25.11.13

ချယ်ရီပန်းတို့ လန်းစေလို


ပတ်ဝန်းကျင်တစ်ခုလုံး နှင်းမြူများနှင့် အုံ့ဆိုင်းနေသည်။ အရှေ့ဘက်တောင်တန်းကြီးကိုပင် ခပ်ရေးရေးမှေးမှေးအဖြစ်နှင့်သာ မြင့်တွေ့နေရသည်။ နေရောင်ခြည်ထွက်ပေါ်လာလျှင်တော့ ခပ်နွေးနွေးဖြစ်လာပေလိမ့်မည်။ အခုတော့ လေတစ်ချက်ဝှေ့လိုက်တိုင်း ရင်ထဲမှာ စိမ့်ခနဲ သိမ့်ခနဲ အေးချမ်းသွားရသည်။ လမ်းဆင်း လမ်းတက်များကို လျှောက်လာခဲ့ရသဖြင့် ချွေးနည်းနည်းတော့ စို့ချင်လာသည်။ သို့ပေမယ့် ချမ်းအေးလို့နေတုန်း။ ပါးစပ်ဟလိုက်တိုင်း အာငွေ့တွေ ထောင်ထောင်းထလို့နေတုန်း။
''ဟိုအရင်တုန်းက ဒီလမ်းတစ်လျှောက်မှာ ချယ်ရီပင်ကြီးတွေ ဝေဝေဆာဆာပွင့်ဖူးခဲ့ကြတယ်လို့ ဖေဖေက ပြောဖူးတယ် … ''

မနေ့က တောင်ကြီးမြို့ပတ်လည်ကို လိုက်ပို့ရင်း ရှင်းပြသည့် ညီမလေး ခိုင်မွန်သန့်စကားကို ပြန်အမှတ်ရမိသည်။ ထိုညီမလေးနှင့် အွန်လိုင်းမှာသာ ရင်းနီးခင်မင်ခဲ့သော်လည်း အခုလို အပြင်မှာ တစ်ခါမှ မတွေ့ဘူးပေ။ တွေ့ဖြစ်ကြတော့ တစ်ယောက်နှင့်တစ်ယောက် စိမ်းမနေကြဘဲ မောင်နှမအရင်းများကဲ့သို့ ခင်မင်ဖော်ရွေပါသည်။ ဟိုးဝေးဝေးမှာ မြင်နေရတာက အေးသာယာ၊ ဟော့ဒါက ကြိုးတံတား စသဖြင့် အညာသား ကျွန်တော့်ကို သေချာလိုက်ပြသည့်အတွက် ညီမလေးကို ကျေးဇူးအထူးတင်မိသည်။ ညီမလေးပြောသလို ဒီလမ်းက ချယ်ရီပင်တွေ ရှိခဲ့လေသလား။ အခုတော့ ချယ်ရီပင်ဆိုတာ တစ်ပင်တစ်လေသာ တွေ့ရသည်။
xx xx xx
ဆေးရုံနားနီးပြီမို့ လမ်းခပ်သွက်သွက် လျှောက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် ဆိုင်ကယ်များ၊ ကားများကို တွေ့ရသည်။ မြို့ပါတ်ဘတ်စ်ကားတစ်စီးက ကျွန်တော်နားအတိုင်း မောင်းနှင်သွားသည်။ ထိုဘတ်စ်ကားပေါ်တွင် အရွယ်စုံ၊ အမျိုးစုံခရီးသည်များကို တွေ့ရသည်။ သူတို့လုပ်မြဲအတိုင်း လုပ်နေရလို့လားမသိ။ တစ်ယောက်မှ ချမ်းနေသည့်ပုံမပေါ်။ ကျွန်တော့်မှာသာ အနွေးထည်ထူထူဝတ်ကာ အချမ်းမပြယ်ဘဲ ဖြစ်နေရသည်။ မျက်နှာတွေပေါ်မှာ သူတို့၏ရိုးသားမှုက အတိုင်းသားပေါ်လွင်နေကြသည်။
