15.10.12

အကြောင်းကြောင်းကြောင့်


                 မြေပြင်ကို စုန်ကန်ပြီး ကောင်းကင်သို့ အရှိန်ယူကာ ပျံတက်သွားသော လေယာဉ်ကြောင့် ရင်ထဲတွင် တစ်ခုမှ မကျန်တော့သလို ဟာခနဲ ခံစားလိုက်ရသည်။ ပြူတင်းပေါက်မှန်မှတဆင့် အောက်သို့ လှမ်းကြည့်မိသည်။ အပြာရောင် ပင်လယ်လှိုင်းက ကမ်းခြေအား ဒေါသတကြီး ရိုက်ပုတ်နေသည်ကို တိမ်တိုက်များကြားမှ မပီဝိုးတ၀ါး လှမ်းမြင်နေရသည်။ လေယာဉ်သည် အမြင့်သို့ ပျံတက်သွားလေလေ ပင်လယ်ပြင်သည် မှုန်၍ ဝေး၍ သွားလေသည်။ တောင်ကုန်းတောင်စွယ်များမှာတော့ အောက်တွင် ခပ်ရေးရေးမျှသာ …
“အမေကတော့ ငါ့သားကြီး ဖိုးညှိုးကို ဆရာဝန်ဖြစ်အောင် ကျောင်းထားပေးလိုက်တာ မိန်းမရအောင် ဖန်တီးပေးလိုက်သလိုပဲလို့ ပြောပြောပြီး ငိုနေတာ နေ့တိုင်းပဲ … “


                      ညီငယ် ဖိုးလတ်ဘက်သို့ အကြည့်ရောက်မိသည်။ ညီငယ်သည် သူ့ဘက်သို့ မကြည့်ဘဲ ထိုင်ခုံကို မှီကာ လေယာဉ်မျက်နှာကြက်ကို စိုက်ကြည့်ရင်း ဆိုလေသည်။ ဖွာလံကျဲနေသော နီကျင်ကျင်ဆံပင်နှင့် နေလောင်မျက်နှာမှာ သူနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ၀မ်းရေးအတွက် ပင်ပမ်းကြီးစွာ ရှာဖွေနေရပြီး လောကဓံ၏အထုအထောင်းများကို ကြံ့ကြံ့ခံနေရသဖြင့် အသက်အရွယ်နှင့်မလိုက် အိုမင်းရင့်ရော်နေသည်။ သူ သက်ပြင်းရှည်ချရင်း အပြင်သို့သာ ငေးကြည့်နေမိပြန်သည်။ ခဲသားရောင် တိမ်တိုက်တို့မှာ ဦးတည်ရာမဲ့ လွင့်မျောနေလျှက် …
“အငယ်မက ဆရာဝန်လုပ်မယ်လို့ပြောရင် အမေက ငိုတော့တာပဲ … “
                        ဖိုးလတ်က ခပ်ပြုံးပြုံးလေးနှင့် ပြောနေသော်လည်း သူ့ကိုယ်လုံးလေး ဆတ်ခနဲ တွန့်သွားရသည်။ ရင်ထဲတွင်လည်း ဆို့နစ်ကြေကွဲသွားရသည်။ သူနှင့် ၈ နှစ်ကွာသော ညီမလေးငယ်လေးမှာ အခုချိန်ဆို ဆယ်တန်းကျောင်းသူကြီးတောင်ဖြစ်နေလောက်ပြီ။ ချစ်စရာ ဆိုးနွဲ့ရုံမှလွဲ၍ လိမ္မာသော ညီမငယ်လေး …တွေးရင်း မျက်ဝန်းမှ မျက်ရည်စများ စို့တက်လာသဖြင့် ညီငယ်မမြင်စေရန် တစ်ဘက်သို့ လှည့်ထားရသည်။
“အလတ်မ အေးကြွယ် လင့်နောက်လိုက်သွားတာကော ကိုညှိုးသိရော့ပေါ့ … “
