေသည်။ သူ၏မျက်နှာမှာလည်း သွေးဆုတ်ဖျော့တော့နေချေပြီ။ ချွေးသီးချွေးပေါက်များကလည်း ခွဲစိတ်ခန်းဝတ်စုံတစ်ခုလုံး ချွဲချွဲစိုနေချပြီ။
“ဆရာမရေ … သားဥအိမ်ရောင်ပြီး ပေါက်ကွဲသွားတာဖြစ်ဘို့များတယ် … ဗိုက်ကိုပြန်ပိတ်မယ်“
                      သူ၏ပါးစပ်မှ အစီစဉ်တကျ ညွှန်ကြားချက်များ တရက်စပ်ထွက်လာလေသည်။ ခုနက အူအတက်နေရာတွင် ခွဲထားသော အပေါက်အား စိတ်ရှည်လက်ရှည် ခပ်မြန်မြန်လေး ပြန်ပိတ်ရသည်။
ဗိုက်ကိုပိတ်ပြီးသောအခါ လူနာမှာ တစ်ကိုယ်လုံး ဖျော့တော့နေသည်။ ခွဲစိတ်ခန်းမ၀င်ခင်က အဆင်သင့်ပြုလုပ်ထားသော သွေးပုလင်းကို အကြောမှနေ၍ ခပ်မြန်မြန် သွင်းရပြန်သည်။
                      သွေးပေါင်ချိန်ကျနေသဖြင့် ဒရစ်ပုလင်းကို ခပ်မြန်မြန်လေးချခိုင်းရသည်။ ၀မ်းဗိုက်ပေါ်ရှိ ဆီခုံရိုးအထက် ၁ စင်တီမီတာခန့်အကွာတွင် အလျားလိုက်ခွဲခြားလိုက်သည်။ ၀မ်းဗိုက်အား အလွှာလိုက်၊ အထပ်လိုက်ခွဲစိတ်ပြီးသောအခါ ကလီစာများအား ဖုံးအုပ်ထားသော အလွှာပါးသို့ ရောက်ရှိလေပြီ။ ထို့နေရာသို့ ဆက်ခနဲ ထိုးဖောက်လိုက်ချိန်တွင် ခုနကဲ့သို့ပင် သွေးများ ပန်းထွက်လာပြန်သည်။ သွေးပုပ်များအား စုပ်ပိုက်ဖြင့်စုပ်ထုတ်၏။
                      သွေးပုပ်များ ကုန်ဆုံးသွားသလောက်နီးပါးရှိသောအခါ တရားခံကို တွေ့ရှိပေပြီ။ မည်းပုပ်နေသော သားဥအိမ်ကြီးအား ထင်းထင်းကြီးတွေ့ရှိလေသည်။ ထိုသားဥအိမ်ကြီးမှာ ယောင်ယမ်းဖောင်းကားနေပြီး သွေးပုပ်များ ဆက်လက်ထွက်နေဆဲ။ သားဥအိမ်ကြီးအား ခပ်မြန်မြန် ဖြတ်ထုတ်လိုက်သည်။ ထိုသို့ ဖြတ်ထုတ်ပါမှ သွေးတိတ်ရပ်ကာ လူနာ၏ အသက်ချမ်းသာရာ ရပေလိမ့်မည်။
                     သူ၏ထင်မြင်ချက်တို့ လွဲသွားခဲ့လေပြီ။ လူနာမှာ သွေးထွက်လွန်ပြီး ခွဲစိတ်နေရင်းမှ သေဆုံးသွားခဲ့လေပြီ။
“ဆရာ … ဘာတွေစဉ်းစားနေတာလဲ“
                     သူ၏အတွေးအာရုံများ လွင့်စင်ကုန်သည်။ သူ့ဘေးနားတွင် ခပ်ပြုံးပြုံးလေးနှင့် သူ့အား စိုက်ကြည်နေသော ဆရာမကို တွေ့လိုက်ရလေသည်။ သူက ဘာစကားမှမဆိုဖြစ်ဘဲ နှုတ်ဆိတ်နေမိသည်။
“အဲဒီလောက်ကြီးလည်း စိတ်ညစ်စရာတွေ မတွေးပါနဲ့လား … ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီးပြီပဲ“ဟု ဆရာမက ပြောရင်း သူ၏နဘေးခုံတန်းလေးပေါ်တွင် ဖြည်းညင်းစွာ လာထိုင်လေသည်။
“ကျွန်တော်ရဲ့ဆရာဝန်ဘ၀တစ်လျှောက်လုံးမှာ အခုလိုအဖြစ်မျိုးတစ်ခါမှ မကြုံဖူး၊ မတွေ့ဖူးတော့ အတိတ်ရဲ့အရိပ်ဆိုးကြီးက အမြဲခြောက်လှန့်နေတယ်ဗျာ … “
“သြော် … ဆရာရယ် … မမှားသောရှေ့နေ၊ မသေသောဆေးသမားတဲ့၊ နောက်ပြီး … သေသွားတဲ့လူနာက ဆရာ့အမှားကြောင့်မှ မဟုတ်တာ … “
“ကျွန်တော်ကြောင့်လို့ပဲ ခံစားရတယ်ဗျာ … “
