5.11.13

အလင်းမဲ့ည


“ဟဲ့… ကလေးတွေ ရေတွေမဆော့ပါနဲ့ဆို ဘယ်နှစ်ခါပြောရမလဲ ၊ အအေးပက်ကုန်တော့မှာပဲ“
                     မသိန်းနွဲ့က မီဖိုချောင်းထဲမှာ ထမင်းအိုးငှဲ့နေရင်း လှမ်းအော်လိုက်၏။ ကလေးငယ်သုံးယောက်က မအေ့စကားကို နားမထောင်အား အိမ်ရှေ့တံစက်မြိတ်အောက်ရှိ ရေစည်ပိုင်းထဲမှ ရေများကို ဗွမ်းဗွမ်းဆော့၏။ ရွှဲရွှဲစို၏။ ပြဲပြဲအော်၏။
“ဟဲ့… ပြောလို့မရဘူးလား၊ ဆော့ကြ ဆော့ကြ နင်တို့ပထွေးဆေးဆရာကိုမြသောင်းကိုပဲ လုပ်ကျွေးကြ၊ ငါနှယ် မပြောလိုက်ချင်ဘူး“
                     မသိန်းနွဲ့က တဗျစ်တောက်တောက်ပြောရင်း ထမင်းအိုးကို မီးဖိုပေါ်သို့ တင်လိုက်၏။ လက်နှီးစုတ်မပါသောကြောင့် လက်ပူသွားရကာ နားရွက်ဖျားကို ဖျက်ခနဲကိုင်ထားလိုက်မိ၏။
“မီးကပူလိုက်သေးတယ်၊ ဒီကလေးတွေက ပြောမကောင်းဆိုမကောင်းနဲ့တော့ ငါ့လက်နဲ့တွေ့တော့မယ် ဟင်း … “
                     အိမ်ရှေ့ခန်းတွင် အရက်သောက်နေသော ကိုသောင်းတင်မှာ ဇနီးသည်မသိန်းနွဲ့၏ လုပ်ပုံကိုင်ပုံများကိုငေးကြည့်ရင်း ခေါင်းတဆတ်ဆတ်ညိတ်နေလေ၏။ ယင်းနောက် လက်ကျန်ခွက်ကလေးအား တစ်ကျိုက်တည်းမော့၍မော့၍ သောက်လိုက်ရင်း-
“သိန်းနွဲ့ရယ် ပြောမနေစမ်းပါနဲ့၊ နင်ပြောလည်းရတာမဟုတ်ဘဲနဲ့၊ ဘေးအိမ်ကကြားလို့မကောင်းပါဘူးဟာ“
“ဘာ ….“


                     မသိန်းနွဲ့၏ကျယ်လောင်သောအသံကြောင့် ကိုသောင်းတင်ကိုယ်လုံးလေး ဆတ်ခနဲ တွန့်သွားရလေ၏။ မသိန်းနွဲ့က လင်တော်မောင်ကိုသောင်းတင်အား မျက်စောင်းတစ်ချက်ထိုးလိုက်၏။
“တော် ၀င်မပါနဲ့၊ ဘာတုန်း ယောက်မစာမိချင်လို့လား၊ တော့် အရက်ပဲတော်သောက်နေ“
“အေးပါ … သိန်းနွဲ့ရယ်၊ ယောက်မစာတော့မမိချင်ပါဘူး၊ မပြောနဲ့ဆိုရင်မပြောတော့ဘူးနော်“
“အေး …  သောက်သောက် တော်တို့သားအဖတွေအကုန်လုံး ဆေးဆရာကိုမြသောင်းကို အိမ်ပေါ်ခေါ်တင်ထားကြ၊ ငါ့မှာတော့ စားဖို့ပူရ၊ ဝတ်ဖို့ပူရနဲ့ ငါများမရှိရင် ဒင်းတို့ ဘယ်လိုများ နေကြမလဲမသိဘူး၊ လုံချည်ခေါက်ကြားထဲ ၀ှက်ထားတဲ့ ပိုက်ဆံလည်း ဘယ်အချိန်က အလစ်သုတ်သွားသလဲမသိဘူး၊ လက်ကြောသာ မတင်းတာ ဒါမျိုးကျတော့ ဒင်းက လျှင်တယ် … ကြည့်စမ်းပါအုံး … မိုးလင်းကနေမနက် သောက်ပဲသောက်နိုင်လွန်းတယ်၊ ဘယ်နေ့အသေဆိုးနဲ့ သေမယ်မသိဘူး“
