25.4.14

ပေါက်မဲ



ကျောင်းသွားခါနီး သားလေးက သူ့အဖေခြင်ထောင်ထဲကို ဝင်လာပြီး
''ဖေဖေ သားကျောင်းသွားတော့မယ်။ မုန့်ဖိုးပေး''လို့ မဝံ့မရဲလေးနဲ့ ပြောတယ်။ သားအသံကြားတော့ အဖေလုပ်သူနိုးလာပြီး မျက်စိနှစ်ဘက်ကို ပွတ်တယ်။ ပြီးတော့ အကြောဆန့်လိုက်ရင်း
''သားမေမေက ဘယ်သွားတုန်း။ မုန့်ဖိုးမပေးခဲ့ဘူးလား''
''မေမေ မနက်အစောကြီးကတည်းက ဈေးရောင်းထွက်သွားပြီ။ ဒီနေ့ ကုန်စိမ်းဝယ်လိုက်တာ ပိုက်ဆံမရှိတော့လို့ သားဖေဖေဆီက တောင်းတဲ့''

အဖေက ပြားနေတဲ့ အိတ်ကပ်ကို စမ်းကြည့်ပြီး စုတ်တစ်ချက်သပ်လိုက်တယ်။ ပြီးတော့ ရေအိုးစင်ရှိရာကို ဒယိမ်းဒယိုင် ထသွားပြီး ရေကိုသာ အငမ်းမရ တဂွက်ဂွက်သောက်နေတယ်။ အဖေမျက်လုံးတွေက စားပွဲပေါ်တင်ထားတဲ့ အရက်ပုလင်းကိုတွေ့သွားတယ်။ ပြီးတော့ ပုလင်းကို ဖြည်းဖြည်းချင်း ကောက်ကိုင်လိုက်ပြီး မျက်နှာငယ်လေးနဲ့ ရပ်နေရှာတဲ့ သားလေးကို ပေးလိုက်တယ်။
''အဖေ့ကို အရက်ဝယ်ပေးနေရင် သားကျောင်းနောက်ကျလိမ့်မယ်။ ညနေ သား ကျောင်းက ပြန်လာမှ ဝယ်ပေးမယ်လေ''
မျက်လုံးဝိုင်းလေးနဲ့ သားလေးကို ကြည့်ပြီး အဖေက သက်ပြင်းရှည်ချတယ်။ ပြီးတော့ ဆေးပေါ့လိပ်ကို မီးခိုးထောင်းထောင်းထအောင် ဖွာရှိုက်လိုက်ပြီး
''သားကို အရက်ဝယ်ခိုင်းတာ မဟုတ်ဘူး။ ဒီပုလုံးဖုံးခွံထဲမှာ ပိုက်ဆံနှစ်ရာ ပေါက်မဲပါတယ်။ လမ်းထိပ်က ကိုကျော်တို့ဆိုင်မှာ ပိုက်ဆံနဲ့လဲလိုက်ရင် သားအတွက် မုန့်ဖိုးရတာပေါ့''
ဖခင်စကားကြားတော့ သားလေးရဲ့မျက်လုံးတွေ အရည်လဲ့လာပြီး
''ဒီအရက်ပုလင်းတွေသောက်ရင် မဲပေါက်တယ်ပေါ့''လို့ တအံ့တသြဆိုရှာတယ်။ ဖခင်က ဆေးလိပ်ကို နှုတ်ခမ်းမှာတေ့ထားရင်းက ခေါင်းညိတ်ပြတယ်။ သားလေးက အားရဝမ်းသာဖြစ်သွားရင်း
''ဒါဆို ဖေဖေများများသောက်။ မဲတွေ အများကြီးပေါက်ရင် သားသူငယ်ချင်း ကျော်မင်းသက်တို့လို ကားဝယ်စီးကြမယ်''လို့ ဆိုကာ အဖေကို နမ်းပြီး အိမ်ပေါ် ပြေးဆင်းသွားတယ်။ ဖခင်မှာ သားငယ်လေး ကျောပြင်ကို ငေးကြည့်ကျန်ခဲ့တယ်။ တော်တော်ကြာ ငေါင်သွားတယ်။ ပြီးမှ သက်ပြင်းရှည်ချလိုက်ရင်း ရင်ပူကာ အာခေါင်ခြောက်လာတာကြောင့် ရေအိုးစင်ရှိရာကို ကပျာကရာထသွားပြီး နောက်ထပ်ရေတစ်ခွက်ကို တကျိုက်တည်း မော့သောက်လိုက်လေရဲ့။
----------------------
အာကာခေတ်ပိုင်

0 comments:

Post a Comment

ဝေဖန် အကြံပြုခဲ့ပါအုံး