21.11.13

တောင်တန်းပျော်


''မကြာမီ အချိန်တွင်းမှာ တောင်တန်းပျော် စိန်နပန်မီးပုံးပျံကြီး လွှတ်တင်တော့မှာ ဖြစ်ပါတယ် … ''လို့ မိုက်ခရိုဖုန်းက ကြောညာလိုက်တယ်ဆိုရင်ပဲ မီးပုံးပျံကွင်းကြီးတစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတယ်။ နှောင် နှောင် နှောင်ပိန်နှောင် နှောင်ပိန်နှောင်ဆိုတဲ့ ရှမ်းအိုးစည်တီးသံနဲ့အတူ ရှမ်းရိုးရာအကနဲ့ သက်ဝင်လှုပ်ရှားလို့။ ရိုးရာသီချင်းတွေကို သံပြိုင်ဟစ်ကြွေးလို့။ ဆလိုက်မီးမောင်းက အဲဒီလူအုပ်ကြီးကို တည့်တည့်ထိုးထားတယ်။ သူတို့ရဲ့မျက်နှာတွေပေါ်မှာ ပျော်ရွှင်တက်ကြွနေတဲ့ ဟန်ပန်တွေက အထင်သား၊ အတိုင်းသား။ တန်ဆောင်တိုင်လပြည့်ညရဲ့ ဖိုးရွှေလမင်းမှာလည်း ဝိုင်းဝိုင်းစက်စက်နဲ့ အစွမ်းကုန် ထွန်းလင်းတောက်ပနေလေရဲ့။ ပွဲခင်းကြီးတစ်ခုလုံးမှာတော့ ဖုန်မှုန့်တွေလား … မြူတွေဆိုင်းနေတာလား …. နှင်းတွေကျနေတာလား … အကြော်ဆိုင်တန်းတွေဆီက ပျံလွင့်လာတဲ့ မီးခိုးငွေ့တွေလား မဝေခွဲတတ်။ သေချာတာကတော့ ပွဲခင်းတစ်ခုလုံး အဖြူရောင် ဇာပဝါပါလေး လွှမ်းခြုံထားသလို မှိုင်းပြပြ မှုန်ဝါးဝါးနဲ့။
''ဟိုး … မှာ သေချာကြည့်လိုက် အောင်ကိုဇော် ''

ဒေါက်တာ စိုင်းမိန်းလှိုင်းညွှန်ပြတဲ့ နေရာကို သူ ကြည့်လိုက်တယ်။ အသက် နှစ်ဆယ့်လေး နှစ်ဆယ့်ငါး ဝန်းကျင်ရှိမယ့် လူရွယ်တစ်ဦး။ အဲလူရွယ်က တဖြန်းဖြန်းတောက်လောင်နေတဲ့ မီးတုတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး တောင်တန်းပျော် မီးပုံးပျံမီးဇာကို ထွန်းညိုလို့နေတယ်။ မီးတုတ်ဆီက ဖြာကျလာတဲ့ အလင်းကြောင့် အဲလူရွယ်မျက်ဝန်းအစုံမှာ စူးရှလင်းလက်နေမှန်း သိသာစေတယ်။ နီစွေ့နေတဲ့ နှုတ်ခမ်းအစုံကို ခပ်တင်းတင်းစေ့ထားတယ်။ ပအို့ဝ်ဝတ်စုံကို စတိုင်ကျကျ ဝတ်ဆင်းထားပြီး ခေါင်းပေါင်းကို ပေါင်းထားတာက အကျအန။ လူချောတစ်ယောက်ဖြစ်ကြောင်း သူမှတ်ချက် ချမိပြီး
''အဲဒါ ဘာဖြစ်လဲ မိန်းလှိုင်း … ''လို့ သူက မေးလိုက်တယ်။ မိန်းလှိုင်းက ချက်ချင်းမဖြေသေးဘဲ တောင်တန်းပျော်မီးပုံးပျံကိုပဲ ငေးစိုက်ကြည့်နေတော့ သူပါရောယောင်ပြီး ငေးကြည့်မိတယ်။ တောင်တန်းပျော်မှာ အထက်ကို ပျံတက်ချင်နေတာ ထင်ပါရဲ့။ ရုန်းရင်းဆန်ခပ်ဖြစ်လို့။ ဒါပေမယ့် မှိုင်းမဝသေးဘူးလို့ ယူဆနေတာလား မဆိုနိုင်ပါဘူး ခုနက လူရွယ်က မီးဇာကို ဆက်လက် ထွန်းညိုနေတုန်း။
