28.12.12

ဘ၀နှင့်ရင်း၍ ...


 “ဘာ … ဘာရယ် … ပြန်ပြောစမ်းပါအုံး … “
                     မျှော်လင့်မထားသော စကားကြောင့် အံအားသင့်ကာ ခပ်သွက်သွက်လေး ပြန်မေးမိသည်။
 “ဟုတ်တယ်ဆရာ … ကုတင်နံပါတ်(၃)က မွေးလူနာက ကလေးကို ထားခဲ့ပြီး လစ်ပြေးသွားပြီ“
                      သူနာပြုဆရာမ မနီ၏စကားကို ထပ်မံကြားလိုက်ရချိန်တွင် ဒေါက်တာပြည့်စုံ မျက်လုံးပြူး ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်သည်။ ထို့နောက် ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်ပြီး သက်ပြင်းရှည်ချကာ
“ဟာဗျာ … ခတ်တာပဲ၊ အဲဒီတော့ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ … “ဟု ယောင်ယမ်းစွာ လွှတ်ခနဲ ပြောလိုက်မိချေသည်။ ဆရာမ မနီက သူ၏လက်အောက်ဝန်ထမ်း။ သူ ဆရာမရှေ့တွင် ဟန်မဆောင်နိုင်လောက်အောင် မျက်စိမျက်နှာ ပျက်ယွင်းနေသော်လည်း မတတ်နိုင်ပေ။ ထိုကိစ္စအတွက် ဘာလုပ်လို့ ဘာကိုင်ရမည်မှန်း စဉ်းစားမရအောင် ဖြစ်နေရသည်။


 “ကျွန်မတို့လည်း … သူပေးထားတဲ့ လိပ်စာအတိုင်း လိုက်စုံစမ်းပါတယ်၊ ဒါပေမယ့် လိပ်စာက အမှားကြီး “
                     သူ စိတ်မောသွားရကာ ခြေပစ်လက်ပစ် ထိုင်ချမိလေသည်။ ဆေးရုံတက်စာရင်းတွင် နေရပ်လိပ်စာကို အမြဲတောင်းသည်။ တစ်ယောက်မှ လိမ်လည်ပြီး လိပ်စာမပေးကြ။ အခုဒီတစ်ယောက်က..
“အခုကလေးကော … “
“ကျွန်မတို့အခန်းထဲမှာ …. ၀၀ကစ်ကစ်နဲ့ယောက်ျားလေး … ပြီးတော့ ချစ်စရာလေး၊ အခု ကလေးက နို့ဆာလို့ထင်တယ် ငိုနေတယ် … “
                     ဆရာမ မနီ၏စကားအဆုံးတွင် သူ သက်ပြင်းရှည်ကြီး လေးပင်စွာ ချမိသည်။ လွန်ခဲ့သော လေးရက်က မွေးလူနာဗိုက်ကြီးသည် တစ်ယောက် သူတို့ တောင်ညောင်ဦးတိုက်နယ်ဆေးရုံသို့ ရောက်ရှိခဲ့ပါသည်။ ဗိုက်မှာ နာကျင်သော ဝေဒနာကြောင့် လူးလဲစွာ ခံစားရင်း ရုန်းရင်းဆန်ခပ် အော်ဟစ်နေသည်။ မွေးလမ်းကြောင်းနှင့် ဗိုက်ကို သေချာစမ်းကြည့်လိုက်တော့ မကြာမီ မွေးဖွားပေတော့မည်။ ထို့ကြောင့် မွေးခန်းထဲ ချက်ချင်းထည့်ကာ ကလေးကို ချောချောချူချူ မွေးဖွားပေးနိုင်ခဲ့ပါသည်။ မီးမဖွားခင်တွင် အလုပ်ရှုပ်နေသောကြောင့် မွေးဖွားပြီးမှာသာ ဆေးရုံတက်မှတ်တမ်းတွင် ရေးမှတ်ရလေသည်။ ခင်ပွန်းနာမည်ဆိုတော့ ခင်ပွန်းမရှိဟု ခပ်ပြတ်ပြတ်ပြောပြီး ကလေးကို နို့တိုက်ကာ မှိန်းနေလေသည်။ မမှိန်းနိုင်တာက သူတို့ဖြစ်ရလေသည်။ သူနှင့် ဆေးရုံဝန်ထမ်းအားလုံး အလုပ်ရှုပ်သွားရကာ မွေးလူနာ လာပို့သွားသော လူများကို ပြန်ခေါ်ခဲ့ရလေသည်။ ထိုလူများ ချက်ချင်း လိုက်လာကြပြီး …
“ကျွန်မတို့လည်း ဒီကလေးမကို တစ်ခါမှ မမြင်ဖူးပါဘူး၊သိဘို့ဆိုတာ ဝေးပါသေးတယ်၊ ဒီနေ့ ကျွန်မတို့ ထမင်းဆိုင်ကို သူတစ်ယောက်တည်း ထမင်းလာစားတယ်၊မပေါ့မပါးကြီးနဲ့ဆိုတော့ သတိထားမိတယ်၊ အဲ ခနနေတော့ ဗိုက်နာတယ်လို့ပြောတယ်၊ အဲဒါနဲ့ ဒီကလေးမ မျက်နှာမြင်ချင်တာပဲနေမှာဆိုပြီး ဒီဆေးရုံကို ခေါ်လာခဲ့တာပါ“
                     ရှိစေတော့ဟု ဆုံးဖြတ်ကာ ထိုမွေးလူနာအား လိုအပ်သောဆေးမှအစ အစားအသောက်ကိုပါ ဆေးရုံမှ တာဝန်ယူပေးရလေသည်။ ဟော … အခုတော့ ထိုအမျိုးသမီးက ကလေးငယ်ကို စွန့်ပစ်ပြီး ထွက်ပြေးသွားပြီဆိုပါလား …
“ကဲ … ဆရာမ ကလေးကို ကျွန်တော် လိုက်ကြည့်မယ် “
                     သူနှင့် ဆရာမ ကလေးရှိရာ အခန်းထဲသို့ လျှောက်လာခဲ့ကြသည်။ တံခါးကို ဖွင့်လိုက်တယ်ဆိုရင်ပဲ ပိတ်ဖြူဖြင့် ထွေးထားသော ကလေးနီတာရဲလေးက လှုပ်ရှားကန်လန်ကျောက် နေလေသည်။ စူးစူးဝါးဝါးငိုယိုနေသော ကလေးငယ်လေးကို ကြည့်ရင်း သူ့စိတ်ထဲတွင် နင့်ခနဲ ခံစားလိုက်ရသည်။ လောကကြီးအကြောင်း မသိနားမလည် မိခင်က စွန့်ပစ်သွားသော အပြစ်မရှိ တစ်ကောင်ကြွက် ကလေးလေးနှယ်။ ဖခင်ဆိုတာမရှိ။ ဆွေးရိပ်မျိုးရိပ်ဆိုတာ ဝေးစွ။ သူ စိတ်မသက်သာစွာနှင့် သက်ပြင်းရှည်ချမိသည်။
“ဆရာမ … ကလေးအတွက် နို့မှုန်နဲ့လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ပေးလိုက်ပါ“
“ဟို … ဆရာ … ဟို ဘယ်ပိုက်ဆံနဲ့ …“
                    ဆရာမ မနီက စကားတစ်ပိုင်းတစ်စနှင့် ရပ်တန့်သွားကာ သူ့အား အကဲခတ်ကြည့်နေသည်။ ဆေးရုံရန်ပုံငွေ အလုံအလောက်မရှိသော တိုက်နယ်ဆေးရုံလေးမှာ မည်သည့်ပိုက်ဆံနှင့် ၀ယ်ရမည်နည်း။ ဆရာမ၏စကားက သဘာဝကျသဖြင့် သူ ခေါင်းတဆတ်ဆတ်ညိတ်ကာ …
