16.5.13

ဇာတ်မင်းသားဖြစ်လို့ကတော့ ...


''စဥ့်အိုးကို အိမ်မြှောင်ကပ်နေတယ်ဟေ့ … ''
ကိုကျော်မိုးအသံကြောင့် မဟာနွယ်လက်ဘက်ရည်ဆိုင်ထဲက လူတွေအကုန်လုံး တခွီးခွီးရယ်ကြတယ်။ ဘာဖြစ်ရမှာလဲ။ လူကောင်ကြီးထွားတဲ့ တုတ်ကြီးနဲ့ သူ့မိန်းမအသေးလေးတို့ လက်ဘက်ရည်ဆိုင်ထဲ ဝင်လာတာကို စဥ့်အိုးကို အိမ်မြှောင်ကပ်နေတယ်လို့ လှမ်းစလိုက်တာ။ တုတ်ကြီးတို့ လင်မယားလည်း ရှက်လွန်းလို့ မျက်နှာတွေ ရဲခနဲဖြစ်သွားတယ်။ ကိုကျော်မိုးဆိုတဲ့လူက အဲဒီလိုလူပါဆို။ အစအနှောက်အရမ်းသန်တာ။ ပျော်တတ်တာလည်း ပါမှာပေါ့။ ကိုကျော်မိုးအကြောင်း မသိသူတွေကတော့ လူပျော်ကြီး၊ လူနောက်ကြီးလို့ ထင်ရပေမဲ့ တကယ့် တကယ်ကျတော့ ကိုကျော်မိုးရဲ့ဘဝက ရင်ထဲက အပူမီးတွေကို ပျော်ရွှင်စရာတွေနဲ့သာ ဖုံးဖိဖို့ ကြိုးစားခဲ့ရတာကိုး။
xx xx xx

ကိုကျော်မိုးက ရေစကြိုနယ်သား။ အသားညိုညို၊ ကိုယ်လုံးကိုယ်ထည် ခပ်တောင့်တောင့်၊ အရပ်ကတော့ မတိုမရှည်နဲ့ ဇာတ်မင်းသားကြီး ဦးမိုးဝင်းလိုပုံမျိုး။ ဒါကလည်း မတူ၊ တူအောင် စတိုင်ဖမ်းထားတာလေ။ စကားပြောရင်း ဟာသလေးနှောပြောတတ်တာရယ်၊ အညာသားပီပီ မြန်မာမှုတွေကိုလည်း ချစ်တတ်တာရယ်၊ မလိမ်မညာ မခိုးမဝှက်တတ်တဲ့ အကျင့်ကောင်းရယ်က ကိုကျော်မိုးကို လူတိုင်းချစ်ခင်ရခြင်းရဲ့အကျိုးဆက်ပါပဲ။ နောက် ကိုကျော်မိုးရှေ့မှာ မဟုတ်တာ မမှန်တာ သွားမလုပ်လေနဲ့။ ဖြောင်း၊ ဒိုင်းဆို လက်သီးက နေရာမရွေး လူမရွေးဘူး။
အလုပ်က မဟာနွယ်လက်ဘက်ရည်ဆိုင်ရှေ့မှာ ကွမ်းယာဆိုင်လေး ဖွင့်ထားတယ်။ ဘယ်လောက်တောင် လူမှုရေးကောင်းလည်းဆိုရင် ဆိုင်နာမည်ကတောင် ဆိုရှယ်ကွမ်းယာတဲ့။ မနက် မနက်များဆို ကိုကျော်မိုးရဲ့ ဆိုရှယ်ကွမ်းယာဆိုင်လေးရှေ့မှာ ကွမ်းဝယ်သူတွေ ကြိတ်ကြိတ်တိုး။ ကိုယ့်အလှည့်မကျသေးလို့ စောင့်နေရသူတွေ မပျင်းရအောင် ပုံတိုပက်စလေးတွေ၊ ဖတ်မှတ်ထားတဲ့ ဟာသလေးတွေနဲ့ အသုံးတော်ခံသေးတာ။ ကွမ်းဝယ်သူတွေကလည်း သဘောတကျ တဝါးဝါး တဟားဟားနဲ့ ပွဲကို ကျလို့။ တစ်ခါတလေများ ကွမ်းဝယ်တဲ့သူတွေကို စောင့်ရမှာ ကြာတော့မယ်ဆိုရင် …