''လူငယ်တစ်ယောက်ကို တွေ့တယ်မလား … ''လို့ မိန်းလှိုင်းက ပြောပြီး လက်နှစ်ဘက်နဲ့ ပါးကို ပွတ်နေတယ်။ တန်ဆောင်တိုင် ဆောင်ညက ရင်ကို သိမ့်ခနဲ စိမ့်ခနဲ ချမ်းအေးစေတယ်။ ပါးစပ်ဟလိုက်တိုင်း အာငွေ့တွေက အူထွက်လို့။ ဒါပေမယ့် တောင်တန်းပျော်အဖွဲ့သားတွေက ချမ်းအေးနေတဲ့ပုံမပေါ်။ သူတို့မီးပုံးပျံတက်မယ့်အရေး အားကြိုးမာန်တက် ဆောင်ရွက်နေကြလေရဲ့။
''တွေ့တယ်လေ … အဲဒါ ဘာဖြစ်လဲ … ''
''မင်းကို အံ့သြစရာ တစ်ခုပြမယ်လို့ ငါပြောခဲ့တယ်မလား … ''လို့ မိန်းလှိုင်း ပြောတော့ သူခေါင်းညိတ်ပြလိုက်တယ်။ ဒီလို လူရှုပ်ရှုပ်ပွဲတွေကို သူ မသွားချင်ပါ။ ဒါပေမယ့် သူငယ်ချင်း မိန်းလှိုင်းက သူ့ကို ဇွတ်အတင်းအကြပ်ခေါ်လို့ ဒီမီးပုံးပျံကွင်းကို စိတ်မပါဘဲ ရောက်ခဲ့ရတာ မဟုတ်လား။
''အဲဒီလူငယ်ရဲ့ လက်ဖမိုးကို ကြည့်လိုက် … ''
မိန်းလှိုင်းပြောမှ အဲဒီလူရွယ်ရဲ့ လက်ဖမိုးကို သေချာလှမ်းကြည့်မိတယ်။ သဲသဲကွဲကွဲ မမြင်ရတော့ ရှေ့နားကို တိုးကပ်ကြည့်လိုက်တယ်။ မီးတုတ်ကို တင်းတင်းဆုပ်ကိုင်ထားတဲ့ အဲလူရွယ်ရဲ့ညာဘက် လက်ဖမိုးကို မြင်ရချိန်မှာ သူ မျက်လုံးပြူး ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။ အသက်ရှူနှုန်းတွေ ခေတ္တခဏ ရပ်တန့်သွားသလို့ ခံစားလိုက်ရတယ်။ သူ တစ်သက်လုံး မေ့မရတဲ့ စာလုံးတစ်ခု။  ''မော်''လို့ တက်တူးနဲ့ ရေးထိုးတဲ့ စာလုံးတစ်ခု။ သူ့ရင်ကို ဒိတ်ခနဲ့ လှုပ်ခါသွားစေတယ်။ ပါးစပ်ကလည်း မော် မော်လို့ တိုးတိုးလေး ရွတ်ဆိုမိတယ်။
''မင်း အံ့သြသွားပြီမလား သူငယ်ချင်း … ''လို့ မိန်းလှိုင်းက မေးတော့ သူခေါင်းညိတ်ပြလိုက်တယ်။ အိပ်မက်က နိုးထလာသူ တစ်ယောက်လို သူကြောင်အအဖြစ်နေပြီး …
''သူ … သူ ... သူက … ''လို့ စကားအထစ်ထစ်ဖြစ်ရင်း မေးလိုက်တယ်။
''သူ့နာမည်က ခွန်သာမော်တဲ့ … ''
''ခွန်သာမော် … ''
