27.1.14

Facebook Syndrome ( ဖေ့ဘွတ်ခ်ရောဂါ)


အလုပ်က ခွင့်ယူပြီး မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ မိဘနှစ်ပါးဆီ စိတ်လက်ပေါ့ပါးလန်းဆန်းပြီး ပြန်ခဲ့တယ်။ အညာရွာဆိုတဲ့အတိုင်း ကျွန်တော်တို့ရွာလေးက သစ်ပင်ကျိုးတို့ကျဲတဲနဲ့ တိတ်ဆိတ်ခြောက်ကပ်လို့။ ကျွန်တော်တို့ရွာက ပျော်ဘွယ်-နတ်မောက် ကားလမ်းမပေါ်မှာ ရှိတော့ အင်တာနက်လိုင်းနည်းနည်းမိတယ်။ တခြားရွာတွေထက် သာတယ်လို့ ကြံဖန်ဂုဏ်ယူရလိမ့်မယ်။ အဲ ဒါပေမယ့် စားဖို့ သောက်ဖို့ ကုန်းရုန်းရှာနေရတာရယ်၊ အင်တာနက်ဆိုတာ ဘာနတ်လဲ၊ ရွာထိပ်မှာ ကိုးကွယ်တဲ့ အဘမြင်းဖြူရှင်နတ်နဲ့ဘာတော်လဲ စတဲ့မေးခွန်းတွေ ပလုံစီနေမှာပဲ။ ပညာရေးအသိပညာနိမ့်တဲ့ ကျွန်တော်တို့ရွာသားတွေက အင်တာနက်လိုင်း ဘယ်လောက်ကောင်းကောင်း မသုံးတတ်ကြဘူး။ သုံးရကောင်းမှန်းလည်း မသိကြဘူးဆိုတော့ စိတ်ထဲအားမလို အားမရဖြစ်မိတယ်။ အဲဒီလိုတွေးရင်းနဲ့ သျှမ်းမြေလတ်ကားပေါ်ကဆင်း အထုပ်အပိုး လက်ကဆွဲပြီး အိမ်ကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ တကျွိကျွိ၊ တအိအိနဲ့ မောင်းလာတဲ့ နွားလှည်းတစ်စီးကို တွေ့ရတယ်။ လှည်းနောက်မှာ ဖုန်လုံးကြီးက တလိပ်လိပ်ကပ်လိုက်လာလို့ပေါ့။
''ဟေး … တင်ဆန်းနဲ့ရွှေမိပါလားဟ''

ကျွန်တော်က အားရပါးရ နှုတ်ဆက်လိုက်ပေမယ့် တင်ဆန်းနဲ့ရွှေမိက ကျွန်တော့်ကို မှတ်မိဟန်မတူဘူး။ လှည်းရပ်ပြီး ကြောင်ကြည့်နေတယ်။ တင်ဆန်းဆို သောက်လက်စ ဆေးပေါလိပ်ကို မီးမငြိမ်းရသေးဘဲ နားရွက်ကြားညပ်မိလို့ မီးပူသွားတယ်ထင်ပ။ ''အား ပူတယ်ဟ''လို့ အော်လိုက်တာ ကျွန်တော်တောင် လန့်သွားတယ်။
''ငါ ကိုပုလေဟာ''
ကျွန်တော့်အရပ်က ငါးပေကိုးလောက်ရှိပေမယ့် တစ်ရွာလုံးက ချစ်စနိုးနဲ့ ဟိုး ကျွန်တော် ငယ်ငယ်လေးကတည်းက ကိုပုလို့ခေါ်ကြတယ်။
''အဲ ကိုပု နင်တအားထွားလာတာပဲ။ မှတ်တောင် မမှတ်မိဘူး။ ဘာတုန်း အလည်ပြန်လာတာလား''
