3.12.13

အရောင်မဲ့လိပ်ပြာ


                      အသွားထက်နေသော ဓားနှင့် ဝမ်းဗိုက်ပေါ်ရှိ ချိန်ရွယ်ထားသည့်နေရာတွင် တည့်တည့် ထိုးဖြဲလိုက်သည်။ အရေပြားသည် တိခနဲ ရိခနဲ၊ အဆီပြင်သည်လည်း စွိခနဲ ဗျိခနဲ။ သွေးပုပ်တို့က ဝေါခနဲ ဗြောခနဲ၊ အလုပ်သမား ကိုဝင်းမောင်၏လက်ထဲမှ ကင်မရာသည်လည်း ဖျက်ခနဲ လက်ခနဲ၊ သွေးညှီနံ့နှင့် အော်ကလီဆန်စရာ ပုပ်အဲ့အဲ့နံ့က ထောင်းခနဲ ဟောင်းခနဲ …
                      အဆီပြင်တဝင်းဝင်းနှင့် အူတို့သည် အလိပ်လိုက် အခွေလိုက် အထပ်လိုက်။ အူများကို အပုံလိုက်ဖယ်ရှားကာ ပစ်မှတ်နေရာကိုသာ ဦးတည်ရှာဖွေကြည့်သည်။ အတွင်းကလီစာများကို တစ်ခုချင်းစီ ဆန်းစစ်ကြည့်သည်။ သူထင်သည့်အတိုင်ပင်။ အသည်းသည် ချွန်ထက်သော လက်နှက်ကြောင့် မြင်မကောင်အောင် ဒါဏ်ရာဒါဏ်ချက် ဗရပွနှင့် …

                     လူသေကောင်သည် ဝေဒနာကြောင့် ညည်းညူခြင်းလည်းမပြု လောဘ၊ ဒေါသ၊ မောဟတို့ ကင်းမဲ့နေသော ရုပ်ကလာပ်သည် ပကတိ တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။ စစ်ဆေးမှု ပြီးစီးသွားသောအခါ ဝမ်းဗိုက်ပြန်ပိတ်လိုက်သည်။ ထို့နောက် သက်ပြင်းရှည်ချရင်း ရင်ခွဲရုံမှ ပြန်လာခဲ့သည်။ ရင်ခွဲရုံ တံခါးပိတ်သံ "ဂျိန်း"ခနဲက ထိတ်လန့်ခြောက်ခြားဖွယ် …
                     ထိုနေ့၏ဒီဇင်ဘာလ ဆောင်းလေညှင်းသည် ရင်ထဲတွင် စိမ့်ခနဲ သိမ့်ခနဲ အေးမြစေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မှိုင်းဝေနေသဖြင့် လေးလံထုံထိုင်စေသည်။ ဒေါက်တာပြည့်စုံနှင့် သူနာပြုဆရာ မနီသည် ဆေးရုံကော်ရစ်တာအတိုင်း ရုံးခန်းသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။ ဆေးရုံရှေ့မျက်နှာစာတွင် လေနှင်ရာအတိုင်း ယိမ်းနွဲ့ကခုန်နေသော စက္ကူပန်းပင်တို့ကိုလည်း သတိမမူအားဘဲ အတွေးကိုယ်စီနှင့်သာ
                      ရုံးခန်းထဲအရောက်တွင် ထိုင်ခုံပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချမိသည်။ ဆရာမ မနီက ဖိုင်အထပ်လိုက်ကို လှန်လှောနေရင်း …
                    ''နေရာတင် ပွဲချင်းပြီးဆိုတော့ တစ်ဖက်လူက တော်တော်အငြိုးကြီးလို့ ထင်တယ်နော်ဆရာ … '' ဟု မ၀ံ့မရဲလေးနှင့် မေးသည်။ သူက သက်ပြင်းရှည်ချလိုက်ပြီး …
                    ''ဒါပေါ့ဆရာမရယ် … အရက်မူးပြီး လူစိတ်ပျောက်ကုန်ကြတာကိုး … အင်း … လောဘ၊ ဒေါသ၊ မောဟ တွေ မထိန်းနိုင်ကြရင် ကျောက်ခေတ်က လူရိုင်းတွေနဲ့ ဘာထူးတော့မှာလဲ …''ဟု တွေးဆဆလေးနှင့် ပြောလိုက်သည်။