                        သူနှင့် ဖိုးလတ်တို့ မျက်လုံးချင်းဆုံမိသည်။ သူ စိတ်နှင့် ခန္ဒာမကပ်သလို ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး လေးတွဲစွာ ခေါင်းယမ်းပြလိုက်သည်။
“ခက်တယ် … ကိုညှိုးရာ … အေးကြွယ်လုပ်ရက်တယ်ဗျာ … အိပ်ယာထဲလဲနေတဲ့ အဖေ့မျက်နှာကိုမှ မထောက် … ဒီအိမ်မှာနေရင် ဆင်းရဲတွင်းက ထွက်ရမှာမဟုတ်တော့ဘူးဆိုပြီး ချမ်းသာတဲ့ ယောက်ျားနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားလေရဲ့ … အေးကြွယ် သိပ်တစ်ကိုယ်ကောင်းဆန်တယ် …. “
                         ညီငယ် ဖိုးလတ်က သက်ပြင်းရှည်ချရင်း မျက်စိမှိတ်ထားကာ ထိုင်ခုံတွင် မှီအိပ်နေသည်။ သူ့မှာတော့ အတွေးပေါင်းစုံနှင့်သာ … ညီမလေးအေးကြွယ်က ချမ်းသာတဲ့ယောက်ျားနောက်လိုက်သွားတာ တစ်ကိုယ်ကောင်းဆန်တယ်ဆိုရင် ကိုညှိုးကိုကော ဘယ်လိုနာမည်တပ်မလဲ ဖိုးလတ် … ဟု စိတ်ထဲတွင် အကြိမ်ကြိမ် မေးခွန်းထုတ်နေမိသည်။
“အအေးသုံးဆောင်ပါအုံးရှင် … “
                        ဖိုးလတ်က လေယာဉ်မယ်ဆီမှ အအေးခွက်ကို လှမ်းယူရင်း သူ့ဆီသို့ ကမ်းပေးသည်။ အအေးခွက်ကို ယူကာ မော့သောက်လိုက်သည်။ ရင်ထဲက အပူးမီးတွေ ငြိမ်းအေးသွားမည်ထင်ရသော်လည်း ပျောက်ပြယ်မသွား။ လက်ထဲမှ အအေးခွက်ကို ဖျစ်ညှစ်လိုက်ရင်း အားတင်းကာ …
“ညီလေးဖိုးလတ် မင်းကော လုပ်ရကိုင်ရတာ အဆင်ပြေရဲ့လား … “
                        သူ့ စကားအဆုံးတွင် ဖိုးလတ်က ဟက်ခနဲတစ်ချက်ရယ်လေသည်။
“ဒီလိုပါပဲ ကိုညှိုးရာ … ဘွဲ့လေးတစ်ခုတောင် ဖြစ်ဖြစ်မြောက်မြောက်မရတော့လည်း ကြုံရာ ကျဘမ်းလုပ်ကိုင် စားသောက်ရတာပေါ့ … ပျော်ဘွယ်-နတ်မောက် ပြေးဆွဲနေတဲ့ မှန်လုံးကားတွေ ပေါ်လာတော့ ဆိုင်ကယ် ကယ်ရီလည်း သိပ်မလိုက်ရတော့ပါဘူး …. “
                        ဖိုးလတ်က ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း သူ့စိတ်ထဲ လေးလံသွားရသည်။ သူတို့တွင် မောင်နှမငါးယောက်ရှိပါသည်။ နှစ်နှစ်ကြီး နှစ်နှစ်ငယ် မောင်နှမငါးယောက်မှာ နာမည်များကလည်း ထူးဆန်းပါသည်။ မမကြီး၊ ဖိုးညှိုး၊ ဖိုးလတ်၊ အေးကြွယ် နှင့် အငယ်မဟု လက်ငါးချောင်းကဲ့သို့ အစီအစဉ်တကျ မှည့်ထားလေသည်။ သူတို့မောင်နှမငါးယောက်သည် လက်ချောင်းလေးများ ဖြစ်မည်ဆိုလျှင် ဖေဖေသည် ထိုလက်ငါးချောင်းကို အစာအဟာရများ ဖြည့်ဝေပေးသော သွေးလွှတ်ကြောကြီးဖြစ်ပေလိမ့်မည်။ မေမေကတော့ ထိုလက်ငါးချောင်းဆိုးသမျှကို ဖုံးဖိ ဖယ်ရှားပေးသော သွေးပြန်ကြောမကြီးဖြစ်ပေလိမ့်မည်။
“မမကြီးလည်း အဖေကို ပြုစုရတာ အရမ်းပင်ပမ်းနေပြီဗျာ … ဒါပေမယ့် ငါ့မောင်က ဆရာဝန်ကြီးဆိုပြီး အမြဲ လက်မထောင်ဂုဏ်ယူနေတုန်းပဲ … “
                        ဖိုးလတ်က တစ်ယောက်တည်း ရေရွတ်သလိုနှင့် ပြောလေသည်။ မမကြီးသည် သူ့ထက် နှစ်နှစ်ကြီးပါသည်။ အကြီးဆုံးလည်းဖြစ်၊ မိန်းကလေးလည်းဖြစ်သောကြောင့် သေစာရှင်စာ ဖတ်တတ်ရင်ပြီးပြီးဆိုကာ အငယ်များကို ငဲ့ကွက်ပြီး လေးတန်းနှင့် ကျောင်းထွက်ခဲ့ရသည်။ အသက်အရွယ်နှင့်မလိုက် နေ့စားလိုက်ကာ အိမ်စားအိုးကြီးကို တစ်ဘက်တစ်လမ်းမှ ဖြည့်စွက်ပေးခဲ့သည်။ အလုပ်အားရက်များတွင် ကလေးထိန်းရနှင့် မမကြီးသည် ဘ၀ကသင်ကြားပေးသော သင်ခန်းစာများကို အနစ်နာခံခြင်းဆိုသော ဂုဏ်ထူးဖြင့် ပြိုင်ဘက်မရှိ အောင်မြင်ခဲ့သည်။ အလုပ်ဒါဏ်ကြောင့် နလန်မထူနိုင်ဘဲ ပိန်လှီဖျော့တော့နေသော မမကြီး၏ပုံရိပ်သည် သူ့အား လှောင်ပြောင်နေသလို စိတ်ထဲတွင် ရှက်ရွံ့လာသည်။
“ဟဲ့ … ဒကာ စိန်မောင် မင့်သမီး အကြီးမကတော့ သူကိုယ်တိုင်သာ စာမတတ်ချင်နေမယ့် အငယ်တွေ ပညာရေးကြောင့် အမြဲတမ်း လက်မထောင်ရမယ့်ကွယ့် … အကြီးဆုံးဆိုတော့လည်း အငယ်တွေရဲ့ ဆိုးကျိုးကောင်းကျိုးတွေ ခံရမှာပေါ့လေ … ဖိုးညှိုးနဲ့ အေးကြွယ်ကတော့ သူဌေးဖြစ်မယ့် ကံဇာတာပါတယ်ဟေ့“ဟု ရွာဦးကျေင်း ဆရာတော် ဦးသုဇာတ တွက်ချက်ပေးခဲ့သည်ကို ပြန်အမှတ်ရမိသည်။
“ကိုညှိုး … ကိုညှိုးကို ဘာကြောင့် ကျွန်တော်ကိုယ်တိုင် လိုက်ခေါ်ရတာလဲသိလား … “
                       ဖိုးလတ်က မေးခွန်ထုတ်လိုက်တော့ သူခေါင်းယမ်းပြလိုက်လိုက်သည်။
“ဖုန်းဆက်လိုက်ရင် ပြီးရော … ညီလေးကိုယ်တိုင် လာခေါ်တော့ ပင်ပမ်းတာပေါ့ … ပြီးတော့ ထားဝယ်ဆိုတာကိုလည်း အရင်ရောက်ဖူးတာ မဟုတ်ဘဲနဲ့ … “