“ဆရာမ … ခနနေရင် ကျွန်တော့်အခန်းထဲကို လာခဲ့ပါ“ဟု ပြောပြီးပြီးချင်း သူ့အခန်းထဲသို့ ၀င်လာခဲ့သည်။ ကုလားထိုင်တွင် အချိန်မည်မျှကြာအောင် ထိုင်နေမိသည်မသိ။ ဆရာမ၀င်လာမှ အတွေးစတို့ ပြတ်တောက်သွားရကာ …
“ကဲ … ဆရာမ လိုအပ်တာ အကုန်ဝယ်ပေးလိုက်၊ ရော့ … ဒါ ကျွန်တော့်လစာလေးတွေ စုထားတဲ့ပိုက်ဆံ“
                     ဆရာမရှေ့သို့ ပိုက်ဆံထပ်ကို ချပေးလိုက်သည်။ ဆရာမက သူ့အား မျက်လုံးအ၀ိုင်းသားနှင့် ကြည့်နေရင်း …
“ဆရာ … “
“ပြောပါ … ဆရာမ၊ နည်းသေးလို့လား … ကျွန်တော့်မှာလည်း အဲဒါပဲရှိတယ် … “
“အို … မဟုတ်ပါဘူးဆရာ … ဟို … ကလေးကို မိဘမဲ့ကလေးများကျောင်းကို ပို့လိုက်ရမလား … “
                    ဆရာမ၏ မ၀ံ့မရဲစကားကြောင့် သူတွေဝေသွားရသည်။ ကလေးက အခုမှ လေးရက်သားပဲ ရှိသေးသည်။ မိခင်ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေးထားရှိရမည့် နုနယ်သောအရွယ်လေးတွင် ရောဂါပေါင်းစုံ ၀င်လာနိုင်သည်။ ခိုကိုးရာမဲ့ ကလေးငယ်အတွက် ဆေးရုံသည်သာ အသင့်တော်ဆုံး နေရာဖြစ်သည်။
“မပို့နဲ့အုံး ဆရာမ … သူ့မိခင် ပြန်လာခေါ်ရင် ခေါ်လိမ့်မယ် … “
“ပြန်မခေါ်လောက်ဘူးထင်တယ် ဆရာ …“ဟု ဆရာမ၏ချက်ချင်းတုံ့ပြန်စကားကြောင့် သူမျက်မှောင်ကျုံ့သွားရကာ …
“ဆရာမက ဘာအကြောင်းပြချက်ကြောင့် အဲဒီလို ပြောနိုင်ရတာလဲ“
“ဒီလိုပါဆရာ … ဟိုတစ်နေ့က ကျွန်မက သူ့ခင်ပွန်းအကြောင်း မေးပါတယ်ဆရာ၊ အဲဒီအချိန်မှာ သူ့မျက်နှာက သိသိသာသာ ပျက်နေတယ်၊ နောက်မှ ဖြည်းဖြည်းချင်း ပြောပါတယ်၊ သူက စားသောက်ဆိုင်တစ်ဆိုင်မှာ သီချင်းဆိုပါတယ်တဲ့၊ သူသီချင်းဆိုရင် အမြဲအားပေးတဲ့ လူတစ်ယောက်ရှိတယ်၊ အဲဒီလူက ညတိုင်းလိုလိုလာပြီး ပန်းကုံးတွေ အမြဲစွပ်တယ်၊ နောက် ရင်းနှီးပြီး … “
                       အပျိုကြီးဆရာမမှာ စကားမဆက်နိုင်ဘဲ ခေါင်းငုံ့ထားလေသည်။ ရှက်ရွံ့မှုကြောင့် ပါးမို့မို့လေး နှစ်ဘက်မှာ ရဲတက်လာသည်။
“ထားပါတော့ သူတို့အချင်းချင်း အဆင်ပြေသွားကြတယ်ဆိုပါတော့ … “