ခေါင်းပေါင်းများ ပေါင်းထားပြီး ရိုးရာဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ဓလေ့ရိုးရာနှင့် ပတ်သတ်ပြီး မနေ့က အိမ်ရှင် အန်တီကြီးပြောသည့် စကားများကို ပြန်အမှတ်ရမိသည်။ ထိုအန်တီကြီးသည် ကျွန်တော်တို့ အညာမှ ရပ်ဆွေရပ်မျိုးတစ်ယောက်ဖြစ်သော်လည်း တောင်ကြီးမြို့ကို ရောက်နေသည်မှာ နှစ်ပေါင်းသုံးဆယ်ထက်မနည်း။ ထို့ကြောင့် အညာသူစစ်စစ်ကြီးက စကားတွေ ဝဲလို့နေပြီ။ ဧည့်သည်လာလျှင် ဧည့်ဝတ်ပြုချင်သည့် တောင်ပေါ်သားတို့၏ ထုံးစံ သူတို့၏ဓလေ့အတိုင်း ကျွန်တော့်ကို ဖွယ်ဖွယ်ရာရာများနှင့် ကျွေးမွေးပါသည်။ ရေမုန်ညှင်းသုပ်၊ မုန့်ညှင်းချဉ်သုပ်၊ ဂေါ်ရခါးသီးကြော်၊ ဂေါ်ရခါးရွက်ကြော်၊ မှိုကန်စွန်းရွက်ကြော် စသဖြင့် ဟင်းလျာများ စုံလင်လှသည်။ ရှမ်းဆန်စီးစီးနှင့် ငရုတ်သီးရှူးရှူးရှဲရှဲက စားရသည့်မှာ ထမင်းမြိန်လှပါသည်။ အင်း … တောင်ကြီးရောက်မှ ဝ လာအုံးမည်ထင်သည်။ စားကောင်းလွန်းလို့လား သို့တည်းမဟုတ် ရေမချိုးလို့ ထူလာသည့်ချေးများကြောင့်လား မပြောတတ်။ တောင်ကြီးဆောင်းက အတော်လေး အေးသည်ကိုး။
''ဆရာ ထည့်စားနော် … ဘာမှ အားမနာနဲ့ … အဲ မေ့နေလိုက်တာ … ကျွန်မကို မှိုဖိုးပေးအုံး … ''
အန်တီကြီး၏စကားကြောင့် ပါးစပ်ထဲရောက်နေသည့် ထမင်းလုပ်တောင် လည်ချောင်းမှာ နင်သွားရသဖြင့် အခါးရည်ခွက်ကို မြန်မြန်မော့သောက်လိုက်ရသည်။ မှိုဖိုးပေးရမည်တဲ့။ နောက်နေတာလား၊ အတည်လားဆိုတာ ဝေခွဲမရဘဲ ဖြစ်နေသဖြင့် အန်တီကြီးကို လှမ်းကြည့်မိသည်။ အန်တီကြီး၏မျက်နှာက နောက်နေသည့်ဟန်မပေါ် စိတ်ထဲရှိသည့် အတိုင်းပဲ ပြောလိုက်မှန်း သိသာစေသည်။
''သြော် … ဟုတ်ကဲ့ ဟုတ်ကဲ့ ပေးရမှာပေါ့ … ''
ကျွန်တော်က စကားအလိုက်သင့်ပြောလိုက်ရသော်လည်း စိတ်ထဲမှ ဘဝင်မကျ။ ဧည့်သည်ကို ကျွေးမွေးပြီး ပိုက်ဆံတောင်းထား အညာသားလေးကျွန်တော့်မှာ တစ်ခါမှ မကြုံဖူး။ ထို့ကြောင့် မှိုကန်စွန်းခွက်ကို လုံးဝမနှိုက်ဖြစ်အောင် သတိထားနေရသည်။ အညာမှာ ရှားပါးသည့် မှိုဟင်းဆိုတော့ စားချင်စိတ်ကို မနည်း မြိုသိပ်ထားရသည်။
''ဘယ်လောက်ပေးရမှာလဲ အန်တီ … ''
အကဲစမ်းသည့်သဘောနှင့် ထပ်မံမေးလိုက်သည်။ အန်တီကြီးက မှိုဟင်းကို ကျွန်တော့်ပန်ကန်းထဲ ထပ်ထည့်ပေးရင်း …