ရွှေမိက အားရဝမ်းသားဟန်နဲ့ ပြောပြီး လှည်းပေါ်က ဆင်းမယ်အလုပ်။ ကျွန်တော်က လက်ကာပြလိုက်ပြီး
''နေအုံး မဆင်းနဲ့အုံး။ နင်တို့ကို ဖေ့ဘွတ်ခ်ပေါ်တင်ဖို့ ဓာတ်ပုံရိုက်ချင်လို့ဟ''လို့ ပြောလိုက်တယ်။ ဖေ့ဘွတ်ခ်ဆိုတာ သိလားတော့မဆိုနိုင်ဘူး။ တင်ဆန်းက လှည်းကို ဆက်မမောင်းတော့ဘဲ တောင့်တောင့်ကြီးငြိမ်လို့။ ရွှေမိက လက်သီးဆုပ်လေးနဲ့မေးကို ထောက်ပြီး မျက်တောင်မခတ်ဘဲ အရုပ်ကြီးလိုပဲ မလှုပ်တော့ဘူး။
''ဟာ လှည်းဆက်မောင်းလေ။ နင်တို့က အဲလိုကြီးငြိမ်နေတော့ ဘယ်အသက်ဝင်တော့မလဲ''
ကျွန်တော်စကားအဆုံးမှာ တင်ဆန်းက နွားဖင်ကို ကြိမ်နဲ့တို့လိုက်ပြီး လှည်းကို ဆက်မောင်းတယ်။ ကျွန်တော်လည်း ဖုန်းကင်မရာနဲ့ ဓာတ်ပုံကို အမိအရ ရိုက်ယူလိုက်တယ်။ ပြီးတော့ အင်တာနက်ကိုဖွင့် ''အညာမြေကို လွမ်းတယ်ဆို Like''လို့ ရေးပြီး ဓာတ်ပုံကို မြန်မြန်တင်နေတာနဲ့ တင်ဆန်းနဲ့ ရွှေမိကို နှုတ်မဆက်လိုက်ရဘူး။ တင်ဆန်းနဲ့ ရွှေမိကတော့ လှည်းကို ဆက်မောင်းသွားတာ ဖုန်လုံးကြီးကြားမှာ ပျောက်ကွယ်သွားတဲ့အထိပါပဲ။
xx xx xx
ရွာအရှေ့စမှာ ကျွန်တော်တို့တစ်ရွာလုံးကိုးကွယ်တဲ့ တော်ဝင်ဆုတောင်းပြည့်ဘုရားရှိတယ်။ ကျွန်တော့်အဖိုးနဲ့အဖွား သက်ရှိထင်ရှားရှိစဉ်ကတည်းက တည်ခဲ့တဲ့ ရွှေတိဂုံပုံတူဘုးရားပေါ့။ နှစ်တိုင်းလည်း ဘုရားပွဲကျင်းပတယ်။ ဘုရားရှေ့မှာ ဦးဇင်း ဦးဝိမလက သန့်ရှင်းရေးလုပ်နေတာ တွေ့ရတယ်။
''ဦးဇင်းနေကောင်းလားဘုရား''လို့ လက်အုပ်လေးချီပြီး လျှောက်တင်လိုက်တယ်။ ဦးဇင်းက ခဏနေမှ ကျွန်တော့်ကို မှတ်မိသွားပြီး
''မောင်ကျောင်းသားပါလား။ ဘုရားလာတာလား''
ကျွန်တော် ဘုန်းကြီးကျောင်းသားဘဝတုန်းက ဦးဇင်းက ကိုရင်ပဲရှိသေးတာ။ အဲဒီတုန်းက ကိုရင်ကြီးကို ကျွန်တော်တို့ ကျောင်းသားတွေက တအားကြောက်ရတယ်လေ။