                     မသိန်းနွဲ့၏မှတ်ချက်စကားကိုကြားလိုက်ရတော့ ကိုသောင်းတင်မှာ မျက်လုံးပြူးသွားကာ ထိုင်နေရင်းမှ ကပြာကရာထသွားလိုက်၏။
“ထမင်းကြမ်းစားဘို့ ပန်းကန်လာယူ၊ မြန်မြန်သောက် မြန်မြန်မြိုဆို့ ဒီနေ့ ဒေါ်စိန်တင်တို့ဟာ စပျစ်ကိုင်းဖြတ်ရမှာ မို့လား၊ ဈေးကုန်းသွားပြီး ကြက်ဝိုင်းနား ယောင်လည်ယောင်လည် လုပ်မယ်မကြံနဲ့နော်၊ ဒေါ်စိန်တင်တို့ဆီက ကလေးတွေကျောင်းအပ်ဖို့ ငွေကြိုထုတ်ထားတာ တော်လည်းအသိ“
                   ကိုသောင်းတင်က ဇနီးသည်၏စကားကို မကြားဟန်ပြုကာ အိမ်ရှေ့ကွပ်ပျစ်ရှိ ရေအိုးတွင် လက်ရေဆေးနေချေ၏။ ထိုအချိန်တွင် အိမ်ထဲသို့ ခပ်သုတ်သုတ်လျှောက်လာသော ဘိုတောက်ကို လှမ်းမြင်လေတော့-
“ဟော ဘိုတောက်ပါရောက်လာပြီးဟေ့၊ ဘိုတောက်ရေ … မင်းညအိပ်စောင့်ရတဲ့ ဦးသာတင့်ခြံက စပျစ်တွေ တော်တော်ပါတယ်ဆိုကွ … ''ဟု လှမ်းမေးလေ၏။ ဘိုတောက်က ခေါင်းညိတ်ပြလိုက်ရင်း …
''ပါဆို တုံးကြမ်းနေတာပဲ၊ ဈေးကောင်းမိလို့ကတော့ ဦးသာတင့်တို့ ပိုက်ဆံထားစရာနေရာ ရှိမှာတောင်မဟုတ်ဘူးဗျို့''
“ဟေး … ဦးလေးဘိုတောက်ကြီးလာပြီကွ၊ ကျုပ်တို့ဘို့ဘာပါလဲ“
                     ကလေးများက ရေဆော့နေရာမှ ဘိုတောက်ဆီသို့ သူ့ထက်ငါအပြိုင်ပြေးသွားကြလေ၏။ ကလေးငယ်များမှာ ဘိုတောက်၏ပုဆိုးကိုဆွဲသူကဆွဲ၊ ဂုတ်ပေါ်တက်သူကတက်၊ လက်ကိုသိုင်းဖက်ထားသူဖက်ဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်နေချေ၏။
“ပါပါတယ်ကွ၊ ရော့ … မင်းတို့ဘို့ စပျစ်သီး“
                     ဘိုတောက်က ခါးပုံစာထဲမှ စပျစ်ခိုင်များကို ထုတ်ပြီး ကလေးများအား ဝေမျှပေးလိုက်၏။ ကလေးများမှာ ၀မ်းသာအားရအော်ဟစ်ကာ စပျစ်သီးများကို တပြွတ်ပြွတ်ဆွဲစုပ်နေကြလေ၏။
“ဟွန်း …  ဦးဘိုတောက်စပျစ်တွေကလည်း အောက်ခံသီးတွေ၊ သမီးက ဘန်းသီးပဲစားချင်တာ“
                     ယင်းကလေးတွေထဲမှ အငယ်ဆုံးတူမလေးမိသေးက စပျစ်ခိုင်အား အပိုင်ကိုင်ထားပြီး အပြိုင်ချွဲနေလေ၏။ နှုတ်ခမ်းစူစူ မိသေးကို ကြည့်ရင်း ဘိုတောက် ဟက်ခနဲတစ်ချက်ရယ်မိ၏။
“သြော် …  မိသေးရယ် … ၊ ဦးလေးက သမီးတို့ဘို့ ဘန်းသီးပဲယူလာချင်တာပေါ့၊ ခြံပိုင်ရှင်က အိမ်မှာစားဘို့ အောက်ခံသီးပဲပေးတာလေကွာ၊ ဘန်းသီးနဲ့ အောက်ခံသီးက အရာသာအတူတူပါပဲကွာ၊ ဘန်းသီးက ဈေးကောင်းရတာပဲရှိတယ်၊ ဒီအသီးလေးတွေပဲစားနော် ဟုတ်ပြီလား“
