7.11.13

ကျိန်စာသင့်တဲ့ အသိုက်


''ကိုသန်းလှိုင်ကြီး ဆုံးပြီ … ''
မနက်စောစော ကြားလိုက်ရတဲ့ သတင်းဆိုးက ရွာတော်ရွာတစ်ရွာလုံးကို အံ့အားသင့်သွားစေတယ်။  ''မနေ့က ငါနဲ့တွေ့တုန်းက အကောင်းကြီးပါ … သနားစရာ''လို့ စုတ်တသပ်သပ်နဲ့ဆိုတဲ့သူတွေရယ်။ ''အင်း … ဆိုးလိုက်တဲ့ကံနှယ် … ဝဋ်ကျွတ်သွားတာပေါ့ကွယ် … ''လို့ တရားသဘောနဲ့ဆိုတဲ့ လူကြီးသူမတွေရယ်။ ''အရက်ဒီလောက်သောက်နေတာ … နှလုံးလေရိုက်သွားတာဖြစ်ရမယ် … ''လို့ မှန်းဆပြောတဲ့ ဆေးဆရာရမ်းကုတွေရယ်။ ''ဒါ အစိမ်းသေလို့ ခေါ်တယ် … သရဲစားတာနေမှာ … ''လို့ ကိုယ်ထင်ရာ၊ မြင်ရာ ပြောတဲ့ ကာလသားတွေရယ်နဲ့ ရွာတော်ရွာမှာ ဒီသတင်းက တစ်စ တစ်စနဲ့ တောမီးလို့ ပျံ့နှံ့လို့ သွားတယ်။ ကိုသန်းလှိုင်မိန်းမ မဆန်းရင်က အဲဒီသတင်းလည်းကြားရော အိမ်ရှေ့ရေကပြင်မှာ ငူငူကြီးထိုင်ပြီး ငိုလည်းမငို၊ စကားလည်းမပြောနဲ့ အနောက်မြောက်အရပ်ကိုပဲ  ငေးမောနေလေရဲ့။
အလတ်မက မီးဖိုချောင်ထဲမှာ ထမင်းအိုတည်သလိုလို ရေနွေးအိုးတည်သလိုလိုနဲ့ မအေမျက်နှာရိပ် မျက်နှာကဲကို အကဲခတ်နေတယ်။ အငယ်မက အိမ်ရှေ့တလင်းပြင်မှာ တစ်ယောက်တည်း ဇယ်ခုပ်တမ်း ဆော့စကားနေပေမယ့် သူတို့နှစ်ယောက်လုံးစိတ်ထဲမှာ ဖခင်ကြီးရဲ့နောက်ဆုံးခရီးကို လိုက်ပို့ချင်နေကြတယ်။ မအေက တုတ်တုတ်မှ မလှုပ်ဘူးဆိုတော့ ညီမနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဝမ်းနည်းစိတ်ကို မြိုသိပ်ထားရတယ်။ မအေက ခွင့်ပြုမယ်ဆိုရင် ညီမနှစ်ယောက် ထဘီစွန်တောင်ဆွဲပြီး အသုဘအိမ်ကို ပြေးလိုက်မယ့်ဖြစ်ခြင်း။ အခုတော့ … အသုဘအိမ်က ဖွင့်တဲ့ စိန်အောင်မင်းငိုချင်းဇာတ်ထုတ်က လေထဲမှာ လွမ်းလွမ်းဆွတ်ဆွတ် ပျံ့လွင့်လို့ …
xx xx xx