''ရက်ကွက်ရုံးမှာ ထောင့်ငါးရာတန်ဖုန်းကဒ်ထုတ်ဖို့ တန်းစီနေသလိုမျိုး ကိုယ့်လူရှေ့မှာ ကွမ်းဝယ်ဖို့ တန်းစီနေတာတွေ တစ်ပုံကြီး အဲဒီတော့ ကျုံးတစ်ပါတ်ပါတ်ပြီးမှသာ ဝင်ယူတော့ ကွက်တိပဲ … ''
အဲဒီလို ဥပမာလေးနဲ့ ဟာသလေးကွန့်ပြီးပြောတာ။ ဝယ်တဲ့သူကလည်း နောက်တစ်ဆိုင် ပြောင်းဝယ်မစားဘူး။ ပေကက်ပြီးတော့ကို စောင့်တာ။ ကွမ်းစားတဲ့သူတွေကလည်း ယောက်ျားမိန်းမကုလားတရုတ် အစုံပဲ။ အမျိုးသမီးတွေများ ကွမ်းလာဝယ်ရင် ကိုကျော်မိုးမျက်နှာကြီးက ကျောက်ကျောရေးဖြန်းထားသလို ပြုံးရွှင်နေတာပဲ။ ပါးစပ်ကလည်း ဘယ်အငြိမ်နေလိမ့်မတုန်း။
''ဒီဆိုင်လေး ကောင်းလွန်းလို့ စားတာလား၊ ဆိုင်ရှင်လေး ချောလွန်းလို့ စားတာလား … ''လို့ မကြားတကြားလေး ဆိုတတ်တယ်။ အမျိုးသမီးတွေက စိတ်မဆိုးတဲ့အပြင် ကိုကျော်မိုးရင်ဘက်ကြီးကို လက်သီးခပ်ခပ်ဖွဖွလေးနဲ့ ထုပြီး ''သေနာကြီး … ''လို့ ရှက်ရှက်နဲ့ ပြောလေ ကိုကျော်မိုးက တခိခိရယ်လေပါပဲ။ အဲဒီလိုလေးတွေနဲ့ပဲ သူ့ရင်ထဲကအမောတွေကို ဖြေဖျောက်နေသလား မဆိုနိုင်ပါဘူး။
xx xx xx
အသက် ၃၅ နှစ်ကျော်လူပျိုကြီးဆိုတော့ အပူအပင် အတွယ်အတာလည်းမရှိ။ ညပိုင်း အလုပ်သိမ်းချိန်ဆို ယာမကာလေးလည်း မှီဝဲတတ်သေးတယ်။ ကိုကျော်မိုးသွားနေကြဆိုင်လေးက မန္တလေးရမ်စစ်စစ်ကိုသာ ရောင်းချတဲ့ ရွှေခေါင်းလောင်း ရမ်စတေရှင်ဆိုင်လေးပေါ့။ အမြည်းက လူကြီးစား လက်ဘက်ပွဲလေးချ၊ ရမ်သုံးပက်လောက်ကို သံပရာသီးလေးညှစ်ထည့်၊ ဇိမ်ခံသောက်၊ ဖက်ကြမ်းလေးဖွာလိုက်နဲ့ အိုကေမှာ စိုပြေသွားပြီ။ ခပ်ထွေထွေနဲ့ သိုင်းကွက်နင်း အိမ်ပြန်တော့တာပဲ။ အဲ တစ်ခါတလေ ဘော်ဒါစုံသွားရင်တော့ လစ်မစ်ထက် များသွားပြီ။ အဲဒီအချိန်များဆို အာလေးလျှာလေးနဲ့ ဖွင့်နေကြ ဓာတ်ပြားဟောင်းကြီး ဖွင့်တော့တာပဲ။ ဘော်ဒါတွေကလည်း အဲဒီဓာတ်ပြားဟောင်းကြီးက လွှင့်ထွက်လာမဲ့ အသံကို နားထောင်ချင်နေကြတာဆိုတော့ မြှောက်ပင့်ပြီး အရက်တိုက်တော့တာပဲ ။ ကိုကျော်မိုးက ချောင်းလေးဟန့်လိုက်ပြီး ….