''တင်ပါဘုရား။ ဦးဇင်းဘုရား တပည့်တော် ဘုရားရှိခိုးနေတဲ့ပုံလေး ဓာတ်ပုံရိုက်ပေးပါလားဘုရား''လို့ လျှောက်တင်လိုက်တယ်။ ဦးဇင်းက တံမြက်စည်းကိုင်ပြီး စဉ်းစားနေတယ် ပြီးမှ ခေါင်းညိတ်ပြလို့ ဦးဇင်းကို ဖုန်းကင်မရာခလုပ်ကို ပြလိုက်တယ်။ ဦးဇင်းက ကြိုးစားရိုက်ပေးပါရဲ့။ ဒါပေမယ့် လက်မငြိမ်တော့ ကျွန်တော်လိုချင်တဲ့ ပုံက မရလာဘူး။ ဘုရားရှိခိုးနေတဲ့ပုံကို အိုက်တင်အမျိုးမျိုးနဲ့ရိုက်နေတာ ဆယ်ခါမကတော့ဘူး။ ဘုရားကို ကျောပေးရိုက်လိုက်။ ရေသပ်ပါယ်တဲ့ပုံစံလေးရိုက်လိုက်။ ကျွန်တော်ပြောသလို ဦးဇင်းက မညည်းညူဘဲ ရိုက်ပေးရှာပါတယ်။
''ကဲ မောင်ကျောင်းသား ဦးဇင်းလည်း ဆွမ်းခံနောက်ကျနေပြီ။ နောက်နေ့မှပဲ ဆက်ရိုက်တော့''လို့ မိန့်ကြားတော့ ကျွန်တော်လည်း လျှာလေးတစ်လစ်ထုတ်ပြီး တင်ပါဘုရားလို့ လျှောက်တင်လိုက်တယ်။ ပြီးတော့ ကျွန်တော်အကြိုက်ဆုံး ဓာတ်ပုံတစ်ပုံကို ရွေးပြီး ဖေ့ဘွတ်ပေါ်တင်လိုက်တယ်။ အောင်မာ ဘုရားကို ကျောပေး လက်မလေးထောင်ပြီး ရိုက်ထားတဲ့ကျွန်တော်ပုံက ဘယ်ဆိုးလို့တုန်း။ ဓာတ်ပုံနဲ့အတူ ''တယ်ရင်းတို့ ဘုရားဖူးကြပါအုံး''ဆိုတဲ့စာလေးပါ ရေးလိုက်သေးတယ်။ အဲနေအုံး။ Message တစ်စောင်ရောက်နေပါလား။ ဘာများလဲဆိုပြီး အမြန်ဖွင့်ကြည့်လိုက်တော့။
''သူငယ်ချင်း ပြိုင်ပွဲဝင်ထားလို့ Like တစ်ချက်နှိုပ်ပြီး ကူညီပါအုံး''တဲ့။ ကျွန်တော်နဲ့ မသိတဲ့ ကောင်မလေးတစ်ယောက်။ Like ရတာပဲ ဘာခတ်တာမှတ်လို့ အမြန် Like လုပ်ပေးလိုက်တယ်။ တလက်စတည်း
''360 နဲ့ ရိုက်လိုက်မှ ပိုရုပ်ဆိုးတွားတယ်ညှော်
စားကြပါအုံးတယ်ချင်းတို့
ဒါဘူ့ပုံရဲ တိရား
ပျင်းထှာ စကားပြောဖော်လည်း ရှိဝူး
ဒီနေ့ ကွကိုယ်ပဲ အိမ်မှာ ထမင်းချက်စားတယ်
ဘန်ကောက်ကို ရှော့ပင်သွားတုန်းအမှတ်တရ
စီဒိုးနားမှာပဲ နေ့လည်စာကို ဖြစ်သလိုလေး စားလိုက်တယ်
သင်ဟာ ဗုဒ္ဒဘာသာဆိုရင် Like
သနားစရာသမီးလေးကို like လုပ်ပြီး ဆုတောင်းပေးလိုက်ကြစို့
like လုပ်ပြီး vote ပေးလိုက်ကြရအောင်
မင်္ဂလာနံနက်ခင်းလေးဖြစ်ပါစေနော်