“အင်း … ပါးစပ်ပါရွာရောက်ပါတယ် ကိုညှိုးရာ …ကိုညှိုးမလို့ ဒီထားဝယ်မှာ နေနိုင်တယ် … ကျွန်တော်ကတော့ ဒီတစ်ခေါက်တည်းနဲ့ကို လက်လန်သွားပြီ … ဝေးကဝေး လမ်းကလည်းဆိုးနဲ့… နှစ်ရက်နဲ့တစ်ညကားစီးလိုက်ရတာ ဖင်ကိုကျိမ်းသွားတာပဲ … ဟား … ဟား “
                       ဖိုးလတ်က စိတ်လက်ပေါ့ပါးစွာ ရယ်နေသော်လည်း သူ့မှာ အိုးတို့အိုးတန်း ဖြစ်သွားရလေသည်။
“ဖုန်းနဲ့ဆိုရင် ကိုညှိုးလာမှာမဟုတ်ဘူး … ကိုယ်တိုင်သွားခေါ်မှ လိုက်လာလိမ့်မယ် .. သွားခေါ်ချေလို့ အမေက နားပူနားစာလုပ်တာနဲ့ ကျွန်တော်ကိုယ်တိုင်လာခေါ်တာ … ပြီးတော့ အဖေကလည်း … “
                        ဖိုးလတ်က စကားမဆက်သေးဘဲ သူ့ကို စောင်းငဲ့ကြည့်ကာ ဆက်ပြောသင့်မပြောသင့် စဉ်းစားနေဟန်တူသည်။ သူ မျက်မှောင်ကျုံ့သွားရကာ …
“အဖေ ဘာဖြစ်လို့လဲဟင် … “ဟု ကပြာကရာ မေးလိုက်ချိန်တွင် ဖိုးလတ်က သက်ပြင်းရှည်ချရင်း …
“အင်း … ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ … ကံတရားရဲ့လှံဖျားက မညှာမတာ ထိုးနှက်ခြင်းကို ရင်စည်းခံခဲ့ရတယ်ကိုညှိုးရာ … အဖေ ညာဘက်ခြေထောက် ဖြတ်လိုက်ရပြီ … “
“ဘာ … “
                        သူ၏ အထိတ်တလန့်အသံကြောင့် ရှေ့ခုံမှ နိုင်ငံခြားသားနှစ်ဦးက လှည့်ကြည့်သည်။ သူ ဂရုမစိုက်နိုင်အားပဲ တက်တစ်ချက် ခပ်ပြင်းပြင်း ခေါက်လိုက်သည်။
“ဟုတ်တယ် … ကိုညှိုး … မန္တလေးဆေးရုံကြီးမှာ တစ်လတိတိ တက်လိုက်ရတယ် … ဆရာဝန်တွေပြောတာတော့ ဆေးလိပ်အလွန်အကျွံသောက်လို့ ခြေသလုံးကြွက်သားတွေ ပုပ်ကုန်တာတဲ့ … ဂန်ကရီးဆိုလား ဘာဆိုလား အဖေ့မှာ ဖြစ်နေတာတဲ့ … “
“အဲဒီတုန်းက ငါ့ကို ဘာလို့ လှမ်းအကြောင်း မကြားတာလဲ … “
“ဘယ်ဆီရောက်နေမှန်းမသိတဲ့ ကိုညှိုးကို ကျွန်တော်တို့က ဘယ်လိုလုပ်အကြောင်းကြားမလဲ … အခုဟာတောင် ကိုညှိုးနဲ့တွေ့ခဲ့တဲ့ အရီးခင်မှီတို့က လိပ်စာပေးလို့သိရတာ … လိပ်စာသိသိချင်း လာခေါ်မလို့ဘဲ အဖေက သားကြီးဖိုးညှိုးက အိမ်ထောင်သည်ဖြစ်သွားပြီဆိုတော့ လာနိုင်မှာမဟုတ်ဘူး … ခြေထောက်ဖြတ်လိုက်ရတာပဲ အသက်နဲ့အဝေးကြီး ခေါ်မနေနဲ့ဆိုလို့ ကျွန်တော်တို့ အကြောင်းမကြားဘဲ နေလိုက်တာ … “