''ပန်တျာမြင့်အောင် အဆင်မြင့်သဘင် ဇာတ်မဟာ xxx ယဉ်ယဉ်ကျေးကျေး နှုတ်ခွန်းဆက်လို့သာ xxx ကြွရောက်သူ မိဘများရဲ့အားပေးမှုခံယူကာ xxx ''အစပြုလို့ ဇာတ်မင်းသားဟန်အတိုင်း ကကြိုးကကွက်နဲ့ တင်ဆက်တော့တာပဲ။ အဲ … ကရတာမောသွားရင် ''ငါ … ဇာတ်မင်းသားဖြစ်လို့ကတော့ … ''ဆိုပြီး ရှေ့မဆက်ဘဲ စကားတစ်ဝက်နဲ့ ရယ်ကျဲကျဲ ဖြစ်နေတတ်တယ်။
xx xx xx
ကိုကျော်မိုးက ပျော်ပျော်နေတတ်ရုံမကဘူး။ အနုပညာကိုလည်း အလွန်အင်မတန်ခုံမင်တဲ့လူပါ။ ရွာမှာဆိုရင် ပက်မကြီးက ''ဂျီ''ဆို ကိုကျော်မိုးလက်တွေက ကွက်တိ အလိုက်သင့်ကွေးပြီးသား။ သင်္ကြန်ပွဲ၊ သီတင်းကျွတ်ပွဲ၊ တန်ဆောင်တိုင်ပွဲတွေများဆို ကိုကျော်မိုးက အိမ်အလုပ်တွေ ပစ်ပြီး ညပြဇာတ်ကဖို့ တာစူးနေတော့တာပဲ။ ဘုန်းကြီးပျံတောင် ပြဇာတ်ကမယ် တကဲကဲလုပ်နေလို့ ကိုကျော်မိုးအမေ ဒွေးလေးမြက လိုက်ရိုက်ရတဲ့အဆင့်ထိတဲ့။ သီတင်းကျွတ်ပြီးဆိုရင် ရွာက ကာလာသားတွေစုပြီး ပြဇာတ်တိုက်တယ်။ စွယ်စုံပန်းချီလေးဝင်း၊ နိုင်လင်း၊ ကော်လိပ်ဂျင်နေဝင်းတို့ရဲ့ တိတ်ခွေပြဇာတ်တွေဖွင့်ပြီး ဟန်အမူအရာလိုက်လုပ်တာ။ ရွာပွဲဆိုပြီးများ အထင်မသေးလိုက်လေနဲ့။ ဘုရားကန်တော့ခန်း၊ နတ်လမိုင်းတင်ခန်း၊ မြန်မာမှု၊ အော်ပရာ၊ တစ်ခန်းရပ်၊ ခေတ်ပေါ်စတိတ်ရှိုး၊ ပြဇာတ်နဲ့ နောက်ပိုင်းအထိ ဇာတ်ကြီးတွေအတိုင်း ကပြအသုံးတော်ခံတာ။ ရွာကို လာကတဲ့ ပခုက္ကူဇာတ်တွေ၊ ချောက်ဇာတ်တွေ၊ ကျောက်ပန်းတောင်းဇာတ်တွေကို အိပ်ရေးပျက်ခံ မလွတ်တမ်း အတုယူကြည့်ထားတာကိုး။ ပန်တျာမြင့်အောင် တိတ်ခွေဆို အလွတ်ရပြီးသား။ အဲဒီအချိန်တုန်းက လင်ဗန်းစိန်၊ ပုလင်းစိန်တို့က နာမည်ကြီးဆိုတော့ ကိုကျော်မိုးက သူ့နာမည်ကို ဆန်ကောစိန်ဆိုပြီး နှစ်ပါးသွားကို ကွေးနေအောင် ကပြလိုက်တာ ပရိတ်သတ်တွေ မျက်လုံးပြူးကုန်တဲ့အဆင့်ထိ။ ပေပါက၊ ကြိုးတန်းက၊ ပုလင်းပေါ်တက်က၊ နောက်ပြီး ရေအိုးကို ပါးစပ်နဲ့ကိုက်ပြီးတော့ကို ကပြတော့ ဘယ်သူမှ မအံ့သြဘဲ မနေနိုင်ဘူး။ နောက်ပိုင်းမှာ ကိုကျော်မိုးဆိုတဲ့ နာမည်ပျောက်ပြီး ဆန်ကောစိန် ဆန်ကောစိန်ဖြစ်သွားလေရဲ့။ ဦးရွှေရိုးအကလည်း နှုတ်ခမ်းမွေးတကားကား၊ ထီးတဝံ့ဝံ့နဲ့ ဖြစ်တယ်။ ဒိုးပတ်လည်း အသံသာအောင် တီးပြနိုင်တယ်။ ပြောရရင် ရွာဘုရားပွဲ၊ မင်္ဂလာပွဲ ယုတ်စွအဆုံး မသာအသုဘချရင်တောင် မျောက်မင်းအူသံတီးတာက ကိုကျော်မိုးပဲ။ ရွာဦးကျောင်းဆရာတော် မွေးနေ့ပွဲတုန်းက မိန်းမလျာအက ကပြတာများ တကယ့်မိန်းမအတိုင်းပဲ။ နှစ်ကိုယ့်တစ်စိပ်အကများဆိုရင် ပွဲတောင်းရတဲ့အဆင့်ထိ။ ကိုကျော်မိုးက အဲဒီလို အနုပညာကို ဝါသနာထုံတာ။ အေးလေ အဲဒါကြောင့်လည်း သူ့အနုပညာတွေကို အကောင်အထည်ဖော်ဖို့ ဇာတ်သဘင်တွေ စုဝေးရာ မန္တလေးမြို့ကို စွန့်စားပြီး ရောက်လာခဲ့တာကိုး။
xx xx xx
ကိုကျော်မိုး မန္တလေးမြေကို စနင်းမိပြီဆိုတာနဲ့ ဇာတ်သဘင်တွေ စုဝေးတဲ့နေရာကို ဦးတည်တော့တာပဲ။ အပြိုင်အဆိုင် စိုက်ထူထားတဲ့ ဇတ်သဘင်ပိုစတာတွေကို ငေးကြည့်ပြီး ရင်တခုန်ခုန်၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူလည်း ဒီပိုစတာကြီးပေါ်မှာ ကြွကြွရွရွချစ်စရာ ရွှေမင်းသားလေးအဖြစ် နာမည်ကြီးမင်းသားတစ်လက်ဖြစ်လာမှာပဲလို့ စိတ်ကူးက တမြူးမြူး။ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ တစ်ဇာတ်ဝင် တစ်ဇာတ်ထွက်နဲ့ သူ့ကို သုံးပါလို့ လိုက်စပ်တယ်။ ကာလိပ်ကာ ကြိုးဆွဲလည်း လုပ်မယ်။ မင်းသားပုဆိုးခေါက်လည်း လုပ်မယ်။ နောက်ဆုံး တောက်တိုမယ်ရ ဇာတ်ရဲ့ဗာဟီရ အလုပ်ပါလုပ့်မယ်လို့ အောက်ကြို့ခံပြောတယ်။ ကိုကျော်မိုးစိတ်ကူးက နာမည်မကြီးခင်၊ သူ့ပညာအရည်အချင်းကို မသိခင်တော့ အောက်ခြေသိမ်းအလုပ်က စလုပ်ရမှာပဲ။ သူ ဇာတ်မင်းသားဖြစ်လာရင်တော့ … ဆိုတဲ့ အတွေးလေးနဲ့ ခြေသလုံးဖက်မတက် လိုက်ပြောမယ့် ဘယ်ဇာတ်ဆရာ၊ ဇာတ်အုပ်မှ သူ့ကို လက်မခံကြဘူး။ လူပြည့်သွားပြီ။ လိုအပ်ရင် သုံးပါ့မယ်။ အပိုလူအတွက် ငွေကုန်မခံနိုင်ဘူး။ ငွေကြေးရှားပါးကုန်တော့ တို့ဇာတ်တွေလည်း အလုပ်မဖြစ်တော့ဘူး။ မင်းက ဘာအရည်အချင်းရှိလို့လဲ။ တခြားမီဒီယာတွေပေါ်လာတော့ တို့ဇာတ်သဘင်တွေလည်း ထမင်းနှပ်မှန်အောင် မနည်းကြိုစားနေရတယ်။ စသဖြင့်ပေါ့။ ဘယ်သူမှ သူ့ကို လက်မခံဘူး။ မျက်နှာအောက်ကျခံပြီးပြောလည်း