                    ဘိုတောက်က မိသေးပါးလေးအား ခပ်ဖွဖွလေး ဆွဲဖျစ်လိုက်ရင်း ပြောလိုက်ရာ မိသေးမှာ ကျေနပ်သွားလေ၏။ စပျစ်သီးအကြီးစားအလှစားတွေအား ဘန်းသီး၊ ထိုထက်နည်းနည်းသေးသော အသီးအား ဇက်သီး၊ အောက်ခံအသေးအနုတ်များကို အောက်သီးဟု အသီးသီးခေါ်ဝေါ်မှန်း ကလေးတွေက ကောင်းစွာသိနေချေပြီ။ ရွာပေါင်း ၂၄ ရွာစုပေါင်းထားသည့် ရွာတန်းရွာကြီးမှာ စပျစ်သီးစိုက်ခြင်းသည် အဓိကလုပ်ငန်းဖြစ်၏။ နှစ်သုံးဆယ်ကျော် တနည်းအားဖြင့် ဘိုတောက် တစ်သက်ရှိ၍ နေလေပြီ။ ဟိုတစ်ချိန်က ဆည်ထိပ်ရွာသည် ဆေးရိုးထုသောလုပ်ငန်းနှင့် ဝမ်းစာအတွက် ရုန်းကန်ခဲ့ရ၏။ ယခုအချိန်မှာတော့ စပျစ်၏ကျေးဇူးကြောင့် တစ်ရွာလုံးတိုက်ဖွေးဖွေး၊ ဆိုင်ကယ်တဝီဝီဖြစ်နေကြပြီ။ ဘိုတောက်တို့ဘဝကတော့ ဟိုယခင်လည်း လုပ်သမားဘဝ ယခုလည်း မထူးခြား ဒုံရင်းအတိုင်းသာ။
“လာ လာ ငါ့မောင် ဘိုတောက် ထမင်းစား၊ ဟဲ့ … ကလေးတွေ ဘိုတောက်နားပဲ ကပ်မနေကြနဲ့၊ ထမင်းမစားတော့ဘူးလား၊ ကျောင်းနောက်ကျနေအုံးမယ် … ဒီမှာ ကိုယ့်ပန်းကန်ကို လာယူ“
                     မသိန်းနွဲ့က ကလေးများအတွက် ပန်းကန်များကို ခွဲဝေးပေးရင်းဆိုလေ၏။ ထမင်းဝိုင်းဆီမှာ စပျစ်သီးထောင်းနံ့က ဟာနေသော ဘိုတောက်ဗိုက်ကို ပို၍ ဆာလောင်စေ၏။ စပျစ်ထောင်းကို ဘိုတောက် သိပ်ကြိုက်၏။ စပျစ်သီးစိမ်းများအား ငပိနှင့်သေချာထောင်းပါကာ မရမ်းသီးထောင်းထက်ပင် ပိုကောင်းကြောင်း ငယ်ငယ်လေးကတည်းက စားလာရသဖြင့် သိနေချေပြီ။
“အဲဒါငါ့ပန်းကန်ပေး… ပေး … “
                    မိသေးဆီမှ တင်ဆန်းဆိုသော အလတ်ကောင်က ပန်းကန်ဇွတ်လုနေချေ၏။ မိသေးကလည်းမပေး။ အကြောက်ကန်ပြန်လု၏။ ကလေးနှစ်ယောက်မှာ သူဆွဲကိုယ်ဆွဲဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ထမင်းများ ဖွေးဖွေးဖြူအောင် ဖိတ်စင်ကျကုန်လေ၏။
“ဟဲ့ … ဟဲ့ … ဒါကဘယ်လိုဖြစ်ရတာ့တုန်း“
                    မသိန်းနွဲ့ကပြောလိုက်မှ မိသေးက စူးစူးဝါးဝါး အော်ငိုလေ၏။ ထို့နောက် မျက်ရည်များကို လက်ခုံဖြင့် သုတ်လိုက်ရင်း-
“သမီးပန်းကန်ကို ကိုကိုလေး လုတယ်၊ ဟင်း.. ဟင်း…..“
                    နှပ်ရည်များမှာ တွဲလဲခိုနေပြီး တသဲသဲငိုနေရှာ၏။