“ဟုတ်တယ်ဆရာ … အဲဒီလူက လက်ထပ်ယူမယ်လို့ပြောတယ်တဲ့၊ အဲဒါနဲ့ သူလည်း တားဆေးတွေ မထိုးမသောက်ဘူးတဲ့၊ သူလည်း ကိုယ်ဝန်ရှိရော အဲဒီလူက ပေါ်မလာတော့ဘူး၊ စားသောက်ဆိုင်ကလည်း နာမည်ပျက်တယ်ဆိုပြီး အလုပ်ထုတ်လိုက်တယ်တဲ့ …“
                      သြော် … တစ်လုံးတည်းက လွဲပြီး သူဘာမျှမပြောနိုင်။ စားဝတ်နေရေးကြောင့် အမျိုးကောင်း သမီးပျိုလေးများ စားသောက်ဆိုင်မှာ သီချင်းဆို။ ငွေရရင် ဘာမဆိုလုပ်မည်ဆိုသည့် ပိုင်ရှင်များ၏လောဘကြားဝယ် ဓားစားခံဖြစ်။ ငွေကို ရေလိုဖြုန်းနိုင်သည့် တဏှာဘီလူးကြီးများက ငွေနှင့်မက်လုံးပေး။ မိန်းကလေးများက ငွေမျက်နှာကိုကြည့်ပြီး ပင်လယ်ထဲမှာ မဆင်မခြင် လက်ပစ်ကူးခတ်။ ရေနစ်မည်ဆိုတာ မစဉ်းစားမိ။ နောက်ဆုံး ဒုက္ခပင်လယ်ထဲမှာ ဆုံးဆုံးနစ်မြုပ်ကြရသည့် ဇာတ်လမ်းများက မရိုးနိုင်။
“နောက်ပြီးဆရာ … သူနာမည်ကို ပန်းနုဝေလို့ လူနာမှတ်တမ်းမှာ ပေးထားပေမယ့် ကျွန်မဆေးထိုးတော့ သူ့လက်မောင်းမှာ စန်းစန်းအေးလို့ တက်တူးထိုးထားတာ တွေ့တယ်ဆရာ … “
                      ဒါကတော့ သိပ်တော့မဆန်း။ ရွာမှာတုန်းက မိဘများပေးခဲ့သည်က စန်းစန်းအေး။ စားသောက်ဆိုင်ရောက်တော့ ပန်းနုဝေဟု အမည်ပြောင်းလိုက်တာပဲဖြစ်ပေလိမ့်မည်။
“နောက်ပြီး … အဖွားကြီးတစ်ယောက်ဆီမှာ ဗိုက်ဖျက်ချဖူးသေးတယ်တဲ့၊ မပျက်ကျဘဲ အခုလို ကလေးမွေးလာတာတဲ့ … “
                     ဘုရား … ဘုရား … သူဘုရားတမိသည်။ ကိုယ်မှားတုန်းက မှားကြပြီး အပြစ်မဲ့ရင်သွေးလေးကို သတ်ပစ်မည်ဆိုပါလား။ မိခင်စိတ်မရှိကြပါလား။ ငရဲမကြောက်ဘဲ ဖျက်ချပေးခဲ့သည့် သူကလည်း အံ့ပါ့။ သူ ဒေါသဖြစ်ကာ တက်တစ်ချက်ခပ်ပြင်းပြင်း ခေါက်လိုက်သည်။
“ကဲ ကဲ … ဆရာမ ကလေးအတွက် နောက်မှပဲ တစ်မျိုးကြည့်စီစဉ်ကြတာပေါ့၊ အခုတော့ လိုအပ်တာတွေ ၀ယ်ပေးလိုက်ပါ“