နိုးပါဆိုတဲ့ အဖြေက သူ့အတွက် စိတ်ဓာတ်ကျစရာတွေပါပဲ။ ခေါင်းငိုက်စိုက်ချ၊ ခြေဦးတည့်ရာ လျှောက်သွားနေလိုက်တာ မန္တလေးနေက ပိုပူသထက် ပိုပူလာသလိုပဲ။ ဒါပေမဲ့ ကိုကျော်မိုး စိတ်ဓာတ်မကျပါဘူး။ ရွာကပါလာတဲ့ ဇာတ်မင်းသားဝတ်စုံလေးရယ်၊ မျက်နှာချေဘူးလေးရယ်၊ ဒွေးလေးမြ ကျစ်ကျစ်ပါအောင် စုဆောင်းထားတဲ့ ငွေတိုငွေစလေးရယ်ထည့်ထားတဲ့ ဖျင်လွယ်အိတ်လေးကို ပုခုံးပေါ်လွယ်ပြီး စစ်ကိုင်းဘက်က ဇာတ်တွေကို လိုက်အပ်တယ်။ ဘယ်ဇာတ်ကမှ မရရေးချာ မရဆိုတော့ နောက်ဆုံး ဇာတ်မင်းသားမဖြစ်သေးဘဲ ရွာကိုလည်း မပြန်ချင်။ သူထွက်မလာခင် ဒွေးလေးမြရဲ့ မျက်ရည်စမ်းတမ်းတမ်းနဲ့မျက်နှာလေးကို မြင်ယောင်မိတော့ ရွာကို ပြန်ချင်စိတ်ကလည်း ထိန်းမရ။ သိမ်းမရ။
''ကျော်မိုးရယ် … နင့်မလဲ ရူးလိုက်တဲ့ဇာတ်၊ အကြီးကောင်တွေလို ရွာမှာပဲ ထန်းတက်စားပါတော့လား၊ အခုတော့ ဇာတ်မင်းသားဖြစ်ဖို့ မြို့တက်တော့မတဲ့၊ တကတည်း တားမရ၊ ဆီးမရနဲ့၊ တားမရတော့လည်း ငါဘာတတ်နိုင်မှာတုန်း၊ သွား သွား ဘုရား တရားကို မမေ့လေနဲ့ … ''
အမေဒွေးလေးမြစကားတွေကို မျက်ကွယ်ပြုပြီး မြို့ကို တက်လာခဲ့တာ မှားလေပြီလား။ သူ့ရင်ထဲက ဇာတ်ရူးစိတ်က ပျောက်ကွယ်ပြီလား။ ကိုကျော်မိုး ခြေအစုံကို ရပ်လို့ ဝေခွဲမရသေးခင် ပါးပြင်ထက်မှာ မျက်ရည်စတွေက တလိမ့်ချင်း လိမ့်ဆင်းလာတယ်။ လွယ်အိတ်ထဲက ဇာတ်မင်းသားဝတ်စုံလေးကို ထုတ်ကြည့်မိတယ်။ ရွာကို လာကတုန်းက ဇာတ်မင်းသားတစ်ယောက်ဆီက မတန်မဆဈေးနဲ့ ပေးဝယ်ထားတဲ့ မင်းသားဝတ်စုံလေးက သူ့ကို လှောင်ပြောင်နေသလိုလို။ မျက်နှာချေဘူးလေးက တခစ်ခစ်ရယ်မောနေသလိုလို။ ကျစ်ကျစ်တောက်ပူနေတဲ့ မန္တလေးနေက ဟားတိုက်နေသလိုလို။ ကိုကျော်မိုး ဘယ်ဆက်လုပ်ရမယ်ဆိုတာ မစဉ်းစားတတ်အောင်ပါပဲ။ ခေါင်းငိုက်စိုက်ချ ခြေလှမ်းတွေ မမှားရအောင် အားပြုသွားနေရပေမဲ့ သူ့စိတ်ထဲမှာတော့ ခပ်တိုးတိုးလေး ပြောဖြစ်လိုက်တယ်။ ''ငါ ဇာတ်မင်းသားဖြစ်လို့ကတော့ … ''
xx xx xx