“ဟဲ့ … တင်ဆန်း မိသေးပန်းကန်ကို ဘာလို့လုရတာလဲ၊ ပြန်ပေးလိုက်“
“ဒါ သားပန်းကန်ကိုးဗျ“
“ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ညီမလေးပဲ ပြန်ပေးလိုက်“
                   တင်ဆန်းက မပေးဘဲ ပေကပ်ကပ်လုပ်နေသဖြင့် မသိန်းနွဲ့က ခေါင်းကို လက်ခေါက်နှင့် ဒေါက်ခနဲခေါက်လိုက်၏။ တင်ဆန်းမှာ မသိန်းနွဲ့၏လက်သံပြောင်မှုအောက်ဝယ် ၀ါးခနဲငိုကျွေးပြန်၏။ ယင်းသို့ဖြင့် မသိန်းနွဲ့တို့၏နံနက်ခင်းထမင်းဝိုင်းသည် ထမင်းကပူ၊ ကလေးဆူ၊ နားကအူဖြင့် ဆူညံပွက်လောရိုက်၍ နေလေ၏။ နွေဦးလေအဝှေ့တွင် စွန့်ပစ်ထားသော စပျစ်သီးပုပ်ချဉ်စုတ်စုတ်အနံ့က ထမင်းဝိုင်းလေးဆီသို့ စိတ်ပျက်ဖွယ် လွင့်ပျံလာလေ၏။
xx xx xx
''ပန်းစံပါယ်နန်းလယ် မပေါ်ခိုက်ဟာမို့ အလိုက်တော့ တန်သင့်ရုံပ ခံပွင့်ကို ကုံးရတယ် … ''
ဘိုတောက်က သီချင်းကို အသံနေအသံထားနှင့်ဆိုရင်း စိုက်ပျိုးရေးကျောင်းသူ မခင်သီတာကို ပြုံးစစနှင့် လှမ်းကြည့်လိုက်၏။ မခင်သီတာက မျက်လုံးအဝိုင်းသားနှင့် …
''စပျစ်သီးနဲ့ အဲဒီသီချင်းနဲ့ ဘာဆိုင်လို့လဲ ကိုဘိုတောက်ရဲ့ … ''ဟု ဆိုရာ ဘိုတောက်က ဟက်ခနဲ တစ်ချက်ရယ်လိုက်၏။ မခင်သီတာသည် စပျစ်စိုက်ပျိုးနည်းကို လေ့လာရန်အတွက် စပျစ်များ တွင်တွင်ကျယ်ကျယ်စိုက်ပျိုးသည့် ဘိုတောက်တို့ ရွာတန်းရွာကို လာလေ့လာခဲ့သည်မှာ အကြိမ်ပေါင်းမနည်းတော့။ အလုပ်ပိုင်ရှင် ဦးသာတင့်ကလည်း ရိုးသား ကြိုးစားသော ဘိုတောက်ကို တူမ မခင်သီတာအား စပျစ်အကြောင်း ရှင်းပြဖို့ တာဝန်ပေးအပ်ခဲ့၏။ ထို့ကြောင့်လည်း မခင်သီတာနှင့် ဘိုတောက်မှာ ခပ်စိမ်းစိမ်းဖြစ်မနေကြဘဲ တရင်းတနှီးဖြစ်၍ နေကြ၏။
“ဆိုင်ပြီလားဗျာ၊ စပျစ်တွေရဲ့ဘ၀က အစားထိုးခံဘ၀ပါ…“
''ဘယ်လို ဘယ်လို အစားထိုးခံဟုတ်လား ကျွန်မ မရှင်းဘူး ကိုဘိုတောက် … ''
“သြော် … ဒီလိုဗျ၊ မိုးရာသီနဲ့ဆောင်းရာသီမှာ ပန်းသီး၊ လိမ္မော်သီးနဲ့ အခြားသစ်သီးဝလံတွေက အများကြီးထွက်ကြတယ်လေ၊ လူကုံထံအသိုင်းအ၀ိုင်းတွေရဲ့အချိုပွဲနဲ့ ရေခဲသေတ္တာတွေထဲမှာ အဲဒီသစ်သီးတွေနဲ့ ပြည့်နေတာပဲ၊ စပျစ်သီးကို ရှိတယ်လို့တောင် မထင်ကြဘူး၊ ဟော … နွေရာသီမှာ အဲဒီသစ်သီးတွေ မထွက်ကြတော့ စပျစ်ကို အစားထိုး လာကြတယ်၊ ကျွန်တော်ပြောသလိုပေါ့ အစားထိုးခံ အဖြည့်ခံ မရှိသုံးပေါ့ဗျာ“