ကိုသန်းလှိုင်က ရွာတော်သားမဟုတ်ဘူး။ ရွာတော်အနောက်ဘက် ဥသျှစ်မြောင်ရွာသား။ အသားမဲမဲ၊ အရပ်ရှည်ရှည် ဂိုင်းကောင်းကောင်းနဲ့ ကိုသန်းလှိုင်ရဲ့ထူးခြားချက်က အမြဲပြုံးနေတဲ့ မျက်နှာထားပဲ။ သဘောကောင်းတယ် အရက်သောက် ပက်စက်တယ်ဆိုတဲ့ လူစားမျိုး။ မောင်နှမတစ်ကျိပ်ကျော်ရှိတာမှာ ကိုသန်းလှိုင်က အထက်သားသမီးမှာ အငယ်ဆုံး။ ကိုသန်းလှိုင်တို့အဖေက အိမ်ထောင်နှစ်ဆက်ဆိုတော့ အရင်မိန်းမနဲ့လည်း ကလေးတွေ တပြုံကြီး၊ နောက်မိန်းမနဲ့လည်း ကလေးတွေက တအုံ့တမ။ ညနေ နေဝင်ပြီဆို အထက်သားသမီး အောက်သားသမီးနဲ့ အိမ်ထဲမှာ ဗုံလုံးလေးတွေ စီထားသလို ပလုံထပ်လို့။ ကိုသန်းလှိုင်က ဇာတိရွာ ဥသျှစ်မြောင်မှာ မပျော်ဘူး။ မပျော်ဘူးဆို အသက် ဆယ့်ခြောက်နှစ်အရွယ် လူပျိုပေါက်လေးကတည်းက ရွာတော်ရွာကို ရောက်လာတာ ကြည့်ပါလား။ ရေကြည်ရာ မြက်နုရာ ရောက်လာတာဆိုတာထက် အိမ်နဲ့ဝေးရင်ပြီးရောဆိုတာက ပိုတယ်။ ရွာတော်ရွာရောက်စက ကြုံရာကျပမ်း အလုပ်မှန်သမျှ အကုန်လုပ်တယ်။ နေ့စားလိုက်တယ်။ နွားကျောင်းတယ်။ ကုန်ထမ်းတယ်။ နောက်ပိုင်း တောင်သူကြီးတစ်ယောက်အိမ်မှာ လယ်သူရင်းငှားနေတယ်။ လစာနည်းနည်း များများ ရွာမပြန်ရရင် ပြီးရောမဟုတ်လား။
xx xx xx
မနက်လင်းပြီဆိုတာနဲ့ နွားတစ်ရှဉ်းနဲ့ ယာတောထွက်ပြီ။ နေပူပူမှာ ချွေးတလုံးလုံး ကျောပြောင်ပြောင်နဲ့ ထယ်ထိုးနေတာ ဘယ်သူလဲမမေးနဲ့။ အဲဒါ ကိုသန်းလှိုင်ပဲ။ အလုပ်ကိုကြိုးစားတယ်။ ရိုးသားတယ်။ အဲ ဒါပေမယ့် ဖအေ့အမွေပါလာတယ်ဆိုရမလားဘဲ။ ညနေအလုပ်သိမ်းရင် ပင်ပန်းတယ်လို့ အကြောင်းပြပြီး အရက်တစ်ခွက် တစ်ဖလားမော့တတ်တယ်။ အရက်လေးထွေလာရင် နွားတင်ကုတ်ထဲက သူ့ဖို့ ပေးထားတဲ့နေရာလေးမှာ ခွေနေလေရဲ့။ ဂျိုးသိန်းဆေးပေါလိပ်လေးဖွာ ပြီးတော့ တောင်တွေး မြောက်တွေးနဲ့ အိပ်ယာထဲ လူးလိမ့် ဒါ ကိုသန်းလှိုင်ရဲ့တစ်နေ့တာ ကုန်ဆုံးမှုပေါ့။
ကိုသန်းလှိုင်က စကားသာနည်းတာ သီချင်းအဆိုတော့ ကောင်းတယ်။ အနောက်ကုန်း ယာကွက်မှာ ထယ်ထိုးရင်း သီချင်းဟဲလိုက်ရင် ရွာထဲက အတိုင်းသားကြားရတယ်။ ဟင်္သတထွန်းရင်သီချင်းများ အဆွဲအငင်ကောင်းကောင်းနဲ့ ဆိုလိုက်ရင် ရွာထဲက အပျိုမတွေ မနေတတ် မထိုင်တတ်ကို ဖြစ်လို့။ ကိုသန်းလှိုင်မှာ ချစ်မွေးပါတယ် မပါတယ်မသိဘူး ရွာထဲက အပျိုမတွေ ကြိတ်သဘောကျနေတာတော့ သေချာတယ်။ သီချင်းကြိုက်တတ်တဲ့ မဆန်းရင်နဲ့ အဲဒီမှာ စတွေ့တာပဲ။