တကယ်တမ်းကြတော့ ဝါသနာဆိုတာက ဝမ်းစာဆိုတာကိုတော့ မကျော်လွှားနိုင်ဘူးဆိုတာ ကိုကျော်မိုးသိတယ်။ မန္တလေးမှာ နေရာတစ်နေရာရဖို့၊ မင်းသားမဖြစ်ခင် ရပ်တည်နိုင်ဖို့ အလုပ်တစ်ခုရှာမှ ဖြစ်မယ်ဆိုတာ စဉ်းစားမိတယ်။ ရွာကပါလာတဲ့ ငွေကလည်း တတိတတိနဲ့ ပရုတ်လုံးလို လုံးပါးပါးနေပြီ။ အဲဒီတော့ လူလည်းသက်သာ၊ လူလိုနေတဲ့ ဇာတ်တွေအကြောင်းလည်း စနည်းနာရင်း ကွမ်းရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့အပြောအဟော၊ အရွှန်းတွေနဲ့ ဆိုရှယ်ကွမ်းယာဆိုင်လေးက တဖြည်းဖြည်းနဲ့ စားသုံးသူများလာတယ်။ ဆိုရှယ်မှ ဆိုရှယ်ဖြစ်လာတယ်။ ဘယ်လောက်ရောင်းကောင်းကောင်း သူမပျော်ဘူး။ ကိုကျော်မိုးစိတ်ကူးက မင်းသားမဖြစ်ခင်သာ ဒီကွမ်းကို ရောင်းမယ်။ မင်းသားဖြစ်လို့ကတော့ဆိုတဲ့ စိတ်ကတော့ အမြဲတမ်းတွေးထားပြီးသား။ ဟုတ်တယ်လေ။ အမေဒွေးလေးမြက မင်းသားလုပ်ဖို့ မြို့ကို လွှတ်လိုက်တာ မြို့မှာ ကွမ်းရောင်းနေတယ်ဆိုရင် ဘယ်စိတ်ကောင်းပါ့မလဲ။ သိများ သိလို့ကတော့ မိုးမီးလောင်သွားမယ်။ အင်း … ဘာလိုလိုနဲ့ ကိုကျော်မိုးရွာမပြန်ဖြစ်တာ သုံးဝါစွန်းစွန်းကို ရောက်နေပါရော့လား။
xx xx xx
ရင်ထဲက အငုံစိတ်ဆိုတာ ဖျောက်ဖျက်ရ အခက်သားလား။ ဝါသနာပါရာ လုပ်ရမယ်ဆိုရင် ဘာပဲလုပ်ရ လုပ်ရဆိုတဲ့ အစားမျိုးထဲက ကိုကျော်မိုးကတော့ ဘယ်သူဖျက်ဖျက် မပျက်ပါကွယ်တဲ့။ မောင့်မယ်ဝင်းထဲက ဒီနှစ်ဘုရားပွဲမှာ သားကြီးပန်တျာလှိုင်ဘွားအောင်ဇာတ်ကမယ်ဆိုလည်း ဇာတ်စင်ရှေ့က တန့်ခနဲ ရောက်နှင့်နေပြီ။ ကသဲဝင်းက ဝေယံဦးဇာတ်ဆိုလည်း ကိုကျော်မိုးလိုက်ရှာမနေနဲ့ ဘုရားကန်တော့ခန်းကနေ နောက်ပိုင်းဇာတ်ထုပ်အထိ မိုးလင်းနေထွက်မှ ပြန်လာတတ်တာ။ သုံးဆယ်ဝန်းက နော်ဝယ်ဇာတ်ဆိုလည်း ဝယ်လိုက်တာပဲ။ မဟာမြတ်မုနိဘုရားပွဲ ဝင်းနောင်ဇာတ်ဆိုလည်း ဆိုင်ကယ်မပါ ခြေဗလာနဲ့ ရောက်ပြီးသား။ ရွှေညီအကိုဇာတ်က အငယ်ကောင်က ရုပ်ချောတယ်၊ အကြီးကောင်က အကမိုက်တယ်၊ အလတ်ကောင်က ပြဇာတ်ပိုင်တယ်ဆိုတာ မနက်မိုးလင်း ကွမ်းယာဝယ်တဲ့သူတွေကို စားမြုံ့ပြန်ပြောတတ်တယ်။ ကွမ်းဝယ်သူတချို့က စိတ်မပါတပါနဲ့ နားထောင်နေရပေမဲ့ ဇာတ်ဝါသနာပါတဲ့ ကိုကျော်မိုးကို သနားဂရုဏာဖြစ်ကြရတယ်။ နောက်ဆုံး