''ဘယ်လောက်ရယ်လို့ မဟုတ်ပါဘူးဆရာရယ် … နှစ်ရာလောက်ဆိုရပါပြီ … ''လို့ ပြောတော့ ကျွန်တော်မျက်လုံးပြူးသွားရသည်။ စနောက်ချင်လျှင် တခြားပုံစံနှင့် နောက်လို့ရပါသည်။ အခုဟာက မှိုဈေးက သုံးလေးထောင်ရှိလိမ့်မည်။ မှိုဖိုးတောင်းတော့လည်း နှစ်ရာဆိုတော့ စဉ်းစားမရဘဲ ဖြစ်နေသည်။ ကျွန်တော်စဉ်းစားနေတာကို သိနေသည်ထင်သည်။ အန်တီကြီးက အခါးရည်ကို ထပ်ငှဲ့ပေးရင်း …
''ဆရာက ကျွန်မတို့ ရှမ်းပြည်က ဓလေ့ထုံးစံကို မသိသေးဘူးပဲ … ဒီလိုဆရာရေ့ … အိမ်ရှင်က မှိုဟင်းချက်ကျွေးရင် ဧည့်သည်က မှိုဖိုးဆိုပြီး ပိုက်ဆံပေးရတယ် … အဲလိုမပေးရင် နောက်မိတ်ပျက်တတ်တယ်တဲ့ … ရှမ်းဓလေ့ပေါ့လေ … ကျွန်မတို့ကတော့ အညာသူဆိုပေမယ့် ရှမ်းဓလေ့ထုံးစံကို ယုံယုံကြည်ကြည်နဲ့ အခုချိန်ထိ ထိန်းသိမ်းထားတုန်းပဲ ''
အန်တီကြီးစကားဆုံးမှ အဖြစ်မှန်ကို သဘောပေါက်မိတော့သည်။ ထို့ကြောင့် ပိုက်ဆံနှစ်ရာထုတ်ပေးလိုက်ပြီး ငရုတ်သီးစပ်စပ် နှင့် စားလိုက်တာ ဗိုက်တော်တော်လေးတင်းသွားသည်။ ဓလေ့ထုံးစံကို ယုံယုံကြည်ကြည်နဲ့ အခုချိန်ထိ ထိန်းသိမ်းထားတုန်းပဲ … ကျွန်တော်အတော်လေး သဘောကျမိသည်။
xx xx xx
အနွေးထည်ထူထူနှင့် တအားချမ်းပြနေသည့် ကျွန်တော့်ကို လူတိုင်းလိုလိုက ကွက်ကြည့် ကွက်ကြည့်လုပ်နေကြသည်။ သူတို့မြို့ကို ရောက်လာသည့် ဧည့်သည် လူစိမ်းတစ်ယောက်ဆိုတာ သိနေသည်ထင်သည်။ တောင်ကြီးမြို့ကို စရောက်တုန်းက အဖြစ်ကို အမှတ်ရမိသည်။ ကျွန်တော်နှင့် ရင်းနီးကျွမ်းဝင်မှု မရှိသေးသည့် တောင်ကြီးမြို့ကို လျှောက်လည်ချင်သည်။ ခက်တာက ကျွန်တော် ဆိုင်ကယ်မစီးရဲသေးပါ။ မစီးတတ်လို့မဟုတ်။ လမ်းစည်းကမ်းများ တင်းကြပ်ထားသည့်အတွက် မစီးဝံ့သေးဘဲ ဖြစ်နေရသည်။ ထို့ကြောင့် နီးစပ်ရာ ကွမ်းယာဆိုင်ထဲဝင်ပြီး ဆိုင်ကယ်တက္ကစီရှိလားဟု မေးလိုက်သည်။ ဒီမြို့မှာ ဆိုင်ကယ်တက္ကစီမရှိကြောင်း ပြောတော့ ကျွန်တော် အံ့အားသင့်မိသည်။ ကျွန်တော်တို့ အညာမှာဆိုလျှင် ဘယ်နေရာသွားချင်လဲ ဆိုင်ကယ်တက္ကစီကို တစ်ထောင်လောက်ပေးလိုက်လျှင် သွားလိုသည့်နေရာကို ပျော်ပျော်ကြီး လိုက်ပို့ပေးလိမ့်မည်။ အခု ဆိုင်ကယ်တက္ကစီမရှိသည့်မြို့ဆိုတော့ အထူးတဆန်း ဖြစ်နေရသည်။