                        သူ သက်ပြင်းရှည်ချရင်း မျက်စိစုံမှိတ်ထားမိသည်။ မျက်ဝန်းမှ မျက်ရည်စတို့က အလိုအလျောက် စီးကျလာသဖြင့် လက်ခုံနှင့် ကပြာကရာ သုတ်လိုက်ရသည်။
“ကိုညှိုး … မိန်းမရသွားပြီဆိုကတည်းက အဖေ အိပ်လည်း မအိပ်၊ စားလည်း မစားနဲ့ ကိုညှိုးလာရာ လမ်းကို မှန်းဆပြီး ဆေးလိပ်ကြီးဖွာပြီး မျှော်နေရှာတာ … ဆေးလိပ်သောက်လွန်းအားကြီးပြီး အိပ်ယာပေါ်ဘုန်းဘုန်းသာ လဲသွားတယ် … ကိုညှိုးက ပြန်မလာတော့ဘူး … နောက်ပိုင်း ဆေးလိပ်မဖြတ်နိုင်ဘဲ ခြေထောက်ပဲ ဖြတ်လိုက်ရတော့တယ်ကိုညှိုးရယ် … အဖေ ကံဆိုးလွန်းပါတယ်ဗျာ“
                        ဖိုးလတ်၏အသံမှာ တုန်တုန်ယင်ယင် ဖြစ်နေသည်။ မျက်ဝန်းတွင်လည်း မျက်ရည်စများ စို့နေသည်ကို တွေ့လိုက်ရလေသည်။ ထို့နောက် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း …
“အခု ဘာမှ မစိုးရိမ်ရတော့ပါဘူး ကိုညှိုးရ … အဖေ နေကောင်းနေပါပြီ … ဟိုအရင်ကလိုပဲ သူ့သားကြီး တော်ကြောင်း တတ်ကြောင်းတွေကို ချိုင်းထောက်အားကိုးနဲ့ အိမ်တကာလည်ပြီး ကြွားတုန်းပဲ … အဖေက ကိုညှိုးကိုတော့ တော်တော် ချစ်ရှာတာ … “
                        ဖိုးလတ်က သူ့အား စူးစိုက်ကြည့်ရင်း ပြောတော့ သူ့ ရင်ထဲတွင် မွမ်းကြပ်ပ်ပိတ်ဆိုနေသလို ခံစားလိုက်ရလေသည်။ ထို့နောက် ညီငယ်ဖိုးလတ်၏လက်အား ဆွဲဖျစ်လိုက်ရင်း…
“မိဘဆိုတာကတော့ သားသမီးတွေ အကုန်လုံးကို ချစ်ကြတာကြည့်ပါပဲကွာ … ဘယ်သားသမီးကိုတော့ ပိုချစ်တယ် … ဘယ်သားသမီးကိုတော့ မချစ်ဘူးလို့ သူ့တို့ စိတ်ထဲမှာ မရှိဘူး … အားလုံးကို တပြေညီ အတူတူပါပဲ“
                      သူက ဖြေသိမ့်စကားဆိုလိုက်သော်လည်း ဖိုးလတ်က ဟက်ခနဲ ရယ်ကာ သူ့လက်ထဲမှ လက်ကို ရုန်းဖယ်သွားသည်။
“ကိုညှိုး အဲဒီလို သိရက်သားနဲ့ အဖေတို့ အမေတို့ကို မတိုင်ပင်ဘဲ ဘာလို့ မိန်းမယူသွားတာလဲ … အဖေတို့မှာတော့ မျှော်လင့်ချက်တွေနဲ့ ကိုညှိုးကို ဆရာဝန်ဖြစ်အောင် ကျောင်းထားပေးခဲ့တာ ကိုညှိုးက အတောင်စုံတော့ မိဘရင်ခွင်ကို စုန်ကန်ပြီး မိန်းမနောက်ကို လိုက်သွားရက်တယ် … ဖရိုဖရဲဖြစ်နေတဲ့ ကျွန်တော်တို့မိသားစုကို ပြန်လှည့်မကြည့်ဘဲ ကိုယ်လွတ်ရုန်းသွားခဲ့တယ် … ကိုညှိုးဟာ ကိုယ့်ဘက်ကိုပဲ ကြည့်တတ်တဲ့ အတ္တသမား … “