                    ''တရားခံဘက်က လူတွေက ဆရာ့ကို တွေ့ချင်တယ်တဲ့ … ''
                     ''မတွေ့ချင်ဘူးဆရာမရယ် … ''
                     ''ဟုတ်ကဲ့ ကျွန်မကလည်း စိတ်မရှိပါနဲ့ ဆရာတွေ့ချင်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်''
                    သူနှင့် ဆရာမ မနီတို့ မျက်လုံးချင်း ဆုံမိသည်။ ထို့နောက် ဘာစကားမျှ မဆိုဖြစ်ဘဲ အတွေးကိုယ်စီနှင့် …  ဆေးစာမှတ်ချက်ရေးမပြီးမချင်း တရားခံဘက်ကော တရားလိုဘက်ကော မည်သူနှင့်မျှ သူမတွေ့ချင်။ တွေ့ဖို့လည်း မလိုအပ်။ သူ့တာဝန်သည် အမှန်တွေ့ရှိချက်ကိုသာ ထင်မြင်ချက်ပေးရန်ဖြစ်သည်။ ဆရာမက ဖိုင်အထပ်လိုက်ကိုင်ရင်း ရုံးခန်းထဲမှာ ထွက်သွားမည်အပြု …
                       ''နေအုံးဆရာမ … ဒေါ်စိန်ကို ကျွန်တော့်ရုံးခန်းထဲလာခဲ့ဖို့ ပြောလိုက်ပါအုံး …. ''
                       ''မနေ့က အဖြစ်အပျက်အတွက်လားဆရာ … ''
သူက ခေါင်းညိတ်ပြလိုက်တော့ ဆရာမက တစ်ခုခု ပြောမည်ပြုပြီးမှ မပြောတော့ဘဲ ရုံးခန်းထဲမှ ထွက်သွားလေသည်။ မနေ့က အဖြစ်အပျက်။ ဟုတ်ပါသည်။ မနေ့က အဖြစ်အပျက်အတွက် စိတ်မကောင်းလည်းဖြစ်ရသလို ဒေါသလည်း ဖြစ်ခဲ့ရသည်မဟုတ်လား … ။
xx xx xx
ထိုနေ့က သူတစ်ယောက်တည်း ရှိနေသည့်အခိုက် လူတစ်ယောက် ရုံးခန်းထဲသို့ ရောက်လာခဲ့သည်။ ဖျင်အကျီ၊ ဖျင်ပုဆိုးကို ဝတ်ဆင်ထားပြီး ခမောက်ကို ဆောင်းထားသည်။ လက်ထဲတွင်လည်း အထုပ်အပိုးများကို တွေ့ရသဖြင့် အကဲခတ်ကြည့်နေမိသည်။
                     ''ဆရာ … အထဲကို ၀င်ခွင့်ပြုပါ … ''
                      ထိုလူက အရိုအသေပေးရင်း ပြောတော့ သူခေါင်းညိတ်ပြလိုက်သည်။ ထိုလူက သူရှေ့ စားပွဲပေါ်တွင် အထုပ်အပိုးများကို ချပြီး အောက်တွင် ထိုင်မည်အပြု။ သူက ကုလားထိုင်တွင် လက်ညှိုးညွှန်ပြလိုက်သည်။
                     ''ခုံမှာ ထိုင်ပါ … ''
                     ''ဟုတ်ကဲ့ဆရာ … ဆရာ ကျွန်တော့်ကို မမှတ်မိဘူးနဲ့တူတယ် … ''
                      ထိုလူကို သူ သေချာ အကဲခတ်ကြည့်မိသည်။ မြင်ဖူးသလိုလို ရှိသော်လည်း ဆက်စဉ်းစားမရ။ လူအများနှင့် ဆက်ဆံရသော သူ့အတွက် အမှန်တကယ်ပင် စဉ်းစားမရအောင် ဖြစ်နေရသည်။ သူ့ကုသပေးလိုက်၍ ပျောက်ကင်းသွားသော လူနာများကိုပင် ကောင်းကောင်း မမှတ်မိတော့။