“အဲဒီလိုလည်း မဟုတ်လောက်ပါဘူးရှင် … “
“ထားလိုက်ပါတော့ ကျွန်တော်က ရယ်စရာအဖြစ်ပြောတာပါ၊ မိုးတွင်းမှာ သီးတဲ့ စပျစ်တွေက အချိုဓါတ်နည်းတယ်၊ အပျက်အစီးများတယ်၊ ဈေးမကောင်းဘူး၊ အဲဒါကြောင့် မိုးတွင်းသီးကို သိပ်အာရုံမထားကြဘူး ၊ တချို့လည်း အချဉ်ပေါင်းထုတ်ဘို့ ရောင်းကြတယ်၊ ခြံရှင်တွေကလည်း ဈေးမကောင်း အသီးမကောင်းတော့ မခူးတော့ဘူး၊ အဲဒီမှာ ခြံမရှိတဲ့ ကျွန်တော်တို့လို လက်လုပ်လက်စားသမားတွေက ခူးပြီး စက်ဘီးနဲ့ ရန်ကုန်- မန္တလေးလမ်းပေါ်မှာ ရှိတဲ့ ရွှေဒါးကို အရောက်ပို့ပြီး ရောင်းကြတယ်၊ ဈေးမကောင်းပေမယ့် မိသားစု အူစိုစိုစားနိုင်တာပေါ့ဗျာ … “
ဘိုတောက်က လက်တွေ့ဘဝကို စာစီပြတော့ မခင်သီတာ စိတ်မကောင်းဖြစ်သွား၏။ ဘိုတောက်က တောသားဆိုပေမယ့် မခင်သီတာ မျက်လုံးများကို အကဲခတ်တတ်၏။ 'အချစ်ခိုးဝေနေတဲ့ မျက်ဝန်းက အရက်သမားမျက်လုံးလိုပဲ ရီဝေနေပြီး လိမ်ညာဖုံးကွယ်လို့မရဘူး'
ကာလသားခေါင်း ကိုကြည်နိုင်မူးမူးနှင့် ဖွင့်ဟခဲ့သော အချစ်စကားများကို ကြားယောင်မိရင်း ဘိုတောက် ပြုံးစစဖြစ်မိ၏။ တကယ်တော့ ဘိုတောက်ရင်ထဲမှာလည်း မခင်သီတာကို ပထမအကြိမ် လာလေ့လာကတည်းက တိတ်တခိုး ချစ်ခင်နှစ်သက်နေခဲ့သည်မဟုတ်လား။ အလုပ်ရှင် ဦးသာတင့်၏တူမဆိုတော့လည်း ရင်ထဲကအချစ်တွေကို မြိုသိပ်ထားရတာ ပင်ပန်းလွန်းလှပါ၏။
မခင်သီတာအား စပျစ်တောင်သူများ၏ဘဝအခြေအနေကို သေချာရှင်းပြချင်၏။ စပျစ်များဟာ နှစ်တစ်ရာသက်တမ်းနီပါး နေနိုင်သည့်အပင်ကြီးမျိုးဖြစ်ကြောင်း၊ စပျစ်ပင်တစ်ပင်ဖြစ်လာဖို့ ငွေအား၊ လူအားစိုက်ထုတ်ရကြောင်း၊ မြေဆီကောင်းပြီး ပူပြင်းခြောက်သွေ့သည့် အညာဒေသမှာ ပိုမိုဖြစ်ထွန်းကြောင်း၊ ဟိုယခင်က အီတလီနံပါတ်သုံး၊ သီးချွန်းနှင့် ရွှေနီများကိုသာ စိုက်ပျိုးခဲ့သော်လည်း ယခုအချိန်တွင် ဘစ်ဘလက်၊ ဘလက်ကွင်း၊ ထိုင်ဝမ်နံပါတ် တစ်၊ နှစ်၊ သုံး စသဖြင့် စပျစ်အမျိုးပေါင်းမြောက်များစွာ စိုက်ပျိုးခဲ့ပုံကို စီကာပက်ကုံးရှင်းပြချင်၏။ သို့ပေမယ့် နေလုံးကြီးက အနောက်တောင်စွယ်မှာ တိုးဝင်နေပြီ။ မကြာမီ မိုးချုပ်တော့မည်။ ထို့ကြောင့် စကားဖြတ်ကာ ရွာဆီသို့ ပြန်လာခဲ့၏။ ရွာ၏ရှေ့၊ နောက်၊ တောင်၊ မြောက်အရပ်ဆီသို့ ဝေ့ကာ၊ ၀ဲကာ၊ ၀ိုက်ကာ ရှုမျှော်ကြည့်မည်ဆိုလျင် စိမ်းစိုအုံ့မှိုင်းနေသော စပျစ်ခြံများကို မျက်စိတစ်ဆုံးမြင်တွေ့နေရလေ၏။