xx xx xx
 မဆန်းရင်တို့က ရွာတော်ရွာမှာ မျိုးရိုးစဉ်ဆက်ချမ်းသာတဲ့ သူဌေးထဲမှာ ပါတယ်။ တောသူဌေးပေါ့။ တောသူဌေးဆိုပေမယ့် လူငှားနဲ့တင် ယာအလုပ်တွေကို ပစ်မထားဘဲ အိမ်ရှင်တွေပါ ဝင်လုပ်ရတယ်။ မဆန်းရင် အပျိုပေါက်ကတည်းက ပေါင်းပေါက်တယ်။ နှမ်းစိုက်တယ်။ ငရုတ်စိုက်တယ်။ အို တောအလုပ်အစုံလုပ်ရတယ်။ အဲဒီမှာ ဖူးစာလို့ဆိုရမလားဘဲ။ တစ်ရွာသား ကိုသန်းလှိုင်နဲ့ မဆန်းရင်တို့ လူငယ်သဘာဝ ရည်ငံကြတော့တာပဲ။ မဆန်းရင်အမေက ဆွေမရှိ မျိုးမရှိ မရှိဆင်းရဲသား ကိုသန်းလှိုင်နဲ့ လုံးဝသဘောမတူဘူး။ သူတို့နှစ်ယောက် ချစ်ခြင်းကို နည်းအမျိုးမျိုးနဲ့ ခွဲခဲ့တယ်။ မဆန်းရင်ကို ယာတောထဲ မလွှတ်တော့ဘူး။ အိမ်မှာပဲ အိမ်ခန်းထဲမှာ သော့ခတ် အလုံပိတ်ထားတယ်။ ချစ်သူတို့ဘဝ ဒုက္ခကြုံရလေ ပိုလွမ်းလေဆိုသလိုပေါ့။ ဖူးစာဆိုတာက အခက်သားလား။ နောက်နေ့ညမှာပဲ ကိုသန်းလှိုင်က မဆန်းရင်ကို ခိုးပြေးသွားတယ်။ သူရင်းငှားက သူ့သမီးကို ခိုးပြေးသွားရမလားဆိုပြီး မဆန်းရင် အမေဆို စွေ့စွေ့ကို ခုန်လို့။ မဆန်းရင်အဖေကလည်း တွေ့ရင် နှစ်ယောက်လုံးကို အရှင်မထားဘူး သတ်ပစ်မယ်ဆိုပြီး ဓားကြိမ်းကြိမ်းနေလေရဲ့။ မိသားဖသားပီပီ မင်္ဂလာဆောင် အုပ်တင်လာတာတောင် လက်သင့်မခံဘူး။ ဘူးဆို ဖရုံမသီးတဲ့လူတွေဆိုတော့ ကိုသန်းလှိုင်တို့ လင်မယားအသစ်စက်စက်လေးမှာ မကန်တော့လိုက်ရဘဲ လင်မယားအရာမြောက်ခဲ့ရတယ်။ မဆန်းရင်တို့ ဆွေမျိုးတစ်သိုက်နဲ့ တွေ့မှာစိုးလို့ လင်းမယားနှစ်ယောက် တောထဲမှာပဲ တဲလေးထိုးပြီး လုပ်ကိုင်စားသောက်ကြရတယ်။ ပင်ပန်းလိုက်တာများ ပြောမနေနဲ့။ ကိုသန်းလှိုင်ဆို လူလုံးသူလုံးတောင်မပေါ်တော့ဘူး။ မဆန်းရင်လည်း နဂိုက ပိန်ပိန်လိမ်လိမ်ပါဆို အခုတော့ ကျူရိုးသာသာပဲ ရှိတော့တယ်။ စိတ်ဆင်းရဲတာလည်း ပါမှာပေါ့။ မဆန်းရင် မိဘတွေက အဲဒီသတင်းလည်း ကြားရော သားမက်ကို မချစ်ပေမယ့် သမီးဆိုတဲ့ စိတ်လေးနဲ့ မာန်လျှော့ခဲ့ရတယ်။ သူတို့လင်မယားလုပ်စားဖို့ ယာကွက်အနည်းအကျဉ်းကို ပေး၊ တစ်အိမ်ထောင်စာ အိမ်ထောင်ပစ္စည်းလေးတွေပေးနဲ့ တောထဲမှာ ထားတယ်။ သားမက်မျက်နှာကို မြင်ရင် ရင်ထဲက ဒေါသပေါက်ထွက်လာမှာစိုးလို့ အိမ်ပေါ်ခေါ်မတင်ခဲ့ဘူး။
xx xx xx
ကိုသန်းလှိုင်ကလည်း တစ်နေ့ထက် တစ်နေ့ အရက်ပိုသောက်လာတယ်။ အကြောင်းပြချက် အမျိုးမျိုးနဲ့ပေါ့။ ဘယ်လောက်တောင် သောက်သလဲဆိုရင် ရေမသောက်တော့ဘူး အရက်ကို ရေလို့ပဲ သဘောထားပြီး သောက်တော့တာ။ သားအကြီးကောင် မွေးပြီးတော့လည်း အရက်ပဲ သောက်နေလို့ ရှင်ပြုဖို့ကိုတောင် သတိမရဘူး။ မဆန်းရင်မိဘတွေက မြေးတွေကို ရှင်ပြုပေးလို့ အကြီးကောင် သင်္ကန်းစီးပေးလိုက်ရတာ။ အခု အလတ်မမွေးပြီ။ ကိုသန်းလှိုင်အရက်သောက်တုန်းပဲ။ အရက်နဲ့ပဲ အချိန်ကုန်နေတော့ ယာခင်းတွေကို ဂရုမစိုက်တော့ဘူး။ မဆန်းရင်မှာပဲ ကလေးနှစ်ယောက် ဗိုက်ကြီးတကားကားနဲ့ နေပူစပ်ခါး လုပ်စားရတော့တယ်။ ယာထဲက သီးနှံလေးတွေ ထွက်လည်း ကိုသန်းလှိုင်အရက်ဖိုးနဲ့ ကုန်တာပဲ။ မဆန်းရင်က ကိုသန်းလှိုင်ကို အတော်ချစ်ရှာသား။ အရက်သောက်လို့လည်း ဘာမှမပြောဘူး။ အလုပ်မလုပ်လို့လည်း အပြစ်မပြောဘူး။ ပိုက်ဆံတွေဖြုန်းလို့လည်း မညည်ဘူး။ ယူပြီးမှတော့ မထူးတော့ပါဘူးဆိုပြီး မထူးဇာတ်ခင်းနေသလား မဆိုတတ်ပါဘူး။ ကိုသန်းလှိုင်က အရက်မသောက်ခင်တော့ အကောင်း။ အရက်မူးလာရင်တော့လား ဟင်းမကောင်းရင် ဟင်းအိုးကို ရိုက်ခွဲတယ်။ ဆန်မကောင်းရင် ထမင်းပန်းကန်ကို လွှင့်ပစ်တာပဲ။ တဲမှာရှိတဲ့ ပစ္စည်းပစ္စယတွေလည်း ကိုသန်းလှိုင်မူးရင် ရိုက်ခွဲထားလို့ အကျိုးအပဲ့တွေ ကြည့်ပဲ။ ဘာမှ အကောင်းမရှိတော့ဘူး။ ဖအေမူးလာပြီဆိုရင် ကလေးတွေက သူနဲ့ မကပ်တော့ဘူး။ ချောင်ကွယ်မှာ ကုတ်နေတာပဲ။ ဒါကို သူ့နားမကပ်ရကောင်းလားဆိုပြီး ဆဲဆိုရိုက်နှက်တော့တာပဲ။ ကလေးတွေ ထိရင်တော့ မဆန်းရင် သည်းမခံနိုင်ဘူး။ ကျုပ်ကို ရိုက်ချင်ရင် ရိုက် ကလေးတွေ မရိုက်နဲ့ဆိုပြီး သူဝင်ခံတာ။ ကိုသန်းလှိုင်ဆိုတဲ့လူကလည်း ကလေးမရိုက်ရရင် မိန်းမကို ရိုက်တော့တာပဲ။ မဆန်းရင်ဆို ကိုသန်းလှိုင်လက်ချက်နဲ့ ခန္ဒာကိုယ်တစ်ခုလုံး အညိုအမည်းတွေကြည့်ပဲ။
xx xx xx
မဆန်းရင်ကို ကိုသန်းလှိုင်နိုပ်စပ်နေတယ်ဆိုတဲ့သတင်းက ရွာမိဘတွေဆီ ရောက်သွားတယ်။ အဲဒီတုန်းကများဆို မဆန်းရင်ဘက်က ဆွေမျိုးတွေ တဲကိုလိုက်လာတာများ ရှင်ပြုအလှူပွဲမှာ နတ်ပြထွက်သလိုပဲ။ ''ဒီလောက်ဆိုတဲ့ ယောက်ျားကို ညည်းမလို့ပေါင်းသယ် ငါသာဆို ဆလန်သပြီ ကွာပလိုက်ပြီ''လို့ အစ်မတွေ ညီမတွေက မဆန်းရင်ဘက်က မခံနိုင်လို့ ပြောကြတယ်။ ''ဆန်းရင် နင်ဒီကောင်နဲ့ဆက်ပေါင်းလို့ကတော့ ငါတို့ ထောင်ထဲရောက်တော့မယ်''လို့ အစ်ကိုတွေ မောင်တွေက ဆိုတယ်။ မဆန်းရင်ကတော့ ကလေးနှစ်ယောက်ကို ဖက်ပြီး ဘာမှမပြောဘူး။ မျက်လုံးအဝိုင်းသားလေးနဲ့ တေမိလုပ်နေတယ်။ ကိုသန်းလှိုင်ကတော့ သူမှားကြောင်း နောက်ဒီလို မလုပ်တော့ပါဘူး အရက်လည်း မသောက်တော့ပါဘူးဆိုပြီး မြေပြင်မှာ ဒူတုပ်ပြီးတောင်းပန်တယ်။ အိမ်ထောင်တစ်ခုဆိုတာ လွယ်လွယ်နဲ့ ဖြတ်လို့မရတော့ မဆန်းရင်ဆွေမျိုးတွေ လက်လျှော့ပြီး ပြန်လာခဲ့ရတယ်။ နောက်တစ်ခါဒါမျိုးဖြစ်ရင် လင်မယားချင်းခွဲမယ်လို့ သတိပေးခဲ့တယ်။ အဲဒီနေ့တွေများကဆို ကိုသန်းလှိုင်လုံးဝမသောက်ဘူး။ ယာအလုပ်တွေလုပ်တယ်။ မဆန်းရင်က မပေါ့မပါးကြီးနဲ့ဆိုတော့ ဘာမှမခိုင်းဘူး။ တဲထဲက အပြင်ကို မထွက်ခိုင်းဘူး။ အဲ အငယ်မလေးလည်း မွေးရော ခွေးမြီးကောက် ကျည်တောက်စွပ်သလိုပါပဲ။ ကိုသန်းလှိုင် အရက်တွေ ပြန်သောက်ပြန်တယ်။ သွေးနုသားနုနဲ့ မဆန်းရင်ကို ထိပ်ပုပ်ခေါင်းပုပ်လုပ်ပြန်ပြီ။ အခုတစ်ခါတော့ မဆန်းရင်လည်း သည်းမခံနိုင်တော့ဘူး။ ကလေးသုံးယောက်ခေါ်ပြီး မိဘအိမ်ကို ညတွင်းချင်း ပြန်လာခဲ့တယ်။ ဒီလောက်ဆိုးတဲ့ ယောက်ျားမပေါင်းနိုင်တော့ဘူး။ ကလေးသုံးယောက်လုံး လူတန်းစေ့နေနိုင်အောင်လုပ်ကျွေးမယ်ဆိုတဲ့ မာနလေးနဲ့ပေါ့။ ကိုသန်းလှိုင်ကတော့ သူဌေးသမီးယူပြီးမှ တောထဲမှာ ဆင်းဆင်းရဲရဲနေရတယ်ဆိုပြီး စိတ်ဘဝင်မကျဖြစ်နေတာလေ။ အဲဒီတော့ မိန်းမပြန်သွားလည်း ဘာအရေးလဲ။ ပိုလို့တောင် သောက်လို့ကောင်းနေတယ်။ တဲအောက်မှာ အဖက်မွေးထားတဲ့ ဆိတ်လည်း အရက်နဲ့မြည်းဖို့ ပေါ်စားတာပဲ။ တစ်ခါတလေ မူးလာရင် တဲတောင်ဘက် ဆည်ထဲမှာ သွားစိမ်နေလိုက်တာပဲ။ ကြာလာတော့ ကိုသန်းလှိုင်ခံနိုင်ရည်မရှိတော့ဘူး။ ညမူးပြီးအိပ်လို့ စောင်မပါလည်း ခြုံပေးမယ့်သူမရှိတော့ဘူး။ ဗိုက်ဟာနေလို့ အစားကျွေးမယ့်သူလည်း မရှိတော့ဘူး။ တဖြည်းဖြည်းနဲ့ ကိုသန်းလှိုင် နေမကောင်းဖြစ်လာတယ်။ မိန်းမက ခဏစိတ်ကောက်ပြီး ပြန်သွားတယ်ထင်တာ လိုက်မခေါ်ဖြစ်ဘူး။ အခုတော့ သုံးလရှိပြီ။ ပြန်မလာတော့ဘူး။ ကိုသန်းလှိုင် စိတ်ဓာတ်အကြီးအကျယ်ကြီးကျသွားတယ်။ မိန်းမမဆန်းရင်ကို မချစ်ဘူးမဟုတ်ဘူး ချစ်ပါတယ်။ သူ့ကို အထင်မကြီးတဲ့ မဆန်းရင်အမျိုးတွေကို အမြင်ကပ်လို့ ပညာပြလိုက်တာလေ။ ဒါပေမယ့် အခုတော့ မဆန်းရင်ကကော သူ့ဆွေမျိုးတွေကကော ကိုသန်းလှိုင်ကို လုံးဝလှည့်မကြည့်တော့ဘူး။ လင်းမယားချင်း ပြတ်ပြီပေါ့။ ကိုသန်းလှိုင်မှာ မဆန်းရင်ကိုလည်း မမေ့နိုင်။ ကလေးတွေကိုလည်း သတိရနဲ့။ နေမထိထိုင်မသာဖြစ်လို့နေရတယ်။ တောထဲမှာ တစ်ယောက်တည်း အထီးကျန်ခြင်းက သူ့အခြေအနေကို ပိုဆိုးစေတယ်။ အဲဒါကြောင့် မဆန်းရင်နဲ့ ကလေးတွေနဲ့ နီးအောင် ရွာထဲက အိမ်တစ်အိမ်မှာ ထမင်းနဲ့ အရက်ပဲတိုက် အလုပ်လုပ်ပေးမယ်ဆိုပြီး မျက်နှာအောက်ကျို့ခံတယ်။ ကြက်မွေးမြူရေးတွေလည်း ခေတ်စားလာတော့ ညပိုင်းကြက်ခြံစောင့်လုပ်တယ်။ အခကြေးငွေလေးတွေတော့ ရပါရဲ့။ အရက်ဖိုးနဲ့ပဲ လုံးချာလည်နေတာပါပဲ။
xx xx xx