                     ''ကျွန်တော် ဇော်ခင် အကို ဇော်လွင်လေ … ''
                      ဇော်ခင် ဇော်ခင် သူ အပြေးအလွှား စဉ်းစားမိသည်။ အတွေးထဲတွင် ခပ်ရေးရေးပေါ်လာသည်။
                      ''သိပြီ … ဟိုတစ်လောက အရက်သောက်ရင်း အချင်းများကြတဲ့ ဇော်ခင် မှတ်မိပြီ … ကိုဇော်လွင် အခု ဘာကိစ္စတုန်းဗျ … ''
                        ထိုလူက ပြုံးနေသည်။ မှတ်မိသွားပြီဆိုတော့ စိတ်သက်သာရာ ရသွားသည်ထင်သည်။ ထို့နောက် ဘေးဘီသို့ အကဲခတ်ကြည့်နေသည်။ မည်သူမျှ ရှိမနေဘူးဆိုတာ သိရတော့ လေသံတိုးတိုးလေးနှင့် …
                        ''ဆရာ့ကို ကန်တော့ ချင်လို့ပါ … ''
                        ''ဟာ မဟုတ်တာဗျာ … ဘာဖြစ်လို့ ကန်တော့မှာတုန်း … '''
                        ''ကန်တော့ရမှာပေါ့ ဆရာရဲ့ … ဆရာ ကူညီခဲ့လို့ ကျွန်တော့်ညီထောင်မကျတာလေ… ''
                        ''ဗျာ … ''
                        မထင်မှတ်သည့် စကားကြောင့် သူ မျက်မှောင် ကြုတ်သွားရသည်။
                        ''ဟုတ်တယ်လေ ဆရာရဲ့ … အမှန်က ကျွန်တော်ညီ ထောင်နှစ်အများကြီး ကျရမှာ အခုတော့ အချုပ်ပဲကျလို့တော်သေးတယ် … အဲဒါ ဆရာကူညီခဲ့လို့ပေါ့ … ''ဟု ဆိုရင်း ကိုဇော်လွင်က အထုပ်အပိုးများကို သူ့ရှေ့သို့ တိုးပေးသည်။ သူ ကဗြာကရာ လက်ကာပြလိုက်သလို ကြောင်းအအလည်း ဖြစ်သွားရသည်။
                         ''တစ်ခုခုတော့ မှားနေပြီထင်တယ် … ကျွန်တော် နားမလည်ဘူး … ''
                         ''အေးပေါ့ဗျာ … ဆရာက ဒီလို ကိစ္စတွေ အမြဲကြုံနေရတော့ မေ့နေမှာပေါ့ … ကျွန်တော်ပြောပြမယ် …. ဆရာက ကျွန်တော့်ညီအမှုကို လျှော့ပေါ့အောင် ဆေးစာရေးပေးခဲ့လို့ ကျွန်တော်ညီ ထောင်မကျခဲ့တာလေ … ''
                        ''ဗျာ … ''
သူ ထပ်မံအံ့သြရပြန်လေသည်။ သူ ဘယ်သူ့ကိုမှ မျက်နှာလိုက်ပြီး ဆေးစာမရေးပေးခဲ့။ အခုတော့ တစ်ခုခု လွဲမှားနေပြီဆိုတာ သေချာနေလေပြီ။
                          ''ဆရာ … ကျွန်မကို ခေါ်တယ်ဆို … ''
အလုပ်သမားဒေါ်စိန်က ရောက်လာမှ မနေ့ကဖြစ်ခဲ့သည့်အတွေးစများ ရပ်တန့်သွားလေသည်။ ထိုင်ခုံပေါ်တွင် နေရာပြင်ထိုင်လိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။
                    ''ဒေါ်စိန်ရာ … ခင်များမို့ လုပ်ရက်တယ်ဗျာ … ''