သူ ပါးစပ်က တိုးတိုးလေး ရွတ်ဆိုမိတယ်။ ပြီးတော့ နားမလည်ဟန်နဲ့ မိန်းလှိုင်းကို လှမ်းကြည့်လိုက်မိတယ်။ မှိုင်းလှိုင်က အေးဆေးတည်ငြိမ်လို့။ သူ နောက်ထပ် မေးခွန်းတစ်ခု မေးမယ်လို့ ကြံလိုက်ပေမယ့် မအောင်မြင်ခဲ့ဘူး။ တောင်တန်းပျော် မီးပုံးပျံကြီးက အထက်ကို တက်တော့မလို ဖြစ်နေတော့ အားလုံး ဆူညံပွက်လော ရိုက်ကုန်ကြတယ်။ ဒါပေမယ့် အထက်ကို တက်ခါနီးမှ တောင်တန်းပျော်က အောက်ကို ပြန်ကျလာတော့ …
''ဟာ … မှိုင်းမဝသေးဘူး … ''
''အောက်ပိုင်းဝိတ်များတာကိုး ဘယ်တက်ပါ့မလဲ … ''
စလို့ မီးပုံးပျံကြည့်သူ ပရိတ်သတ်တွေဆီက ဝေဖန်တီးတိုးသံတွေ အဆက်မပြတ် ထွက်ပေါ်လာတယ်။ သူတို့လိုပဲ မီးပုံးပျံကြီး တက်ပါ့မလားလို့ သူ့စိတ်ထဲမှာ စိုးရိမ်နေမိတယ်။ မီးပုံးပျံတစ်ခုအတွက် ပွဲတော်မတိုင်ခင်တကည်းက လူအား ငွေအား ရင်းပြီး ပြုလုပ်ခဲ့ရပြီး မီးပုံးပျံမတက်ဘဲ ပျက်စီးသွားမယ်ဆိုရင် သူတို့ရဲ့ မျှော်လင့်ချက်၊ ကြိုးပမ်းမှု၊ ပျော်ရွှင်မှုတွေ ပျက်စီးသွားသလိုပဲလို့ တောင်ကြီးမြို့ခံ သူငယ်ချင်း မိန်းလှိုင်း ရှင်းပြထားလို့ သူ သိပြီးသား။ အဲဒါကြောင့် တောင်တန်းပျော် လွတ်လွတ်ကင်းကင်းနဲ့ ကောင်းကင်ကို ပျံတက်နိုင်ပါစေလို့ ကြိတ်ပြီး ဆုတောင်းနေမိတယ်။ သူ့ဆုတောင်တို့ ပြည့်ဝသွားတယ်လို့ ဆိုရမလားဘဲ။ တောင်တန်းပျော် မှိုင်းဝပြီး အထက်ကို ရုန်းတက်သွားပါပြီ။ မီးပုံးပျံကြီးအောက်မှာ ကပ်ပါသွားတာက မီးပုံသေးသေးလေးတွေနဲ့ ပုံဖော်ရေးထားတဲ့''သမိုင်း''ဆိုတဲ့ စာသားက ကြည့်ရှုသူတိုင်း ကြက်သီးဖြန်းဖြန်း ထစေမယ်ထင်ပါရဲ့။ ပရိတ်သတ်တွေဆီက လက်ကွင်းထိုးသံတွေ၊ လက်ခုပ်တီးသံတွေနဲ့ ညာသံတွေက ပွဲခင်းတစ်ခုလုံး တုန်လှုပ်သွားမကပါဘဲ။ သူလည်း လက်ခုပ်တီးလိုက်တယ်။ သူစိတ်ထဲမှာလည်း မီးပုံးပျံလွှတ်တင်သူတွေလို ရင်ထဲမှာ လှိုက်ခနဲ ဝမ်းသာပီတိဖြစ်မိတယ်။ အချိန်ဘယ်လောက်ကြာသွားပါလိမ့်။ ခနနေမှာ ခုနက လူရွယ်ကို မျက်စိဝေ့ရှာမိတယ်။ လူအုပ်ကြီးက ကြိတ်ကြိတ်တိုးနေတော့ ရှာမရလို့ စိတ်ပူမိပြီး …
''သူငယ်ချင်း … ခုနက လူရွယ် … ''
သူ့စကားကိုပင် မဆုံးလိုက်။ မိန်းလှိုင်းက နေရာတစ်ခုဆီကို လက်ညှိုးညွှန်ပြတယ်။ ပျံတက်သွားတဲ့ တောင်တန်းပျော်ကို ငေးကြည့်ပြီး ရှမ်းအိုးစည်ကို တီးနေတဲ့ လူရွယ်ကို တွေ့မှ သူ့ စိတ်သက်သာရာ ရသွားတယ်။ မော်ဆိုတဲ့ လူရွယ်လေး အတော်ပျော်နေရှာပါလား ….