ကျောက်တော်ကြီးဘုရားပွဲလာကတဲ့ ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ ချမ်းသာ၊ မိုးမင်း အို ဇာတ်အစုံကို မစားရက် မသောက်ရက်စုထားတဲ့ ပိုက်ဆံလေးနဲ့ ညတိုင်းသွားကြည့်တော့ သူ့ရဲ့ ဝါသနာကို လူတိုင်းက သြချယူရတော့တယ်။ ပွဲကြည့်ပြီး ပြန်လာတိုင်း ပြောနေကျ စကားကိုတောင် လူတိုင်း အလွတ်ရနေပြီ။ ငါ … ဇာတ်မင်းသားဖြစ်လို့ကတော့ …. ဆိုတာလေ။
xx xx xx
ဒီနှစ်ရွာမှာမိုးမကောင်းဘူး။ မိုးခေါင်တော့ သီးနှံတွေပျက်တယ်။ ထန်းလျက်ဈေးတွေလည်း မကောင်းဘူး။ ထန်းသမားတွေ ထန်းမတက်ဘဲ ရေကြည်ရာ မြက်နုရာ ထွက်ကုန်ပြီတဲ့။ လူကြုံကတဆင့်သိရတာပါ။ အဲဒီထက်ဆိုးတဲ့သတင်းကတော့ အမေဒွေးလေးမြ နေမကောင်းဘူး။ အိပ်ယာပေါ်ဘုန်းဘုန်းလဲပြီး အငယ်ကောင်ကျော်မိုးကို ခေါ်ပေး ခေါ်ပေးဆိုတဲ့ သတင်းလည်းကြားရော ကိုကျော်မိုး နေမထိ ထိုင်မသာဖြစ်ရတော့တယ်။ လေးနှစ်လုံးလုံး စာတစ်ကြောင်းတစ်လေမှ အမေ့ဆီကို မရေးဖြစ်၊ ငွေမပို့ဖြစ်ခဲ့တဲ့ အသိကို အခုမှရတော့တယ်။ ဒွေးလေးမြရဲ့ ညှိုးရော်နေတဲ့ မျက်နှာလေးကို မြင်ယောင်ရင်း ပါးပေါ်မှာ မျက်ရည်စတို့က တသွင်သွင် ယိုဖိတ်လာတယ်။ သူရွာပြန်ရတော့မယ်။ မင်းသားဖြစ်ဖြစ် မဖြစ်ဖြစ် ရွာကို ပြန်ရတော့မယ်။ အဲဒီနေ့က မန္တလေးမိုးကောင်းကင်ကြီးက အုံ့တုံ့တုံ့နဲ့ မည်းမှောင်ညှို့မှိုင်းနေသလိုပါပဲ။
xx xx xx
ဆယ်ရက်လောက်ပဲရှိမယ်။ ကိုကျော်မိုး မန္တလေးကို ပြန်ရောက်လာတယ်။ မျက်နှာက အရင်လို ရွှင်ပြမနေဘူး။ တည်နေတယ်လို့ ဆိုရမလားဘဲ။ အမေဆုံးပြီဆိုတဲ့ တုန်တုန်ယင်ယင်နဲ့ ပြောတဲ့စကားကိုတော့ ကြားရသူတိုင်း ဝမ်းနည်းမိတယ်။ ကိုကျော်မိုးကို အားပေးနှစ်သိမ့်ဖို့ ကြိုးစားကြပေမဲ့ ကိုကျော်မိုးရဲ့ ပြုံးပြုံးရွှင်ရွှင်မျက်နှာကို မြင်ရပြန်တော့ နှစ်သိမ့်မဲ့သူတောင် လက်တွန့်သွားရတယ်။ အရင်လို ဇာတ်သီချင်းတွေ မဆိုးတော့ဘူးလား၊ ဇာတ်အကြောင်းတွေ မပြောတော့ဘူးလား၊ မင်းသားမဖြစ်ချင်တော့ဘူးလားလို့ ထင်ချင်လိမ့်မယ်။ ဝါသနာက ပျောက်ပျက်ရိုးလား။ မင်းသားဖြစ်ချင်တဲ့စိတ်က မပျောက်သေးတဲ့အပြင် ပေါ်တေဘယ်ဒီဗွီဒီစက်လေးဝယ်ပြီး