 ဘာလိုလိုနဲ့သားအကြီးကောင်တောင် လူပျိုပေါက်ကြီးဖြစ်ပြီး မလေးရှားကို အလုပ်သွားလုပ်နေပြီဆိုတော့ ကိုသန်းလှိုင် သူ့အသက်မငယ်တော့မှန်းသတိရတော့တယ်။ ဒီကြားထဲ မဆန်းရင် ထင်းပေါက်ရာက သစ်ပေါက်မျက်စိမှန်လို့ ဆေးရုံတက်လိုက်ရတယ်ဆိုတဲ့ သတင်းလည်း ကြားရော ကိုသန်းလှိုင်ရင်ထဲ ဟာခနဲ ဖြစ်သွားတယ်။ မဆန်းရင် မျက်စိမြန်မြန်ပြန်ကောင်းပါစေလို့ အရက်မူးလာတိုင်း ငိုယိုပြီး ဆုတောင်းတယ်။ တစ်နေ့မှာပေါ့။ ပိုက်ဆံတစ်သောင်းက ကိုသန်းလှိုင်ကို ပိုပြီး စိတ်ထိခိုက်စေတော့တာပဲ။ မလေးရှားက သူ့သားအကြီးကောင်က ဖအေသုံးလိုရာသုံးဖို့ဆိုပြီး ငွေတစ်သောင်းလွှဲလိုက်တာလေ။ ကိုသန်းလှိုင်ဆို ငွေတစ်သောင်လေးကိုင်ပြီး ငိုလိုက်တာ ပြောမနေနဲ့။ အဖေအရက်တွေ သိပ်မသောက်ပါနဲ့တော့လို့ လူကြုံနဲ့တဆင့်ကြားရတော့ ကိုသန်းလှိုင် အရူးကြီးတစ်ပိုင်းကို ဖြစ်လို့။ မသောက်တော့ဘူး သားရေ … အဖေမသောက်တော့ဘူးဆိုပြီး အရက်ပုလင်းတွေ ရိုက်ခွဲ၊ မြေပြင်မှာ လူးလိမ့်နဲ့ မြင်ရသူတိုင်း စိတ်မကောင်းဖြစ်ရတယ်။ ဒါပေမယ့် ကိုသန်းလှိုင်ကို အရက်က အနိုင်ယူထားပြီလေ။ ကျန်းမာရေးအရ အရက်ကို ပြန်မှီဝဲရပြန်တယ်။ အရင်လိုကြီးတော့ လူမှန်းသူမှန်းမသိအောင် မသောက်တော့ဘူးပေါ့။ အဖေဖိနပ်ဝယ်ဖို့တဲ့ သားကြီးက နောက်ထပ်ငွေငါးထောင်ထပ်လွှဲလိုက်ပြန်တယ်။ အခုတစ်ခါတော့ ကိုသန်းလှိုင်မငိုတော့ဘူး။ ငွေငါးထောင်ကို ကိုင်ပြီး တွေတွေကြီး ငေးမောလို့နေလေရဲ့။
xx xx xx
တစ်ည ကိုသန်းလှိုင် ကြက်ခြံတစ်ခြံမှာ ညစောင့်စောင့်တယ်။ ခြံရှင်က သူကြိုက်တတ်တဲ့ အရက်တစ်ပုလင်းလာပို့သွားတယ်။ ကိုသန်းလှိုင် ပုလင်းကိုကြည့်ပြီး ပြုံးတယ်။ သူအရက်မသောက်တော့ဘူးဆိုတာ ဘယ်သူမှ မသိကြဘဲကိုး။ သူအရက်မသောက်တော့ဘူး။ မဆန်းရင်မျက်စိကုဖို့ ပိုက်ဆံရှာမယ်။ သားကြီးက လွှဲပေးတဲ့ ငွေလေးတွေ မသုံးဘဲ စုမယ် စသဖြင့်ပေါ့။ ခြံရှင်ကို ရင်ဖွင့်ရှာတယ်။ ခဏနေတော့ လေလာရာ ခြံထောင်စွန်းမှာ ပက်လပ်လေးလှန် လက်ကလေးပိုက် တင်ကလိန်လေးချိတ်ပြီး စဉ်းစားခန်းဖွင့်နေတယ်ထင်ပါရဲ့။ မျက်စိမှိတ်ပြီး ပြုံးလို့။ အတွေးကျောမှာ နစ်မြောနေတာထင်တယ်။ ခြံရှင်က ကိုသန်းလှိုင်ကို စောင်ခြုံဖို့လာပြောမှ ကိုသန်းလှိုင် အသက်မရှိတော့ဘူး။ ဆုံးပြီဆိုတာ သိရတော့တယ်။ ကိုသန်းလှိုင်ဆုံးတဲ့အချိန်မှာ မသောက်ရသေးတဲ့ အရက်ပုလင်းလေးက ဘေးမှာချလို့။ ခေါင်းအုံးထဲမှာ မသုံးရက်လို့ စုထားတဲ့ ပိုက်ဆံလေးကလည်း အလိပ်လိုက်နဲ့။ အသုဘလာရှုသူတိုင်း မျက်ရည်စတမ်းတမ်းနဲ့ပေါ့။ ကိုသန်းလှိုင်ကတော့ ပြုံးပြုံးကြီးနဲ့ အိပ်မောကျနေသလိုပါပဲ။
xx xx xx
''ဟဲ့ … ဆန်းရင် … ငိုချင်ရင် ငိုချပလိုက် … ညည်းအဲသလိုကြီး အောင့်ထားတော့ အခံရခက်သယ်အေ့ …''
အစ်မ မတင်လှိုင်က ပြောလိုက်မှ မဆန်းရင် သတိရတယ်။ သမီးနှစ်ယောက်ကတော့ မအေ့ဘေးမှာ ငုတ်တုတ်လေး ထိုင်လို့။
''ငိုချလိုက် … ငိုချလိုက် … ဟဲ့ ကလေးတွေ နင်တို့အဖေ အသုဘလိုက်ပို့ကြလေ … မီတောင်မီပါအုံးမလားမသိဘူး … ဘာလုပ်နေကြတာတုန်း''လို့ မတင်လှိုင်က မဆန်းရင် ရင်ဘက်ကို လက်နဲ့ ဖိပြီးပြောတယ်။ မဆန်းရင်က မတင်လှိုင်ကို ငေးကြည့်နေတယ်။ ပြီးတော့ မတင်လှိုင် ပုခုံးပေါ်မှီချလိုက်တာ အရုပ်ကြိုးပြတ်သလိုပဲ။ သမီးနှစ်ယောက်က ဖအေအသုဘပဲသွားရမလား၊ မအေနားပဲ နေရမလား ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေတယ်။ မအေက ခေါင်းညိတ်ပြလိုက်မှ ညီအစ်မနှစ်ယောက် မဖေအသုဘဆီကို သုတ်ခြေတင်တော့တာပဲ။ သမီးနှစ်ယောက် ဝေးဝေးရောက်မှ မဆန်းရင် သက်ပြင်းရှည်ကြီးချတယ်။ မျက်ဝန်းက မျက်ရည်တွေက ပါးပြင်ပေါ်ကို တစ်လိမ့်ချင်း တစ်ပေါက်ချင်း ကျဆင်းလာတယ်။ ပြီးတော့ …
''ကိုသန်းလှိုင် တော့်ကို ဒီအရက်တွေ မသောက်ပါနဲ့လို့ ကျုပ်ပြောရဲ့သားနဲ့ … အခုတော့ … ''လို့ ငိုသံပါကြီးနဲ့ ပြောလိုက်တယ်။ အသုဘအိမ်က ဖွင့်တဲ့စိန်အောင်မင်းငိုချင်းဇာတ်ထုတ်က လွမ်းလွမ်းဆွေးဆွေးနဲ့ လေထဲမှာ ပျံ့လွင့်လို့ လာလေရဲ့။
------------------
အာကာခေတ်ပိုင်
၃၁.၁၀.၂၀၁၃

0 comments:

Post a Comment

ဝေဖန် အကြံပြုခဲ့ပါအုံး