                      သူ ဆံပင်ကြားထဲသို့ လက်ကိုထိုးသွင်းရင်း ညည်းဆိုမိသည်။ ထိုစကားကိုသာ ထပ်ခါထပ်ခါ ပြောရင်း ရင်ထဲတွင် ဒေါသတို့က အလိပ်လိုက် တက်လာသဖြင့် တက်တစ်ချက် ခပ်ပြင်းပြင်းခေါက်မိသည်။  ထို့နောက် သူ့ရှေ့တွင် မလှုပ်မယှက် ငြိမ်သက်ကာ ခေါင်းငုံ့ထားသည့် ဒေါ်စိန်ကို ခပ်စေ့စေ့ အကဲခတ်ကြည့်မိသည်။
                    ဖြူဖျော့နေသော ဆံပင်နှင့် လျော့တွဲနေသော အသားအရေကြောင့် အသက် ၅၀ ကျော်ရွယ် ရှိပေလိမ့်မည်။ အတိတ်ကာလတွင် ဆိုးရွာစွာဖြစ်ပွားခဲ့သည့် ကျောက်ရောဂါ၏ အမှတ်သားအဖြစ် ကျောက်ပေါက်မာတို့က ပါးရိုးအစုံတွင် အကျည်းတန်စွာ ပေါက်နေသည်။ အဖြူဟု ပီပီပြင်ပြင်မရှိတော့သော အကျီပေါ်တွင် ဆေးလိပ်မီးလောင်ပေါက်တို့က ဟိုတစ်စု သည်တစ်စု …  မျက်ဝန်းစုံမှာလည်း အရောင်ဖျက်လက်မှုမရှိ၊ သွက်လက်မှုမရှိ၊ အရောင်ထိုင်မှိုင်းနေသည်သာ…
                      ဒေါ်စိန်၏မျက်ဝန်းအိမ်မှ မျက်ရည်စများ လျှံတက်လာသဖြင့် သူ ဆက်မကြည့်ဝံ့တော့ဘဲ သက်ပြင်းရှည်ကိုသာ ချမိသည်။
                     ''ဒေါ်စိန်ရဲ့လုပ်ရက်က ကျွန်တော့်ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတာ မစဉ်းစားမိဘူးလား … ''
                      သူက ခပ်ဖြည်းဖြည်းခပ်မှန်မှန်လေး ပြောလေတော့ ဒေါ်စိန်ဆီမှ အင့်ခနဲ ငိုရှိုက်သံထွက်ပေါ်လာသည်။ ဒေါ်စိန်သည် သူ့ထက် အသက်အတော်လေးကြီးပါသည်။ သူ့အမေသက်ရှိထင်ရှားရှိနေပါလျှင် အမေနှင့် ရွယ်တူလောက်ဖြစ်ပေလိမ့်မည်။ ယခုတော့ အပြစ်လုပ်မိသော ကလေးသူငယ်လို သူ့ရှေ့တွင် မျက်နှာငယ်လေးနှင့် ရပ်နေသဖြင့် စိတ်မကောင်းလည်း ဖြစ်ရသည်။ သို့သော် ယခုကိစ္စမှာ မပြောမပြီးမို့ ဒေါသကို မြိုသိပ်ထားရင်း သူ့ရုံးခန်းထဲတွင် ဒေါ်စိန်အား နှစ်ယောက်ချင်း ခေါ်ပြောရခြင်း ဖြစ်လေသည်။
                      ''ဒေါ်စိန် ကျွန်တော်ပြောတာ ကြားရဲ့လား … ''
                       သူက အသံခပ်ကျယ်ကျယ်နှင့် ပြောလိုက်ရာ ဒေါ်စိန်ကိုယ်လုံးလေး ဆတ်ခနဲ ဖြစ်သွားသည်။ ထို့နောက် မျက်နှာဖြည်းဖြည်းချင်းမော့လာရင်း သူနှင့် မျက်လုံးချင်း ဆုံမိသည်။ ဒေါ်စိန်က မျက်ရည်များကို လက်ခုံနှင့် သုတ်လိုက်ရင်း …
                       ''ကြားပါတယ်ဆရာ … ကျွန်မမှားသွားပါတယ် … ''ဟု တိုးလျစွာ ဆိုလေတော့ သူ စုတ်တစ်ချက်သပ်မိသည်။