''မင်း … မင်း … သူ့ကို ဘယ်လိုလုပ်တွေ့တာလဲ … ''
''သူက ငါဆေးခန်းဖွင့်ထားတဲ့ ပအို့ဝ်ရွာက ရွာသားတစ်ယောက်ပဲ … မနေ့က ငါ့ဆေးခန်းကို လာလို့ သူ့လက်မှာ မော်လို့ တက်ထူးထိုးတာ တွေ့လိုက်ရတာ … မင်းပြောဖူးတာကို သတိရပြီး အခု မင်းကို ခေါ်လာတာပေါ့''လို့ ပြောပြီး သူ့ကို စိုက်ကြည့်နေတယ်။ သူ စိတ်ကို တည်ငြိမ်အောင် မနည်းစုစည်းလိုက်ရတယ်။
''ပအို့ဝ်မိဘနှစ်ပါးက မွေးဖွားပြီး ခြံလုပ်ငန်း လုပ်ကိုင်တယ်တဲ့ … အဲဒါ ငါသိထားတာ အကုန်ပဲ အဲ နေအုံး ခုနက ဆေးရုံက ဖုန်းဆက်တယ် … ဆိုင်ကယ်မှောက်ပြီး ရောက်လာတဲ့ အရေးပေါ်လူနာလာလို့တဲ့ … ငါသွားရတော့မယ် ….''
မိန်းလှိုင်းစကား ကြားတော့ သူ စုတ်တစ်ချက်သပ်မိတယ်။ မိန်းလှိုင်းနဲ့ သူက စဝ်စံထွန်းဆေးရုံမှာ တာဝန်အတူတူကျတဲ့ လက်ထောက်ဆရာဝန်တွေ။ ဒါပေမယ့် မိန်းလှိုင်းက အရေးပေါ်ဌာနမှာတာဝန်ကျပြီး သူက ဖျားနာကုသဆောင်မှာ တာဝန်ကျတယ်လေ။ အခုလို ပွဲတွင်းဆို ထိခိုက်မှုတွေ များတော့ အရေးပေါ်တာဝန်ကျတဲ့ ဆရာဝန်၊ ဆရာမတွေ မပျော်နိုင်ဘူး မဟုတ်လား။  မှိုင်းလှိုင်းက သူ့ကို လက်ဆွဲနှုတ်ဆက်ပြီး …
''မင်း မျှော်လင့်ချက်တွေ အောင်မြင်ပါစေကွာ … ''လို့ ပြုံးပြုံးလေးနဲ့ ပြောတော့ သူ ခေါင်းညိတ် ပြုံးပြလိုက်တယ်။ မိန်းလှိုင်းထွက်သွားတဲ့အထိ သူ ကြောင်ရပ်နေမိတယ်။ ခဏနေမှ အသိဝင်လာပြီး ခုနက လူငယ်ကို ရှာဖွေတော့ လူရွယ်က ရှမ်းမလေး ကွမ်းယာ ဆိုင်မှာ ကွမ်းဝယ်နေတာကို တွေ့ရလို့ အပြေးလိုက်သွားတယ်။ သူ လူရွယ်နားကို တိုးကပ်မသွားဖြစ်။ သူက သိနေပေမယ့် အဲလူရွယ်က သူ့ကို မသိဘူး မဟုတ်လား …
''အခုတစ်ခါ လွှတ်တင်မှာကတော့ မြို့တော်သား ညမီးကြီး ဖြစ်ပါတယ် ခင်များ … ''