''ဘယ်သွားချင်လို့လဲ … ကျွန်တော်လိုက်ပို့ပေးမယ် … ''
ရှမ်းသံဝဲဝဲနှင့် လူတစ်ယောက်က ကွမ်းဝယ်နေရင်း လှမ်းမေသည်။ ရှမ်းဘောင်းဘီနှင့် ရှမ်းလွယ်အိတ်ကို လွယ်ထားသော သူတစ်ယောက် … သူ့မျက်ဝန်းကိုကြည့်သည်နှင့် ရိုးသားသူတစ်ယောက်မှန်း ရိပ်စားမိသည်။
''ဆံပင်ညှပ်ချင်လို့ဗျ … ဆံပင်ညှပ်ဆိုင်လိုက်ရှာတာ မတွေ့လို့ ကျွန်တော့်ကို လိုက်ပို့ပေးပါအုံး … ''
ဆံပင်သာ သိပ်မရှိတာ နည်းနည်းလေး ရှည်လာလျှင်ကို မနေတတ်။ ထို့ကြောင့် ဆံပင်ညှပ်ချင်စိတ်က တားမရ ဆီးမရဖြစ်နေသဖြင့် ပြောလိုက်ရသည်။ ထိုလူက ခေါင်းညိတ်ပြပြီး ဆိုင်ကယ်ဦးထုပ်ကို ကမ်းပေးသည်နှင့်တပြိုင်နက် ဆိုင်ကယ်နောက် ခွထိုင်လိုက်သည်။
''ဒီက ဧည့်သည်နဲ့တူတယ် … ဘယ်ကလဲ … ''
''ကျွန်တော်နတ်မောက်ကပါ … ''
''သြော် အလုပ်ကိစ္စလား … ''
ထိုလူက စကားကို ဖွဲ့နွဲ့မနေဘဲ သူသိချင်သည့် စကားကိုသားဒဲ့မေးသဖြင့် နည်းနည်း ပြုံးမိသည်။ အတော်ရိုးတဲ့ တောင်ပေါ်သားတွေပါလားလို့ စိတ်ထဲ တွေးမိသည်။
''အလုပ်ကိစ္စဆို ကျွန်တော်က စဝ်စံထွန်းဆေးရုံမှာ တာဝန်ကျတဲ့ ဆရာဝန်ပါ … ''
''ဆရာဝန်ကိုး … ''
ထိုလူက စကားတစ်ပိုင်းတစ်စနှင့်ရပ်သွားသည်။ နောက်ထပ်မမေးတော့။ ဆံပင်ညှပ်ဆိုင်ရှေ့ရောက်မှ …
''ရောက်ပြီ … ဆရာ … ''လို့ ယဉ်ကျေးပြူငှာစွာ ဆိုသည်။ ကျွန်တော်က ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး …
''ဘယ်လောက်ပေးရမလဲ ခင်မျ …''လို့ မေးလိုက်တော့ ထိုလူမျက်နှာ ချက်ချင်းပျက်သွားသည်။ ပြီးမှ ကျွန်တော့်ကို စိုက်ကြည့်ပြီး …
''ဝါသနာမပါဘူး … ဆရာအခက်အခဲဖြစ်နေလို့ လိုက်ပို့တာ … နောက်သွားစရာရှိရင် ကျွန်တော့်ကို ဖုန်းဆက်ခေါ်လိုက် … ''ဟု ဆိုကာ ကျွန်တော့်လက်ထဲကို လိပ်စာကဒ်ပေးပြီး ထွက်ခွာသွားသည်။ ကျွန်တော့်မှာတော့ ကျေးဇူးစကားပင် မဆိုလိုက်ရဘဲ ပါးစပ်အဟောင်းသားနှင့် ဖြစ်နေရလေသည်။
ရိုးသားလှသည့် တိုင်းရင်းသားများ၏စေတနာကို စော်ကားမိသည့်အတွက် စိတ်မကောင်းလည်း ဖြစ်မိလေသည်။ ပိုက်ဆံက အရေးမကြီးဘူး အခက်အခဲဖြစ်နေသူကို ကူညီတာ တောင်ပေါ်သားတွေရဲ့ ဗီဇလား …
xx xx xx