နှစ်ပါးသွားခွေတွေဝယ် ပြီးတော့ အကကျင့်နေတဲ့ ကိုကျော်မိုးကို လူတိုင်း ကြည့်ပြီး ခေါင်းတယမ်းယမ်းနဲ့ပေါ့။ ဒွေးလေးမြဆုံးပြီး အနည်းအကျဉ်းပိုင်တဲ့ လယ်မြေလေးတွေကို မောင်နှစ်မလေးယောက်ခွဲဝေတယ်။ ထန်းပင်တွေလည်း ပိုင်ရှင်ကို ပြန်အပ်တယ်။ ဒွေးလေးမြမဆုံးခင်က စုဆောင်းထားတဲ့ ပစ္စည်းလေးတွေကို သူ့အစုအတိုင်း ခွဲပေး ပေးပေမဲ့ ကိုကျော်မိုးလက်မခံခဲ့ဘူး။ ညီမလေးငယ်ကိုပဲ အကုန်ပေးခဲ့ပြီး ဒွေးလေးမြရက်လည်မှာ မြို့ကို ပြန်လာခဲ့တယ်။ ရွာသားတွေကတော့ သူ့တို့မင်းသား ဆန်ကောစိန်လေးကို ဘယ်ပြန်စေချင့်ပါ့မလဲ။ တားမရတဲ့အဆုံး စိတ်မကောင်းဖြစ်ပြီး မျက်ရည်လည်ရတယ်။ အိမ်အပြန်လက်ဆောင် ထန်းသီးမုန့်တွေ သူ့ထက်ငါ အလုအယက် ပေးလိုက်တာများ တော်ပါတော့လို့ ပြောယူရတဲ့အဆင့်ထိပဲ။ ကိုကျော်မိုးက သက်ပြင်းရှည်ချရင်း ရွာကလူတွေကို ခပ်တည်တည်နဲ့ ပြောလိုက်ပုံက …
''ငါလည်း အမေဆုံးသွားတာ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ငါက ခေါင်းဆောင်မင်းသားဆိုတော့ ဒီမှာနေချင်သေးလည်း မရဘူး။ ငါမရှိရင် ငါ့ဇာတ်မှာ မဖြစ်ဘူး။ အဲဒီတော့ မန္တလေးကို ငါပြန်တော့မယ်''တဲ့။
xx xx xx
နှစ်တွေ အတော်ကြာခဲ့ပါပြီ။ ကိုကျော်မိုး ဇာတ်မင်းသားဖြစ်မလာသေးပါဘူး။ ကွမ်းရောင်းမြဲရောင်းနေတယ်။ ရက်ကွက်ထဲက အလှူပွဲ၊ ကထိန်ပွဲတွေမှာတော့ မင်းသားဝတ်စုံဝတ်ပြီး ကွေးနေအောင်ကတုန်း။ နောက်ပြီး ကွမ်းယာဆိုင်ရှေ့က ဖြတ်သွားတဲ့ အလှူခံတီးဝိုင်းလာရင်တော့ အငုံစိတ်က ထဖောက်တတ်တယ်။ တီးဝိုင်းကို ခဏရပ်ခိုင်း ပြီးတော့ အလှူငွေငါးရာထည့်ပြီး ဗညားဟန်၊ ပိုင်သက်ကျော်တို့ရဲ့ သီချင်းတစ်ပုဒ်တော့ ဟဲလိုက်သေးတယ်။ ဆောင်းဘောက်ဆီက သူရဲ့ပင်ကိုယ်ဇာတ်သံအတိုင်း သီချင်းသံတွေက လွင့်ပျံလာတယ်။ သီချင်းပြီးသွားတော့ သူပြောနေကျစကားတစ်ခွန်းကို မိုက်နဲ့အားလုံးကြားအောင် ကျယ်ကျယ်ပြောလိုက်တယ်။
''ငါ ဇာတ်မင်းသားဖြစ်လို့ကတော့ … ''တဲ့
-----------------------------   
အာကာခေတ်ပိုင် 
အမှတ်(၂) ရင်စူးမြှား စာအုပ်

1 comment:

ဝေဖန် အကြံပြုခဲ့ပါအုံး