ညမီးကြီးလို့ ကြေညာလိုက်တာကြောင့် ပရိတ်သတ်တွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ပြန်တယ်။ အစက ညမီးကြီးနဲ့ စိန်နပန်ကို ခွဲခွဲခြားခြား သူမသိခဲ့ဘူး။ စိန်နပန်က မီးပုံးတွေနဲ့ အလှအပ ဖုံးဖော်တဲ့ မီးပုံးပျံ။ ညမီးကြီးက လွှတ်တင်ပြီးတာနဲ့ မီးရှူး မီးပန်းတွေ လှလှပပ ပေါက်ကွဲတာလို့ မနေ့က လက်ဘက်ရည်ဆိုင်မှာ တွေ့ခဲ့တဲ့ နယ်ခံပအို့ဝ်ဦးလေးကြီးက ရှင်းပြလို့ သိခဲ့ရပြီးပြီ။ အခု ညမီးကြီးဆိုတော့ ပရိတ်သတ်တွေ ဆူညံသွားတာ အဆန်းတကျယ်တော့ မဟုတ်ပါဘူး။
ခုနာက လူရွယ်လေးက အကြော်ဆိုင်တန်းဘက် တိုးဝင်သွားပြီး။ သူ ခြေလှမ်းခပ်သွက်သွက် လှမ်းလိုက်သွားလိုက်တယ်။ အဲလူရွယ်က ရဟက်တွေရှိရာဘက်ကို ဦးတည်လျှောက်သွားတယ်။ ရဟက်တွေကို မြင်မှ သူငယ်ငယ်တုန်းက အဖြစ်ကို သတိရမိတယ်။ သူတို့ရွာဘုရားပွဲကို တစ်နှစ်မှာ ကြုံတောင့်ကြုံခဲ ရဟက်ကြီး ရောက်လာခဲ့တယ်။ သူနဲ့ သူ့ညီက ရဟက် အရမ်းစီးချင်ကြတယ်။ ပွဲဈေးကို လိုက်ပို့တဲ့ ဦးလေးက သူတို့ဆန္ဒကို အကောင်အထည်ဖော်ပေးမယ့် လမ်းစမမြင်ဘူး။ တက်တူးဆိုင်ထဲကို ဝင်ပြီး သူထိုးချင်တဲ့ နဂါးရုပ်ကိုပဲ သည်းကြီးမည်းကြီးထိုးနေတော့ သူနဲ့ညီငယ်မှာ ရဟက်ကြီးကို မြင်သာမြင်ရပြီး မစီးရတဲ့ဘဝမို့ စိတ်အတော်လေး ညစ်နေမိတယ်။
''မင်းတို့ ရဟက်သိပ်စီးချင်နေကြသလား .. ''
ဦးလေးက တက်တူးထိုးရင်း လှမ်းမေးတော့ သူတို့ ညီအကိုနှစ်ယောက်လုံး ပြိုင်တူ ခေါင်းညိတ်ပြလိုက်တယ်။
''ကဲ … မင်းတို့ ညီအစ်ကို နှစ်ယောက်လုံး တက်တူးထိုးရင် ရဟက်စီးခွင့်ပြုမယ် … ''
ဦးလေးစကားကြားတော့ သူတို့ ညီအစ်ကို နှစ်ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်လုံးပြူး ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ အသားကို အနာတရ ရစေမယ့် ဒီအလုပ်ကို သူမလုပ်ချင်ပါ။ ဒါပေမယ့် ညီငယ်က အကျီလက်ကို ခေါက်တင်ပြီး …