“ကျွန်မတို့က မြို့ဆေးရုံကိုသွားဘို့ တိုက်တွန်းတယ်၊ လူနာနဲ့လူနာရှင်တွေက မသွားချင်ကြဘူးဆိုတော့ ကျွန်မတို့လည်း ဘယ်တတ်နိုင်ပါ့မလဲ … “
“ဟုတ်ပါတယ်လေ … ကျွန်တော်တို့ရဲ့ဆရာကြီးတွေတောင် အူအတက်ယောင်တယ်ဆိုပြီးခွဲတာ တစ်ခြားကေ့စ်တွေနဲ့လွဲမှားကြသေးတာပဲ၊ မြို့ကြီးတွေမှာ လူအင်အား၊ ပစ္စည်းအစုံအလင်နဲ့ ဓါတ်ခွဲစမ်းသပ်မှုတွေကြောင့် လူနာရဲ့အသက်ကို ကယ်တင်နိုင်ကြတယ် … အဲဒီလိုပဲ ကျွန်တော်ခွဲစိတ်တဲ့ လူနာတိုင်းကိုလည်း အသက်ရှင်လျှက်နဲ့ပဲ မြင်ချင် တွေ့ချင်တယ်“
“ကျွန်မရဲ့စိတ်ကလည်း ဆရာလိုပါပဲ၊ အင်း … ကျွန်မထင်မြင်ချက်ကိုပြောရမယ်ဆိုရင် … ခွဲစိတ်မှုတိုင်း အောင်မြင်ရမယ်လို့တော့ အမြဲမမှတ်ယူသင့်ဘူးဆရာ၊ ကံဆိုတာ ရှိသေးတယ်လေ၊ နောက်ပြီး ခွဲစိတ်မှုမတိုင်ခင်ကတည်းက လူနာနဲ့လူနာရှင်တွေက သဘောတူညီကြောင်းလက်မှတ်ထိုးခဲ့တာပဲ … “
“အေးဗျာ … ကိုဖိုးထွေးကို သေချာရှင်းပြချင်ပါတယ် … ဒါပေမယ့် သူက လက်မခံဘူး … “
“အိုး … ဆရာ ဖြည်းဖြည်းထပါ … ဆရာ့ခေါင်းက ဒါဏ်ရာကလည်း ပျောက်သေးတာမဟုတ်ဘူး … “
                    ပတ်တီးစည်းထားသော ခေါင်းကို စမ်းမိသည်။ ဒါဏ်ရာက မနာကျင်သော်လည်း ရင်ထဲတွင် တဆစ်ဆစ်ခံစားရသည်က ပိုဆိုးလိမ့်မည် ထင်ပါသည်။
“ဆရာအိပ်နေတုန်းက ဥက္ကဌကြီးလာသွားသေးတယ် … ဆရာခေါင်းကို ရိုက်လိုက်တဲ့ လူတွေကို စုံစမ်းလို့ရပြီတဲ့ … ဆရာအမှုဖွင့်မလားလို့ လာမေးတာတဲ့ … “
“အမှုမဖွင့်ပါဘူး … ကျွန်တော့်ခေါင်းကို ဘယ်သူရိုက်လိုက်တယ်ဆိုတာ အစကတည်းက သိပြီးသားပါ … အင်း … သူကျေနပ်မယ်ဆိုရင် ခေါင်းဒါဏ်ရာက နာကျင်မှုတွေ အလိုအလျောက် ပျောက်ကုန်ပါပြီဗျာ… “
                       ဒေါက်တာပြည့်စုံက သက်ပြင်းရှည်ချရင်း တံခါးပေါက်ဆီသို့ အကြည့်ရောက်မိသည်။ တံခါးပေါက်တွင်ကား … လူတစ်ယောက် ခပ်တောင့်တောင့်ကြီးရပ်နေသည်ကို တွေ့လိုက်ရလေသည်။
“ကို . ဖိုး . ထွေး … “ဟု ဒေါက်တာပြည့်စုံ၏ပါးစပ်မှ တစ်လုံးချင်းထွက်လာလေသည်။
                      ကိုဖိုးထွေးက အပြေးဝင်လာပြီး သူ့ဘေးနားတွင် ပုဆစ်တုတ်လိုက်ကာ …
“ဆရာ … ဆရာ ကျွန်တော့်ကို ခွင့်လွှတ်ပါနော် … စိတ်ထားကောင်းတဲ့ဆရာ့ကိုမှ နှုတ်နဲ့ပြစ်မှား မိရုံတင်မကဘူး ကိုယ်ထိလက်ရောက်ပါ စော်ကားမိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ် … ကျွန်တော့်ကို ခွင့်လွှတ်ပါနော် … “
                         လက်အုပ်ချီကာ မျက်နှာငယ်လေးနှင့် သူ့အား ခယတောင်းပန်နေသော ကိုဖိုးထွေးကို ကြည့်ပြီး ဒေါက်တာပြည့်စုံ ပြုံးမိသည်။
“ကျွန်တော် ခွင့်လွှတ်ပါတယ် ကိုဖိုးထွေး … ကိုဖိုးထွေးအနေနဲ့လည်း စိတ်တိုသင့်ပါတယ်လေ … အသက်တစ်ချောင်းလုံးပါ ဆုံးရှုံးခဲ့ရတာကိုး …  “