                      ဒေါ်စိန်သည် တောင်ညောင်ဦးတိုက်နယ်ဆေးရုံတွင် အလုပ်သမားဘ၀ဖြင့် လုပ်သက် သုံးဆယ်ကျော် ရှိခဲ့လေပြီ။ ဒေါ်စိန်၏လုပ်စာနှင့် သားသမီးများကို ထောက်ပံ့ကျွေးမွေးထားသည်။ ဒေါ်စိန်ယောက်ျား ဦးဘိုခွေးကလည်း အရက်လေးတမျှမျှနှင့် လက်ကြောမတင်။ အလုပ်ကပျင်းနှင့် အရက်လေးဝင်သွားလျှင် ဒေါ်စိန်နှင့် သားသမီးများကို ရန်ရှာတတ်သည်ဆိုတာ သူသိပြီးသား။ သို့ပေမဲ့ အလုပ်ကအလုပ်၊ အလုပ်နှင့် ပုဂိုလ်ရေးတော့ မရောနှောစေချင်။
                     ''မှားသွားပါတယ်လို့ လွယ်လွယ်မပြောနဲ့လေ ဒေါ်စိန်ရဲ့ … တစ်ဆေးရုံလုံးရဲ့ တာဝန်ကိုယူထားရတဲ့ ကျွန်တော့်အတွက် ဒီကိစ္စက နာမည်ပျက်စေတယ်ဗျ  … ''
                     ''ဟုတ်ကဲ့ပါဆရာ … ကျွန်မလည်း ကြပ်တည်းနေတဲ့အခြေအနေကြောင့် မလုပ်သင့်တာကို လုပ်မိသွားပါတယ်ဆရာ … ကျွန်မကို ခွင့်လွှတ်ပါ … ''
                      ဒေါ်စိန်က ရှိုက်ကြီးတငင် ငိုကျွေးရင်း သူ့ရှေ့တွင် လက်အုပ်ချီပြီး ပုဆစ်တုပ်ထိုင်ချလိုက်ရာ သူက ကပြာကရာ မတ်တပ်ရပ်လိုက်ရသည်။
                     ''အို … ဘာလုပ်တာလဲ … ကျွန်တော်ငရဲကြီးကုန်ပါ့မယ် … ထ ပါ … '''
                     ဒေါ်စိန်က သူ့အား မျက်နှာငယ်လေးနှင့် စိုက်ကြည့်နေသည်။ ထို့နောက် မျက်နှာကို လက်နှင့်အုပ်ကာ တသိမ့်သိမ့် ငိုကျွေးနေသဖြင့် သူမှာ စိတ်မသက်မသာ ဖြစ်သွားရသည်။
                      ''ဆရာရယ် … ဆရာ့ဂုဏ်သိက္ခာကျပါစေဆိုပြီး လုပ်မိတာ မဟုတ်ပါဘူး … ကျွန်မမှာလည်း … ဟင့် ဟင့်''
                      ''ကဲ ဒေါ်စိန် ငိုမနေနဲ့တော့ … ငိုနေလို့လည်း ဒီကိစ္စက ပြီးမှာ မဟုတ်ဘူး … မသိလို့ မှားတာပဲ ဖြစ်ဖြစ် သိရက်နဲ့မှားတာပဲ ဖြစ်ဖြစ် … ကိုယ့်ရဲ့အမှားက တစ်ပါးသူကို ထိခိုက်စေတယ်ဆိုရင် မကောင်းဘူး … အခုတစ်ခါတော့ ခွင့်လွှတ်လိုက်မယ် … နောက်တစ်ခါဆို ကျွန်တော့်အဆိုးမဆိုနဲ့ … ကဲ ကဲ သွားတော့ … ''
                      ဒေါ်စိန် ထွက်သွားသော်လည်း သူမှာ အချိန်အတော်ကြာအောင် ငေးငိုင်နေမိသည်။ သူ သည်တောင်ညောင်ဦးတိုက်နယ်ဆေးရုံလေးသို့ ရောက်ရှိချိန်မှစ၍ အောက်ခြေ၀န်ထမ်းများအား အဆင့်ခွဲခြား ဆက်ဆံခြင်းမရှိခဲ့။ အားလုံးတပြေညီ ဆက်ဆံခဲ့သည်။ ၀န်ထမ်းများအားလုံး အလုပ်မှာ ပျော်ရွှင်စေရန် အလေးထားဆောင်ရွက်ခဲ့သည်။ သူ၏လုပ်ဆောင်ချက်များက အရာထင်အောင်မြင်ခဲ့ပါသော်လည်း ယခုကိစ္စကိုတော့ သူ ဒေါသအကြီးအကျယ်ထွက်မိသည်။ ခွင့်မလွှတ်မသင့်ပါဘဲ ခွင့်လွှတ်ရတော့မည်။ ထိုကိစ္စသည် သူ၏နမော်နမဲ့ကြောင့်လည်း ဖြစ်ခဲ့ရသည်မဟုတ်လား … ဟိုတစ်နေ့က ကိုဇောင်လွင်ပြောခဲ့သော စကားများကို ပြန်ကြားယောင်မိတိုင်း ဘာကိုမှန်းမသိ စိတ်တိုနေမိသည်။