''ထိုးမယ်ဗျာ … ''လို့ ဆိုလိုက်တော့ သူ ကိုယ်မက်ခနဲ ဖြစ်သွားတယ်။ ထိုးဖို့ မြူဆွယ်တဲ့ ဦးလေးတောင် မျက်ခုံးနှစ်ဖက် မြင့်တက်သွားတယ်။ တက်တူးထိုးတယ်ဆိုတာ ဖေဖေနဲ့ မေမေသိရင် ဆူလိမ့်မယ် မဟုတ်လား။ ညီငယ်က ဇွတ်တရွတ်သမား။ စိတ်မြန်ကိုယ်မြန်တဲ့ကောင်မို့ ညီငယ်ကို ဖေဖေက သိပ်ကြည့်မရဘူး။ တစ်ဦးတည်း ညီငယ်လေးမို့ သူအရမ်းချစ်တယ်။ ဒါကြောင့် အဆူခံရလည်း အတူတူဆိုပြီး သူပါဝင်ထိုးလိုက်တယ်။ ဒီလိုနဲ့ အဲညက ညီအစ်ကိုနှစ်ယောက် ညာဘက်လက်ဖမိုးမှာ တက်တူးထိုးခဲ့ကြတယ်။ သူက အောင်ကိုဇော်ဆိုတော့ ဇော်လို့ တက်ထူးထိုးခဲ့တယ်။ ညီ အောင်ကိုမော်က မော်လို့ တက်တူးထိုးခဲ့ကြတယ်။ ဆုလာဒ်အနေနဲ့ ရဟက်စီးရတယ်။ ညီငယ်ပျော်ရွှင်နေတာ မြင်တော့ တက်တူးထိုးတုန်းက နာတာတွေ ဘယ်ရောက်ကုန်မှန်းတောင် မသိတော့ပါဘူး။ အဲဒီအပျော်တွေက သိပ်မကြပါဘူး။ အိမ် ပြန်ရောက်တော့ ညီအစ်ကို နှစ်ယောက်လုံး ဖေဖေရဲ့လက်သံပြောင်မှုအောက်မှာ လည်စင်းခံခဲ့ရတယ်။ ဆတ်ဆတ်ထိ မခံတဲ့ ညီလေး မော် ။ သူ သိပ်ချစ်ရတဲ့ ညီလေး မော် အဲဒီညက နောက်ဆုံးတွေ့ဆုံခြင်းပဲ။ ညီငယ်လေး အိမ်ပေါ်က ထွက်ပြေးသွားခဲ့တာ အခုချိန်ထိပဲ။ ဖေဖေဆို သူမှားကြောင်း ဝန်ခံရင်း အခုချိန်ထိ စိတ်ဝေဒနာ ခံစားနေရတုန်း။ မေမေကတော့ ညီငယ့်အတွက်စိတ်သောကဖြစ်ရင်း အိပ်ယာပေါ် ဘုန်းဘုန်းလဲနေတာ ကြာလှပေါ့။ ညီငယ်ထွက်သွားတာ ဘာလိုလိုနဲ့ နှစ်နှစ်ဆယ် ကြာခဲ့ပါပြီ။ အခု သူဆရာဝန်ဖြစ်ပြီးတဲ့အထိ သတင်းအစအန တစ်ခုမှ ရှာမတွေ့ခဲ့ပါ။ ဒါဆို အခုည တွေ့လိုက်ရတဲ့ လူရွယ်လေးက သူ့ညီ မော် လား …
xx xx xx
''အဲဒါနဲ့ အစ်ကို ဇော်နဲ့ ညီလေး မော်တို့ ပြန်တွေ့ကြပြီး ဇာတ်သိမ်းလိုက်တယ်ဆိုပါတော့  ''
သူငယ်ချင်း ဒေါက်တာဇင်မင်းထွန်းက အခါးရည်ပူပူကို မှုတ်သောက်နေရင်းက ကျွန်တော်ကို မေးငေါ့ မျက်စ ပစ်ပြီး မေးတယ်။ ကျွန်တော်က ချက်ချင်းမဖြေသေးဘဲ အငွေ့တစ်ထောင်းထောင်းနဲ့ ထွက်နေတဲ့ ကောက်ညှင်းပေါင်းကို တူနဲ့ ထိုးကော်လိုက်ပြီး …
''မင်းလိုပဲ ဒေါက်တာ စိုင်းမိန်းလှိုင်းကော ဒေါက်တာ အောင်ကိုဇော်ကော နှစ်ယောက်လုံးက ညီလေး အောင်ကိုမော်နဲ့ ပြန်တွေ့တယ်လို့ ထင်ကြတယ် … ''