''အမယ်လေး … ''
သေးသွယ်ကျဉ်းမြောင်းသော ကန်သင်းရိုးအတိုင်းလျှောက်သွားရာ ခြုံနွယ်ပိတ်ပေါင်းများကြောင့် မခင်သီတာမှာ ယိုင်နဲ့သွားသဖြင့် ဘိုတောက်က ဆွဲပွေ့ထားလိုက်၏။ မခင်သီတာ ကိုယ်လုံးလေးသည် ဘိုတောက်ရင်ခွင်ထဲမှာ အလိုက်သင့်ပါလာ၏။ ဘိုတောက်နှလုံးခုန်သံများ ခေတ္တခဏရပ်တန့်သွားရလေ၏။
''အို … ''
ဘိုတောက်ရင်ခွင်ထဲမှ မခင်သီတာက ရှောင်ဖယ်သွား၏။ မခင်သီတာမျက်နှာမှာ ရှက်ရွံ့မှုကြောင့်ထင်၏။ ပါးမို့မို့နှစ်ဘက်မှာ ရဲတက်လာ၏။ မျက်ဝန်းစုံမှာ ရင့်မှည့်နေသော စပျစ်သီးလုံးများကဲ့သို့၊ ပါးပြင်ပေါ်တွင် ဖြတ်ပြေးနေသော သွေးကြောစိမ်းလေးများက စပျစ်ကိုင်းများယှက်ဖြာနေသလို …
''ချစ်တယ်ဗျာ … ''
ဘိုတောကရင်ထဲမှ မြိုသိပ်ထားသည့် စကားလုံးများ ပွင့်အံကျလာရာ မခင်သီတာ ခေါင်းငုံ့၍ ငြိမ်သက်သွားလေ၏။
လေတစ်ချက်ဝှေ့ယမ်းသွား၏။ ကြွေတစ်ရွက်လွင့်မျောသွား၏။ နွေဦးရက်များကား ပူလောင်လှပေ၏။ သူတို့နှစ်ဦး၏ ရင်ခုန်သံများသည်လည်း …
''ဟဲ့ … ဘိုတောက် … အမလေးဟယ် … ငါခေါ်နေတာ ကြာလှပြီ … ဘာတွေများ အတွေးပိုနေရသတုန်း…''
အစ်မ မသိန်းနွဲ့စကားကြောင့် ဘိုတောက် အတွေးနယ်မှ လန့်နိုးလာ၏။ အိပ်ယာထဲမှ လူးလဲထကာ ဆေးလိပ်တိုကို ပြာချွေလိုက်ရင်း …
''ဘာတုန်းအစ်မရာ … ညအချိန်မတော် အလန့်တကြားနဲ့ … ''ဟု ဆိုလိုက်၏။ ထို့နောက် လေးခွနှင့် စပျစ်ခြံဘက်ဆီသို့ တဖုန်းဖုန်းနှင့် ပစ်လိုက်၏။ စပျစ်သူခိုးများ ခြံဘက်သို့ မကပ်နိုင်အောင် ထိုသို့ ခြောက်လှန့်ရသည်မှာ ခြံစောင့်များ၏ တာဝန်မဟုတ်လား။
''ဘာဖြစ်ရမတုန်း မိသေး နေဆိုးနေလို့ … ''
''အမ် ဘာလိုဖြစ်တာတုန်း … နေ့ခင်းက အကောင်းသားကြီးပါ … ''
''မပြောချင်ဘူးဟေ့ … ရွာမချောင်းရိုးထဲကို ငါးသွားနှိုက်ကြသတဲ့ … အခုတော့ သတိရတစ်ချက် မရတချက်နဲ့ ဟီး … ဟီး … ''
အစ်မမသိန်းနွဲ့က ငိုကြီးချက်မနှင့်ဆိုလာလေတော့ ဘိုတောက်စိတ်မကောင်းဖြစ်ရ၏။ မိသေးကို မွေးဖွားစဉ်ကလည်း အသားဝါရောဂါပါလာခဲ့၍ ရမည်းသင်းဆေးရုံမှာ အသက်လု ကုသခဲ့ရ၏။ အငယ်ဆုံးတူမလေးလည်းဖြစ်၊ ကျန်းမာရေးလည်း ချူချာသဖြင့် ဘိုတောက် ပို၍ချစ်၏။ အလိုလိုက်ခဲ့၏။ ဂရုစိုက်ခဲ့၏။ ယခုတော့ …
''အခု တို့ရွာတိုက်နယ်ဆေးရုံက မနိုင်လို့ ရမည်းသင်းဆေးရုံတက်ရမယ်တဲ့ … ''