အရှေ့ဘက်တောင်တန်းကြီးနောက်ကွယ်မှ နေလုံးကြီးက တဖြည်းဖြည်း ထွက်ပေါ်လာပြီ။ ဒါပေမယ့် အချမ်းဓာတ်ကတော့ ပျောက်ကွယ်မသွား။ ပိုလို့တောင် ချမ်းအေးလာသည်ဟုတောင် ထင်ရသည်။
စဝ်စံထွန်းဆေးရုံကြီးရှေ့ရောက်တော့ ကျွန်တော်ခြေလှမ်းတွေ ရပ်တန့်သွားရသည်။ ကြည့်ပါအုံး။ ကျွန်တော်တာဝန်ထမ်းဆောင်ရမည့် ဆေးရုံကြီးက ခန့်ညားထည်ဝယ်လိုက်တာ။ ကျွန်တော့်ရင်တွေ တဒိတ်ဒိတ်ခုန်လာသည်။ ကျွန်တော်တောင်ကြီးမြို့ကို လွန်ခဲ့သည့် ၇ နှစ်ကျော်က ရောက်ဖူးပါသည်။ ပင်တယမြို့ကို ကျောင်းသားဘဝ ကျန်းမာရေးစစ်တမ်းကောက်ခဲ့ခြင်းဖြစ်ရာ တောင်ကြီးမြို့ကို အလည်ရောက်ခဲ့သည်။ သန့်ရှင်းသာယာပြီး စည်ကားသည့်မြို့ဖြစ်သဖြင့် နောက်တစ်ချိန်ဆရာဝန်ဖြစ်လျှင် တောင်ကြီးမြို့ကို လျှောက်မည်ဟု စိတ်ထဲမှာ မှတ်သားခဲ့သည်။ ကျန်းမာရေးအသိနည်းသည့် ဓနုနှင့်တောင်ရိုးတိုင်းရင်းသားများကို စာနာသနားသောအားဖြင့် ပင်းတယဆေးရုံကိုလည်း တာဝန်ကျချင်သည်။ မသိစိတ်က တောင်ပေါ်ဒေသကို စွဲလမ်းနေခဲ့သည်။ အခု ကျွန်တော်ရည်မှန်းထားသည့်အတိုင်း တောင်ကြီးမြို့ကို တာဝန်ကျသည့်အတွက် ဝမ်းသာ ပီတိဖြစ်ခဲ့ရသည်။ ပျော်ရွှင်ကြည်နူးရသည်။ ထိုအပျော်များက ခဏအတွင် ပျောက်ရှသွားရသည်။ ပြင်ပလူနာဌာနမှာ တွေ့လိုက်ရသည့် အဖြစ်အပျက်က ကြောက်ရွံ့စိုးရိမ်စိတ်ကို ပိုလို့ ဖြစ်ပေါ်စေသည်။ ပြင်ပလူနာဌာနအခန်းထဲကို စောင်းငဲ့ကြည့်လိုက်သည်။ ပအို့ဝ်တိုင်းရင်းသားများကို တွေ့ရသည်။ လူနာအတွက် စိုးရိမ်ပူပန်နေ့သည့် မျက်နှာများကို မြင်ရပြန်တော့ စိတ်မကောင်းလည်း ဖြစ်မိသည်။ သူတို့က ဗမာစကားမတတ်ကြ။ တာဝန်ကျဆရာဝန်က မေးနေသည့်မေးခွန်းများကို မဖြေနိုင်ကြဘဲ စကားဝဲဝဲနှင့် ဆရာမလေးက ဘာသာပြန်ပေးနေရသည်။ ဘာသာစကား။ ကျွန်တော်စိုးရိမ်သွားသည်က ထိုဘာသာစကားပင်။ လူနာက ကိုယ်မေးတာ နားမလည်။ သူဖြေတာ ကိုယ်နားမလည်ဆိုရင် လူနာနှင့် ဆရာဝန်ဆက်ဆံရေးက အဆင်ပြေမှာ မဟုတ်။ ထို့ကြောင့် ငါတောင်ကြီးကို လျှောက်မိတာ မှားသွားပြီလားဟု စိုးရိမ်ကြောင့်ကျစိတ်က ပိုလိုနေလေသည်။
xx xx xx
''ဒါ အင်္ဂလန်မဟုတ်ဘူး … သွေးစစ် ဆီးစစ်သင့်တာ မှန်ပေမယ့် မင်းတို့ စစ်ချင်တာ စစ်လို့မရဘူး … လူနာရဲ့စီးပွားရေးကိုလည်း ငဲ့ကြည့်သင့်တယ် … ''