                     ''ရှိသမျှ ပစ္စည်းကုန်ချင်ကုန်ပါစေ ကျွန်တော်ညီ ထောင်မကျဖို့ အရေးကြီးတယ်လေ … အဲဒီမှာ ဒေါ်စိန်နဲ့တွေ့တယ်ဆရာ … ဒေါ်စိန်က ပြောတယ် ကျွန်တော်ညီက နှစ်အများကြီး ကျနိုင်တယ်တဲ့ … ကျွန်တော်ရင်ကွဲမတက်ခံစားရတယ် … ဒေါ်စိန်က စိတ်မကောင်းမဖြစ်ပါနဲ့ ဆရာဝန်က ဆေးစာမှာ ပြင်းထန်လို့ ရေးထားတယ် ဆိုပေမယ့် သာမန်လို့ ပြောင်းရေးလိုက်မယ်ဆိုရင် ထောင်မကျနိုင်တော့ဘူးတဲ့ … သာမန်လို့ ဆရာ့ကို ရေးခိုင်းဖို့ ငွေနှစ်သိန်းပေးရမယ်လို့ ဆိုပါတယ် … ကျွန်တော်လည်း ငွေက တန်ဘိုးမရှိဘူး လူက တန်ဘိုးရှိတယ်ဆိုပြီး ဆရာ့အတွက် ငွေနှစ်သိန်းကို နွားရောင်းပြီး ပေးခဲ့ပါတယ် … အဲဒီငွေနှစ်သိန်းကြောင့် ကျွန်တော့်ညီ ထောင်မကျခဲ့တာ မဟုတ်ဘူးလား … ''
                     ''မဟုတ်ဘူး … တစ်ဖက်လူက မကျေနပ်လို့ အမှုဖွင့်တယ်ဆိုပေမယ့် တကယ်တော့ တစ်ဘက်လူမှာ ဆေးပညာအရ ဘာဒါဏ်ရာမှ မရဘူး သာမာန်ပဲလေ … အဲဒါကြောင့် ကိုဇော်ခင်က ထောင်မကျဘဲ အချုပ်ရက်နဲ့ လွှတ်သွားခဲ့တာပါ … ''
                      အဲဒီနေ့က အဖြစ်အပျက်အတွက် ပြန်စဉ်းစားမိသည်။ ညီလေးထောင်ကျမှာကို အကိုလုပ်သူက အရမ်းစိုးရိမ်နေမည်။ ထိုအချည်းအရာကိုသိသည့် ဒေါ်စိန်က ပွဲလန့်တုန်း ဖျာခင်လိမ့်မည်။ ထိုနေ့က ဆေးစာရေးနေချိန် အရေးပေါ်လူနာရောက်လာသဖြင့် အံဆွဲသော့မခတ်ဘဲ အပြေးသွားကြည့်မိသည်က သူ့အမှား။ အကြံရှိသည့်ဒေါ်စိန်က အံဆွဲထဲက ဆေးစာကို ယူဖတ်လိမ့်မည်။ မှတ်ချက် သာမန်၊ပြင်းထန်၏ အတိမ်အနက်ကို လုပ်သက်အရ သိပြီးသား။ ထို့နောက် အပူသည် ကိုဇော်လွင်ထံ သူ့နာမည်သုံးကာ လိမ်လည်ပြီး ငွေညှစ်ပေလိမ့်မည်။ ဇာတ်လမ်းအကျဉ်းက ဤမျှသာ။ သို့သော် မပြီးနိုင်သည်က သူနာမည်ကို ခုတုံးလုပ်သွားသည့်အတွက် ဒေါသထွက်မိသလို စိတ်မကောင်းလည်းဖြစ်မိသည်။ သူ လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း ဒေါ်စိန် အဘယ်ကြောင့် ထိုသို့ လုပ်ရသနည်း … ခေတ်ကြောင့်လော … စနစ်ကြောင့်လော … ဆိုသည့် မေးခွန်းများကိုသာ ရင်ထဲတွင် အကြိမ်ကြိမ်မေးမြန်းနေမိလေသည်။
------------------
အာကာခေတ်ပိုင်

၂၀၁၄၊ ဧပြီလ၊ ဇီဝက မဂဇင်း

0 comments:

Post a Comment

ဝေဖန် အကြံပြုခဲ့ပါအုံး