ဘိုတောက် စိတ်မသက်သာစွာ သက်ပြင်းချမိ၏။ အစ်မ မသိန်းနွဲ့က ဒုက္ခတွေ့ပြီဆိုလျှင် ထိုကဲ့သို့ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားအောင် ရင်ထုကာ အော်ဟစ်ငိုကြွေးနေရုံကလွဲ၍ ဘာမှမလုပ်တတ်။ တစ်ဦးတည်းသော သူ့မောင် ဘိုတောက်ကိုသာ အားကိုး၏။ ယောက်ဖကိုသောင်းတင်ကလည်း အရက်ကလွဲပြီး ဘာမှမသိ။ ဘိုတောက် စိတ်မောသွားရကာ ဒုတိယံပိ သက်ပြင်းရှည်ချမိပြန်၏။ အခက်အခဲတစ်ခုခုဖြစ်ပြီဆိုလျှင် စုဆောင်းထားသည့် ငွေကမရှိ။ တခြားလူဆီက သွားဆွဲရအောင်လည်း အခြေအနေမဲ့သည့်သူတို့ဘဝကို မည်သူက ယုံယုံကြည်ကြည်နှင့် ချေးမည်လဲ။ ခြံပိုင်ရှင် ဦးသာတင့်ကလည်း ငွေကြိုထုတ်ပေးမည်မဟုတ်တော့။ ဟိုတစ်ခါ ကိုသောင်းတင် အရက်ဆိုင်မှာ ရန်ဖြစ်လို့ ငွေကြိုထုတ်ပြီး ဖြေရှင်းခဲ့ရပြီးပြီ။ ဘိုတောက် ဆက်စဉ်းစားမရဘဲ ခေါင်းပူထူလာ၏။
''ကဲ … အစ်မ ငိုနေလို့ မပြီးဘူး … မိသေးကိုခေါ်ပြီး ဆေးရုံကိုသွားနှင့်၊ ငါငွေရှာပြီး နောက်က လိုက်ခဲ့မယ်…''
အစ်မစိတ်အေးအောင် ပြောလိုက်ရသော်လည်း ငွေဘယ်က ဘယ်လိုရှာရမည်လဲ ဘိုတောက်မသိ။ အစ်မစိတ်ချမ်းသာအောင် ဘိုတောက်ဖြည့်ဆီးပေးချင်၏။ တူမလေး မိသေးခံစားနေရသည့် ဝေဒနာကို သက်သက်စေချင်၏။ ဘိုတောက် အံ့တင်းတင်းကြိတ်ထားရင်း ဆုံးဖြတ်ချက် တစ်ခုကို ပြတ်သားစွာ ချလိုက်၏။
xx xx  xx
ထိုညက ဖိုးရွှေလမင်းကြီး ဘယ်ဆီသို့ ပုန်ကွယ်နေသည်မသိ။ ဝန်းကျင်တစ်ခုလုံး အမှောင်ထုကသာ ကြီးစိုးနေ၏။ နွေဦး၏ လေးရူးသည် တသုန်သုန်တိုက်ခတ်ချေ၏။ သစ်ဆုံဆည်မှ စီးဆင်လာသော မြောင်းရေသည် တသွင်သွင်စီးဆင်းနေ၏။ ထိုမြောင်းပေါ်မှာ ကန့်လန့်ထိုးထားသော တံတားငယ်လေးပေါ်တွင် …
''ကိုဘိုတောက် … ကျွန်မကို ဘာပြောမလို့ ဒီနေရာကို ခေါ်လာတာလဲဟင် … ''
''ဟို … ဟို … ''
ဘိုတောက်မှာ မခင်သီတာအမေးကြောင့် စကားမဆက်နိုင်သေးဘဲ ထစ်၊ အ နေ၏။ ရင်ထဲမှာ ပြောပြချင်နေသော စကားများရှိနေသော်လည်း လည်ချောင်းဝတွင် ပျောက်ရှကုန်၏။ တံတားဘောင်ကိုသာ လက်သီးနှင့် အဓိပာယ်မဲ့စွာ ထုနေမိ၏။ ဘိုတောက် သက်ပြင်းရှည်ချ၏။ တက်တစ်ချက်ခေါက်၏။ ခေါင်းကို အတွင်တွင် ခါယမ်း၏။
''ဘာဖြစ်လို့လဲဟင် … ကိုဘိုတောက်မှာ ဘာအခက်အခဲတွေ ရှိနေလို့လဲဟင် .. ''