                          ဖိုးလတ်၏ နာကျည်းကြေကွဲစရာ စကားများကို ကြားလိုက်ရတော့ သူ့မှာ ၀မ်းနည်းလာသည်။ ပါးပေါ်သို့ စီးကျလာသော မျက်ရည်များကို မသုတ်မိဘဲ ဖိုးလတ်ကိုသာ ဆွေးဆွေးမြည့်မြည့်ကြည်နေမိလေသည်။ ရင်ထဲမှာ ဖွင့်ဟပြောချင်နေသော စကားများရှိပါလျက်နှင့် ပွင့်အန်မလာခဲ့။
“ညီလေးရယ် … အကို့ကို ခွင့်လွှတ်ပါကွာ … “ဟုသာ တိုးလျစွာ ပြောနေမိသည်။
“ဘာ ရူးနေလား ကိုညှိုး … မိသားစုတာဝန်တွေကို မယူဘဲ ရှောင်ပြေးခဲ့ပြီးမှ ခွင့်လွှတ်ပါဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ပြီးရောလား … “
“အဲဒါဆို အကိုဘာလုပ်ပေးရမလဲ ညီလေးရာ … အကို အရမ်း စိတ်ဆင်းရဲရတယ်ကွာ .. “ဟု သူက အသံတုန်တုန်ယင်ယင်နှင့်ပြောလိုက်သောအခါ ဖိုးလတ်က မဲ့ပြုံးလေးပြုံးလိုက်ရင်း …
“ကိုညှိုးက အခုမှ စိတ်ဆင်းရဲရတာပါ … ကိုညှိုး သူဌေးသမီးတစ်ယောက်ကို ယူသွားပြီဆိုတဲ့ သတင်းကို ကြားလည်းကြားရော အမေမူးလဲသွားတယ် … အသက်ပါသွားပြီလို့တောင် ထင်တာ … ကိုညှိုးကြောင့် အမေ မျက်ရည်နဲ့မျက်ခွက်ပဲ … အမေ စိတ်ဆင်းရဲခဲ့ရတဲ့ ရက်တွေက ကိုညှိုးထက်ပိုများပါတယ် … အဖေကတော့ သားသမီးတွေရှေ့မှာ ဘာမှမဖြစ်သလိုနဲ့ စိတ်ကိုထိန်းထားပေမယ့် အဖေ ခိုးခိုးပြီး ငိုနေတာ ကျွန်တော်အသိဆုံး … ကိုညှိုးရာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး အကြင်နာတရား ခေါင်းပါးလွန်းလိုက်တာ ခံစားတတ်တဲ့အသည်းကော ရှိသေးရဲ့လား … “
                          ဖိုးလတ်က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားကာ တစ်ဘက်သို့ လှည့်သွားသည်။ ကိုညှိုးမိန်းမယူသွားတာ မဟုတ်ပါဘူး … ညီလေးတို့လည်း စိတ်တိုသင့်ပါတယ်လေ … အဲဒီတုန်းက အိမ်ကို လှမ်းအကြောင်းဖို့ အချိန်က နည်းလွန်းလှတယ် … ကိုညှိုးအကြောင်းနဲ့ ကိုညှိုးပါညီရာ … ဟု နှုတ်မှ ပွင့်ထွက်မလာဘဲ စိတ်ထဲတွင်သာ အကြိမ်ကြိမ်ပြောနေမိသည်။ အကြင်နာတရားခေါင်းလွန်းသတဲ့လား … ကိုယ်လွတ်ရုန်းသွားတဲ့ တစ်ကိုယ်ကောင်ဆန် အတ္တသမားတဲ့လား … ရက်စက်သည့်စကားတွေက သူ့အသည်းကို ဓါးနှင့် မွှန်တာထက် အခံရခတ်လှသည်။ ခံစားတတ်တဲ့အသည်းကော ရှိသေးရဲ့လားတဲ့ … သူယောင်ယမ်းပြီး အသည်းရှိမည့်နေရာကို စမ်းကြည့်မိသည်။  