ကောင်းသော ညနေခင်းလေးပါ''စတဲ့ Status တွေ၊ ဓာတ်ပုံတွေကို like မြန်မြန်လုပ်၊ စာများတဲ့ Status တွေကို မဖတ်တော့ဘဲ ဘုရားပေါ်က ပြေးဆင်းလာခဲ့တယ်။ အဲ ဟုတ်ပါရဲ့။ ခုနက ကျွန်တော်တင်လိုက်တဲ့ပုံတွေ like ဘယ်နှစ်ယောက် ရနေပြီလဲမသိဘူး။
xx xx xx
ဘုရားမုဒ်ပေါက်အရောက်မှာ အဘွားကျင်ကို တွေ့ရတယ်။ ဟိုအရင်တုန်းကလိုပဲ ခွက်ကလေး တစ်လုံးနဲ့ တောင်းစားနေတုန်း။ ခွင့်တောင်းမနေတော့ဘဲ ဓာတ်ပုံအမြန်ရိုက်လိုက်တယ်။ ပြီးတော့ ''1 Like= 1 Respect''လို့ ရေးပြီး ဖေ့ဘွတ်ခ်ပေါ် တင်လိုက်တယ်။ အဲဒါမှ ခတ်တာပဲ။ ပိုက်ဆံအိတ်ထဲမှာ ငါးထောင်တန် တစ်သောင်းတန်တွေပဲပါတယ်။ အကြွေပါမလားဘူး။ ကိုယ်မထည့်လည်း သူများထည့်မှာပါလေ။ အင်း ငါတို့နိုင်ငံမှာ ဒီလိုတောင်းစားနေတဲ့လူမျိုးတွေ ပပျောက်ဖို့ဆိုရင် … ကျွန်တော့်အတွေးတောင် မဆုံးသေးပါဘူး။ ကောင်မလေးတစ်ယောက် သည်းကြီးမည်းကြီး ပြေးလာတယ်။
''ကယ်ကြပါအုံး။ ကျုပ်ကို ခွေးလိုက်ဆွဲနေလို့''လို့ ငယ်သံပါအော်ရင်း ပြေးလာတယ်။ ခွေးကလည်း မာန်ဖီပြီး နောက်က အပြေးလိုက်။ ကောင်မလေးကလည်း ထမီစွန်တောင်ဆွဲပြီး ရှေ့ကပြေး။ မောနေလို့ထင်ပါရဲ့။ တစ်ကိုယ်လုံးချွေးတွေချွဲလို့။ ကြောက်ရွံ့နေတဲ့ဟန်ပန်က မျက်နှာပေါ်မှာအထင်းသား။ ကျွန်တော်လည်း လမ်းဘေးလေးကပ်ရပ်လိုက်ပြီး ဖုန်းကင်မရာနဲ့ ဗွီဒီယို မှတ်တမ်းတင်လိုက်တယ်။ ဟုတ်တယ်လေ။ ဒီလို ရီရယ်လစ်စင်ပုံက ရဖို့မလွယ်ဘူး။ ဒီဗွီဒီယိုဖိုင်လေး ဟာသပေ့ခ်ျမှာ တင်လိုက်ရင် Like တွေ share တွေ အများကြီးရမှာ။ ကျွန်တော်ဗွီဒီယို ရိုက်နေတုန်းမှာပဲ ခွေးက ကောင်မလေးကို မီသွားပြီး ကိုက်လိုက်တယ်ထင်ပါရဲ့။ ကောင်မလေးဆီက ဝါးခနဲအော်ငိုသံကြားရတယ်။
''ဟဲ့ ကိုပု ဘာလုပ်နေတာလဲ''
ကျွန်တော့်နောက်က အသံကြောင့် ဗွီဒီယိုရိုက်နေတဲ့လက်တောင် တွန့်သွားတယ်။ နောက်လှည့်ကြည့်တော့ ကျွန်တော့်အစ်မဝမ်းကွဲ မသန်းတင့်။ မတွေ့တာကြာလို့ထင်တယ်။ အစ်မမသန်းတင့်မျက်နှာက ပိုကြီးရင့်ထော်သွားသလိုပဲ။
''ဘာလုပ်ရမှာလဲ။ ခွေးလိုက်ကိုက်တဲ့ ကောင်မလေးကို ဗွီဒီယိုမှတ်တမ်းတင်နေတာ''