မခင်သီတာအမေးကို မဖြေဘဲ တံတွေးကို ဂလုခနဲ မြိုချလိုက်၏။ နဖူးမှ ချွေးသီးများကို လက်နှင့် သုတ်လိုက်၏။ မိသေးရောဂါပျောက်ဖို့ ငွေအခက်အခဲဖြစ်နေ၏။ မခင်သီတာကို ဖွင့်ဟအကူအညီတောင်းဖို့ ဘိုတောက်မှာ သတ္တိမရှိ။ အကူအညီတောင်းလိုက်လို့ သူ့ကို အထင်သေးသွားမည်လား။ ငွေကြောင့် သူ့ကို အလိုက်အထိုက်ဆက်ဆံနေသည်ဟု ထင်သွားမည်လား။ ဘိုတောက်တွေးရင်း ရင်တလှပ်လှပ်ခုန်လာ၏။
''ကျွန်မ မနက်ဖြန် ပြန်ရတော့မယ်၊ နောက်တစ်ခေါက်ပြန်လာရင် ကိုဘိုတောက်လိုချင်တဲ့အဖြေရမှာပါ … ''
ဘိုတောက် ဘာမှမဖြေဖြစ်။ သက်ပြင်းကိုသာ မသိမသာ ခိုးချလိုက်၏။
xx xx xx
''မိသေး .. တူမလေး နေကောင်းလားဟင် … ''
ဘိုတောက်က မိသေးခေါင်းလေးကို ခပ်ဖွဖွလေး ပွတ်သပ်ပေးနေသော်လည်း မိသေးမှာ ခုတင်ထက်တွင် တုတ်တုတ်မလှုပ်။ ဘိုတောက်က ယိုဖိတ်လာသည့်မျက်ရည်များကို လက်ခုံနှင့်သုတ်လိုက်ရင်း အစ်မမသိန်းနွဲ့ဆီသို့ ပိုက်ဆံအထပ်လိုက်ကမ်းပေးလိုက်၏။ အစ်မမသိန်းနွဲ့က ငွေအထပ်လိုက်ကို မြင်တော့ မျက်လုံးပြူးသွားကာ …
''မောင်လေး ဘိုတောက် ဒီ ဒီ ပိုက်ဆံတွေက … ''ဟု စကားအထစ်ထစ်နှင့် မေးလေ၏။ ဘိုတောက်က မျက်ဝန်းအိမ်မှာ ဝေ့တက်လာသော မျက်ရည်များကို ပုတ်ခက်ပုတ်ခက်လုပ်ရင်း …
''ဘယ်က ရ ရဟာ … ဒီအချိန်မှာ မိသေးနေကောင်းဖို့က အဓိက မဟုတ်လား … ''ဟု အသံမတုန်ယင်စေရန် သတိထားပြောလိုက်ရ၏။ မျက်တွင်းဟောက်ပက်၊ နှုတ်ခမ်းခြောက်ကပ်ပြီး မေ့မျောနေသည့် မိသေးကို ကြည့်ရင်း ဘိုတောက် ဝမ်းနည်းကြေကွဲသွားရ၏။ ထို့နောက် မိသေးလက်ကို ဆွဲဖြစ်လိုက်ရင်း ပြုံးမိလေ၏။ မိသေးနေကောင်းမည်ဆိုလျှင် သူဘာပဲ လုပ်ရ လုပ်ရမဟုတ်လား။ မျက်ဝန်းအိမ်တွင် ချစ်ရသူ မခင်သီတာပုံရိပ်က ထင်ဟက်လာသဖြင့် မျက်စိစုံမှိတ်ထားလိုက်၏။ ထို့နောက် သက်ပြင်းရှည်ကြီး လေးတွဲစွာ ချလိုက်မိလေ၏။
xx xx xx
နောက်နေ့နံနက်တွင် မိသေး သတိပြန်လည်လာ၏။
ဘိုတောက်နှင့် မသိန်းနွဲ့ပါ ဝမ်းသာလို့မဆုံး တပြုံးပြုံး။
သို့သော် …  ဘိုတောက် ညအိပ်စောင့်ရသော ခြံပိုင်ရှင် ဦးသာတင့်၏ခြံတွင် စပျစ်သီးများ ပျောက်ခြင်းမလှ ပျောက်ဆုံးနေကြောင်း ရွာတန်းရွာတစ်ရွာလုံး ဟိုလေးတကြော် ဖြစ်သွားလေသတည်း။

အာကာခေတ်ပိုင်
၂၀၁၄၊ မေလ၊ မြဝတီ MAGAZINE

0 comments:

Post a Comment

ဝေဖန် အကြံပြုခဲ့ပါအုံး