                    သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှ ပျက်လင့်ခါသာ ဓမ္မတာတည်း။ စိတ်ထဲမှာ တိုးတိုးရွတ်ဆိုရင်း အတိတ်ဆီသို့ စိတ်အလျင်က မထိန်းချုပ်မိခင် ရောက်ရှိသွားသည်။
                     ဆေးရုံကုတင်ထက်မှာ နာကျင်သည့်ဝေဒနာကို အလူးအလဲခံစားနေရသည့် ရောဂါသည်မလေး။ မျက်တွင်းဟောက်ပက်နှင့် အသားအရေပိန်လှီဖျော့တော့နေသည့် လူနာမလေး။ ထားဝယ်မြို့မှ မန္တလေးကို ကျောင်းလာတက်သည့် အဖော်မဲ့ ကျောင်းသူလေး။ ကယ်ပါ ယူပါ တစာစာ ဆိုညည်းနေရှာသည့် အသည်းကင်ဆာဝေဒနာရှင်မလေးကို အလုပ်သင်ဆရာဝန်လေး သူမှာ မျက်ကွယ်ပြုဖို့ အင်အားမရှိခဲ့။ ငါညီမလေးသာဆိုလျင်ဆိုသည့် သနားဂရုဏာစိတ်က တဖွားဖွားပေါ်လာသည်။ အသည်းအစားထိုးကုသမှ ပျောက်ကင်းမည်ဆိုသည့် အသည်းအထူးကု ဆရာဝန်ကြီး၏စကားသံက နားထဲမှာ ပဲ့တင်ထပ်နေလျက် … ၀ါသနာ၊ စေတနာ၊ အနစ်နာ ဆိုသည့် နာသုံးနာ၏ဦးဆောင်ဖျားယောင်းမှုအောက်တွင် …
                     မြေပြင်သို့ လေယာဉ်ဘီးထိတွေ့သံ''ဒုန်း''ခနဲ မြည်သံကြောင့် သူ့အတွေးစတို့ လွင့်ပျယ်ကုန်သည်။ ညီငယ်ဖိုးလတ်ဘက်သို့ အကြည့်ရောက်မိသည်။ ဖိုးလတ်က တစ်ဘက်သို့ စောင်းအိပ်နေရင်း သက်ပြင်းကိုသာ အခါခါချနေသည်ကို တွေ့ရသည်။ သူ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း အသည်းရှိမည့်နေရာ ညာဘက်ရင်ညွှန့်အောက်သို့ ခပ်ဖွဖွလေး ထပ်စမ်းကြည့်မိသည်။ ချုပ်ရိုးနေရာက ဆစ်ခနဲ နာကျင်သလို စိတ်ထဲမှာ ခံစားမိလေသည်။


                                                                                                   အာကာခေတ်ပိုင်
                                                       (ဆေးတက္ကသိုလ်-မန္တလေး၊ ၂၀၁၂ နှစ်လည်မဂဇင်း)

1 comment:

  1. ပြန်ဖတ်ကြည့်တယ် အကြောင်းကြောင်းကြောင့်း)

    ReplyDelete

ဝေဖန် အကြံပြုခဲ့ပါအုံး