ကျွန်တော့်စကားအဆုံး အစ်မ မသန်းတင့်မှာ မျက်လုံးပြူး ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ ပြီးတော့ ရင်ဘက်ကို လက်နဲ့ဖိထားရင်း
''အမလေးလေး … ခွေးလိုက်ကိုက်တဲ့ကောင်မလေးက တခြားမဟုတ်ဘူး။ နင့်တူမ အသေးလေးဟဲ့။ နင်က ခွေးကို ကူမောင်းပေးမယ်တော့ မကြံဘူး။ ဗွီဒီယိုလိုက်ရိုက်နေသတဲ့။ ကြားလို့မှ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ…''
အစ်မ မသန်းတင့်စကားအဆုံးမှာ ကျွန်တော်ဘာစကားမှ မပြောနိုင်တော့ဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။ ကျွန်တော်ရွာက ထွက်သွားတုန်းက အသေးလေးက ငယ်ငယ်လေး ရှိသေးတာ။ ကျွန်တော်တွေးနေတုန်းမှာပဲ အစ်မက ထမီခါးစောင်းတင်ပြီး အသေးလေးရှိရာကို ခပ်သုတ်သုတ်လျှောက်သွားပြီ။ ကျွန်တော်လည်း နောက်ကမြန်မြန်လိုက်သွားရင်း ''ဘုရား ဘုရား အသေးလေး ဘာမှ မဖြစ်ပါစေနဲ့''လို့ ဆုတောင်းရင်းနေမိတယ်။
xx xx xx
အိမ်ရောက်တော့ ခရီးပန်းတယ်ဆိုပြီး အထုပ်အပိုးချ အနားယူမယ်ဆိုပြီး အိပ်ခန်းထဲဝင်ခဲ့တယ်။ အိပ်ယာထက်ရောက်တော့ ခုနက တင်လိုက်တဲ့ ဓာတ်ပုံလေး like ဘယ်နှစ်ယောက်ရပြီလဲ။ ဘယ်သူတွေ comment ပေးထားပြီလဲ သိချင်ဇောနဲ့ facebook ကို အမြန် ဖွင့်ကြည့်မိတယ်။ အားပါးပါး share တွေကော like တွေကော များလိုက်တာ။ အပျော်လုံးဆို့ပြီး reply ပြန်လုပ်နေတာ ထမင်းစားဖို့ အခန်းတံခါးလာခေါက်တာတောင် မကြားတော့ဘူး။ တံခါးတဒုန်းဒုန်းထုမှ ကဲ မထူးပါဘူးဆိုပြီး။ facebook သုံးရင်း ထမင်းစားခန်းထဲ ဝင်ခဲ့တယ်။ အဖေနဲ့အမေက ပြန်မလာတာကြာပြီဖြစ်တဲ့ သူတို့သားဖို့ ဖွယ်ဖွယ်ရာရာ ပြင်ဆင်လိုက်တာများ ကျွန်တော်ကြိုက်တဲ့ ဝက်သားပုန်းရည်ဟင်းတောင်ပါသေး။ အဖေက ကျွန်တော့်ပန်းကန်ထဲကို ဝက်သားဟင်း အတုံးကြီးကြီးထည့်ပေးတယ်။ အမေက ''ငါ့သား အိမ်ထမင်းအိမ်ဟင်း မစားရတာကြာပြီ။ ဝအောင်စားသွား''တဲ့။ ကျွန်တော်ခေါင်းညိတ်ပြီး ဖုန်းနဲ့ facebook