“ဒါကတော့ ဒါပေါ့လေ … အဲဒီတုန်းက ဖြစ်ဖြစ်ချင်းဆိုတော့ မွှန်ထူပြီး ပြောမိပြောရာ၊ လုပ်မိလုပ်ရာ လုပ်မိသွားတာပါ … ဘေးစကားကို ယုံကြည်ခဲ့မိလို့ အမှန်ကိုမသိဘဲ ထင်ရာလုပ်ခဲ့မိတယ်ဆရာရယ် … “
“အင်း … ဒီလိုရှိတယ် ကိုဖိုးထွေးရဲ့ … ကျွန်တော့်တို့နိုင်ငံက ဗုဒ္ဒဘာသာနိုင်ငံဆိုတော့ ဆရာဝန်နဲ့ လူနာကြားမှာ နွေးထွေးကြင်နာမှုဆိုတဲ့ မေတ္တာနှောင်ကြိုးလေးနဲ့ပဲ ဆက်ဆံကြတယ် … တစ်ဦးကိုတစ်ဦး မေတ္တာတရားကို ရှေ့တန်းတင်ပြီး အပြန်အလှန်နားလည်မှု ရှိကြတယ် … သူများနိုင်ငံတွေမှာ တရာစွဲနေကြတာကို အားကျနေမယ် … ဘေးပြောတာကို ယုံနေမယ်ဆိုရင် အဲဒီကြိုးလေး ဘယ်လောက်ပဲ ခိုင်မြဲပါစေ အလွယ်တကူပျက်သွားနိုင်တယ် … အဲဒီတော့ဗျာ … ဟိုအရင်တုန်းကလိုပဲ နွေးထွေးကြင်နာမှု ကြိုးလေးကိုပဲ ခိုင်မြဲအောင် ကြိုးစားကြရအောင်ဗျာ … “
“ဟုတ်ကဲ့ … သဘောထားကြီးပြီး သည်းခံခွင့်လွှတ်တတ်တဲ့ ဆရာ့ကို ကျွန်တော် အရမ်းလေးစားတယ်ဗျာ … ဆရာ့ကို ကန်တော့ပါရစေနော် … “ဟု ဆိုကာ ကိုဖိုးထွေးသည် ဒေါက်တာပြည့်စုံအား ရှင်ခိုးဦးချကန်တော့လေသည်။
                        ဒေါက်တာပြည့်စုံနှင့် ကိုဖိုးထွေး၏ရင်ထဲတွင် ကြိုးတစ်ချောင်း မြဲမြန်စွာ တုပ်နှောင်လိုက်လေသည်။
                        ထိုကြိုးလေးကား နွေးထွေးကြင်နာမှုဆိုသည့် မေတ္တာနှောင်ကြိုးလေးပဲဖြစ်လေသတည်း…။
                                                                                အာကာခေတ်ပိုင်
                                                                               (ဇီဝက မဂဇင်း၊ ဇွန်လ ၂၀၁၂)
8 comments:
  1. ဆရာ ပြောချင်တာ လူနာ အမျိုးသမီး က ကိုယ်ဝန် ရှိတာ ကို ဖျက်ထားတာ လား ဒါမှ မဟုတ် ရိုးရိုး သားဥအိမ်ထဲက အလုံးလား
    ReplyDelete
    Replies
    1. This comment has been removed by a blog administrator.
      Delete
  2. ပိုစ့်လေးကိုအစမှဆုံးထိဖတ်လိုက်ရတော့ လူနာရဲ့ရောဂါကိုသေချာမသိရပေမယ့်လဲ
    ဆရာဝန်တစ်ယောက်က လူနာတွေပေါ်ထားထဲ့စိတ်လေးပေါ့နော်
    အဲဒါလေးမြင်တွေ့လိုက်ရပါတယ်---
    ReplyDelete
    Replies
    1. This comment has been removed by a blog administrator.
      Delete
  3. အကို အရမ်းတော်တယ် သိလား?ဒေါက်တာစိုးလွင်တို့လို နာမည်ကြီး ဆရာဝန် စာရေးဆရာဖြစ်ရင် မုန့်တော့ ၀ယ်ကျွေးနော်
    ReplyDelete
  4. သေချာ ဖတ်သွားတယ်နော်..စာအရေးအသားရေးဖွဲ့တာ ကောင်းလွန်းသလို ရည်ရွယ်ချက်လည်း ပေါလွင်တယ် :)
    ReplyDelete
  5. နာ့ကို တော်တယ် ကျန်းမာရေးဗဟုသုတလည်းရတယ် ဆက်အားပေးနေတယ်နော်
    ReplyDelete
  6. :D ဆက်လက်အားပေးနေပါကြောင်း :D
    ReplyDelete
ဝေဖန် အကြံပြုခဲ့ပါအုံး