''အမ် … ပြန်မတွေ့ဘူး ငါထင်သလို ဇာတ်သိမ်းတာ မဟုတ်ဘူးပေါ့ … ''
ဒေါက်တာ ဇင်မင်းထွန်းက အံသြတကြီးမေးတော့ ကျွန်တော် ဖြည်းဖြည်းချင်း ခေါင်းယမ်းပြလိုက်တယ်။
''တကယ်တော့ အဲဒီညမှာ တွေ့ခဲ့တဲ့ ခွန်သာမော်က သူ့ညီ အောင်ကိုမော် မဟုတ်ဘူး … သေချာစုံစမ်းကြည့်မှ  ခွန်သာမော်က ပအို့ဝ်မိဘနှစ်ပါးက မွေးဖွားလာတဲ့ ပအို့ဝ်တိုင်းရင်းသားလေး … ''
ကျွန်တော့်စကားကို မဆုံးလိုက်ဘူး။ ဒေါက်ဇင်မင်းထွန်းက …
''ဒါဆို ညီအရင်း မော်ကဘယ်မှာလဲ … ''
''အင်း … ၇ နှစ်သားအရွယ်ကတည်းက အိမ်က ထွက်သွားတာ အခုချိန်ထိ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိဘူး … အောင်ကိုဇော်လည်း သူ သိပ်ချစ်တဲ့ ညီငယ်လေးကို အခုချိန်ထိ လိုက်ရှာတုန်း''
ကျွန်တော့် အဖြေစကားကို ဒေါက်တာဇင်မင်းထွန်း ဘဝင်မကျဖြစ်ပြီး ….
''ဟူး … အေးပါ ထိုက်ကြီးရာ … မင်းတို့ စာရေးဆရာတွေကလည်း စိတ်ကူးယဉ်လိုက်တာ … ငါက သိပ်ချစ်ကြတဲ့ ညီလေးနဲ့ ပြန်ဆုံပြီး ဇာတ်သိမ်းမယ်ထင်နေတာ … ''လို့ ခပ်ညည်းညည်းလေးပြောတော့ ကျွန်တော်က ခပ်ဟဟလေး ရယ်ရင်း …
''ဘာရယ်လို့ မဟုတ်ပါဘူး …. တောင်ကြီးတန်ဆောင်တိုင်နောက်ခံ ဝတ္ထုတိုတစ်ပုဒ် စိတ်ကူးနဲ့ ရေးကြည့်တာပါ … ကဲ သူငယ်ချင်း ညဥ့်နက်ပြီး မနက်ဖြန်ဂျူတီဆင်းရအုံးမယ် မလား … ငါတို့ ပြန်ကြရအောင် … ''လို့ ကျွန်တော်က ဆော်သြလိုက်တယ်။ မနက် ၂ နာရီထိုးခါနီးပြီမို့ ပွဲခင်းတစ်ခုလုံးလည်း လူတွေ ကျဲပါးကုန်ပြီ။ တန်ဆောင်တိုင်လပြည့်ည လမင်းကြီးက ထိန်ထိန်သာလို့။ ဆောင်းညကလည်း ခိုက်ခိုက်တုန်လို့။ မြို့တော်သား ညမီးကြီးကလည်း ပေါက်ကွဲအားပြင်းပြင်းနဲ့ အထက်ကို ပျံတက်လို့ … ကျွန်တော့်စိတ်ထဲမှာ ဇော်နဲ့ မော် ညီအစ်ကိုနှစ်ယောက် ဒီဘဝမှာ ပြန်တွေ့ပါစေလို့ ဆုတောင်းနေမိတယ် ….

အာကာခေတ်ပိုင် 
၂၀၁၄၊ ဧပြီလ၊ အနော်မာ ရသစုံမဂဇင်း

0 comments:

Post a Comment

ဝေဖန် အကြံပြုခဲ့ပါအုံး