ကိုပဲ သည်းကြီးမည်းကြီးသုံးနေမိတယ်။ အဲ Friend request တွေ ဆယ်ယောက်တောင်ပါလား။ message box က ကောင်မလေးချောချောလေးတွေက Hi တဲ့။ အဖေက ထမင်းစားမယ်အလုပ် ကျွန်တော်က နေအုံးလို့ လက်ပြတားလိုက်တယ်။ အဖေက ထမင်းလုပ်ပါးစပ်နားရောက်ခါနီး ကြောင်ပြီး ကျွန်တော့်ကို ကြည့်နေတယ်။ ကျွန်တော်လည်း ဖုန်းကင်မရာကို ဖွင့်ပြီး ထမင်း၊ ဟင်းတွေကို ဓာတ်ပုံရိုက်လိုက်တယ်။ ပြီးတော့ ''ဒီနေ့တော့ ဖြစ်သလိုလေး စားလိုက်တယ် စားကြပါအုံး သယ်ရင်းတို့''လို့ ရေးပြီး facebook ပေါ် ဓာတ်ပုံလေး မြန်မြန် တင်လိုက်တယ်။ အဲ like တွေက ချက်ချင်းတက်တာပဲ။ ''ချားချင်လိုက်ထှာ ကျွေးအုံးရေ''ဆိုတဲ့ comment ပေးတဲ့ကောင်မလေးတွေကို ''ခိခိ ကျွေးပု''လို့ reply ပြန်လုပ်ရင်း သဘောတကျ တခစ်ခစ်ရယ်မိတယ်။ အဖေက ထမင်းလုပ်ကို မခွံ့သေးဘဲ ကျွန်တော့်ကို မျက်လုံးပြူးကြည့်နေလို့ ''စားလို့ရပြီ အဖေ''လို့ ရယ်ကျဲကျဲနဲ့ ပြန်ပြောလိုက်တယ်။ အဖေက ထမင်းဆက်မစားသေးဘဲ သက်ပြင်းရှည်ချရင်း ဖုန်းကိုပဲ စိုက်ကြည့်နေတဲ့ ကျွန်တော့်ကို စကားတစ်ခွန်းပြောတယ်။
''တော်တော်ဆိုးတဲ့ခေတ်၊ ငါ့သားနဲ့ငါတောင် ထမင်းကောင်းကောင်းမစားရတဲ့ခေတ်ပါလား''တဲ့။ အဖေ့စကားဆုံးတော့ ကျွန်တော်က လက်မလေးထောင် ''Like''လို့အော်ပြီး ''စကားလုံးလေးလန်းတယ် share ပါရစေ အဖေ''လို့ ပြန်ပြောလိုက်တော့ အဖေ့မျက်လုံးက ပြူးသထက် ပိုပြူးသွားတယ်။ ''ဟာ အဖေကလည်း credit ပေးမှာပါဗျ''လို့ ထက်ပြောလိုက်တော့ အဖေက လက်ထဲက ဇွန်းနဲ့ ကျွန်တော့်နဖူးကို လှမ်းခေါက်လိုက်တာ တော်သေးတယ် အရှောင်ကောင်းလို့။ နို့မို့ဆို ပြောင်နေတဲ့နဖူးမှာ ဖေ့ဘွတ်ခ်ရောဂါကြောင့်ရတဲ့ ဇွန်းအမှတ်သားကြီး ကျန်နေအုံးမှာ။
------------------
အာကာခေတ်ပိုင်

1 comment:

  1. အရေးအသားကောင်းလို့  ဟားဟားဟားဟား လို့ ကိုအော်ရယ်လိုက်မိပါတယ်။ နောက်ကိုအမြဲလာဖတ်မယ်

    ReplyDelete

ဝေဖန် အကြံပြုခဲ့ပါအုံး