ရောင်းလှည့်ရင်း ပြောသည့် ဆရာဝန်မကြီးစကားက မှန်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများသည် ဆင်းရဲနွမ်းပါးလှသည်။ ပြည်သူ့ဆေးရုံရောက်လာပြီဆိုကတည်းက မရှိလို့ ဆင်းရဲလို့ဆိုတာ ဗေဒင်မေးစရာမလိုဘဲ သူတို့၏ အနေအထိုင် ဝတ်စားဆင်ယင်မှုက ဖော်ပြနေသည်။
မှတ်မှတ်ရရ။ ကျွန်တော် တောင်ကြီးမြို့မှာ တာဝန်မကျခင် မန္တလေးမြို့မှာ နာမည်ကြီးသည့် အထူးကုဆေးရုံကြီးမှာ အလုပ်လုပ်ဖူးပါသည်။ ပြင်ပ အထူးကုဆေးရုံကြီးဆိုသည့်အတိုင်း ပိုက်ဆံချမ်းသာသူများနှင့် လူမျိုးခြားများသာ လာတက်နိုင်ကြသည်။ ငွေပေါသည့်လူနာမျိုးအဖို လိုအပ်သည့် သွေးစစ် ဆီးစစ်အကုန်လုပ်နိုင်သည်။ လိုအပ်သလို စစ်ဆေးသွားနိုင်သည်။ အခု တိုင်းရင်းသားများ၊ ဆင်းရဲသူများ တက်သည့် ပြည့်သူဆေးရုံမှာတော့ လိုအပ်သော်လည်း ပိုက်ဆံမတတ်နိုင်သဖြင့် စစ်ဆေးမှုတွေ မလုပ်ရ။ မတတ်နိုင်လျှင် အမှန်တကယ်လိုအပ်သည့် စစ်ဆေးမှုကို ဆေးရုံမှာ အကုန်ကျခံ စစ်ဆေးပေးနေရသည်။ ဆေးပညာ အသိမရှိသည့် လူနာနှင့် လူနာစောင့်များ၏ မျက်ဝန်းများကို မေ့မရ။ ကောင်းသလိုသာ လုပ်ပေးပါဟု ရိုးသားအားကိုးသည့် စကားသံဝဲဝဲများကသာ ကျွန်တော်ကို စိုးမိုးလို့ နေသည်။
xx xx xx
ကျွန်တော် ဘာကြောင့် တောင်ကြီး စဝ်စံထွန်းဆေးရုံကို တာဝန်ကျချင်ရပါသလဲ။ အဖြေက ရှင်းပါသည်။ ကျွန်တော် လူနာများ(ဆင်းရဲနွမ်းပါးသည့် တိုင်းရင်းသားလူနားများ)ကို နွေးထွေးပျူငှာစွာ ပြုစုကုသချင်ပါသည်။ နောက်တစ်ချက်က ဝါသနာပါရာ စာရေးခြင်းအလုပ်ကို အေးချမ်းသည့် တောင်ပေါ်မြို့လေးမှာ အကောင်အထည်ဖော်ချင်သည်။  စာတွေ အနည်းအကျဉ်းမျှ ရေးဖြစ်ပါသည်။ လူနာများကို ကုသရတာ ပျော်ပါသည်။ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ဘာသာစကား၊ အလေ့အထကို ရင်းနှီးကျွမ်းဝင်ဖို့ရာ လွယ်ပေမယ့် သူတို့၏ချို့တဲ့မှုကို အကောင်းဆုံး အထောက်အကူပေးဖို့ စွမ်းဆောင်နိုင်မလားဆိုတာတော့ ကျွန်တော်၏အကြီးမားဆုံး စိမ်ခေါ်မှု တစ်ရက်ပါပဲ …

အာကာခေတ်ပိုင်

0 comments:

Post a Comment

ဝေဖန် အကြံပြုခဲ့ပါအုံး