                      ဆရာမ အခန်းထဲမှ ထွက်သွားချိန်ထိ သူ ငေးငိုင်နေမိသည်။ လူ့လောကအကြောင်း ဘာမျှမသိရှာဘဲ ရောက်လာခဲ့သော အပြစ်မရှိ ကလေးငယ်လေး။ မိဘမဲ့ကလေးကျောင်းကိုလည်း မပို့ချင်သေး။ အပျိုကြီးဆရာမ မနီကလည်း ထိုကလေးကို မွေးစားချင်သည့်ပုံမပေါ်။ အလုပ်သမားများ၏ လက်ထဲကိုလည်း ကလေး၏နောက်ရေး စိတ်မအေးရသဖြင့် မပေးပစ်နိုင်။ ထိုကလေးငယ်သည် နောင်တစ်ချိန်မှာ နိုင်ငံတော်အတွက် အရေးပါသည့် လူတစ်ယောက်ဖြစ်လာနိုင်သည်။ သူ တွေးရင်း သက်ပြင်းကိုသာ အခါခါ ချနေရလေသည်။
@@@
“ဟော … ဆရာမ မနီ .. လာ … လာ ဘာတွေ ထူးခြားသေးလဲ“
                      ဆရာမ မနီက သူညွှန်ပြရာ ခုံတွင် ၀င်ထိုင်ရင်း ဖိုင်အထပ်ထပ်ကို ချကာ …
“ဘာမှတော့ ထူးထူးထွေထွေ မရှိပါဘူးဆရာ … မွေးလူနာ မမြမှုံက ဒီနေ့ဆင်းခွင့်ပေးရတော့မှာလေ … အဲဒါ ဆေးရုံဆင်းခွင့်စာအုပ်မှာ ဆရာလက်မှတ်ထိုးပေးဘို့ပါ … “
“သြော် … အေးအေး သူက ခွဲမွေးထားတာပဲ၊ နေအုံး ကျွန်တော် တစ်ချက်ကြည့်လိုက်အုံးမယ် … “
“အဲဒါထက် အရေးကြီးတာ ရှိသေးတယ်ဆရာ … ဟို ကလေးလေးကို လိုက်ကြည့်ပေးပါအုံး … “
“ဟုတ်သားပဲ … မေ့နေလိုက်တာ … ဘာဖြစ်လို့လဲ … “
“ဖျားနေလို့ဆရာ … “
                     ထိုကလေးငယ်ကို လိုက်ကြည့်ပေးလိုက်သည်။ ကလေးငယ်မှာ တစ်ကိုယ်လုံး ပူနွေးနေသဖြင့် အနှီးကို မြန်မြန်ဖယ်ရှားကာ စမ်းသပ်စစ်ဆေးလိုက်သည်။ ကလေးငယ်၏ချက်မှာ ရဲနေပြီး ပြည်နည်းနည်းစို့နေလေသည်။ အနံ့အသက်ကလည်း သိပ်မကောင်းလှ။
“ကလေးရဲ့ချက်ကာ ပိုးဝင်နေတာပဲ၊ ဆရာမ ကလေးကို ဆေးထိုးပေးလိုက်ပါ“
                     လိုအပ်သောဆေးများကို ညွှန်ကြားပေးလိုက်သည်။ ကိုယ်ပူတက်ကာ မှိန်းနေသော ကလေးငယ်ကို ကြည့်ရင်း သူ သက်ပြင်းရှည်ချမိသည်။
“၁၀ ရက်တောင် ရှိပြီနော်၊ ကလေးအမေလည်း အခုချိန်ထိ ပေါ်မလာတော့ဘူး၊ လာမခေါ်ရင်တော့ ဆေးရုံကပဲ မွေးစားရတော့မှာပဲ၊ ဆရာကလည်း မိဘမဲ့ကျောင်းကို မပို့ချင်ဘူးမလား“
                      ဆရာမက ကလေးငယ်၏အကြောထဲ အပ်ထိုးနေရင်း ဆိုလေသည်။ ကလေးငယ်မှာ အပ်ထိုးလိုက်ခြင်းကြောင့် နာကျင်လွန်းသဖြင့် ခပ်သဲ့သဲ့လေး ငိုညည်းနေရှာသည်။ သူ့ရင်ထဲတွင်လည်း ဆို့နစ်ကြေကွဲသွားရလေသည်။ ကလေးငယ်၏ဘ၀သည် သူ့ဘ၀ကို ပုံတူကူးထားသော ဇာတ်လမ်းတစ်ပုဒ်လိုပါပဲလား …
@@@
                      ဒေါက်တာပြည့်စုံကို ကိုယ်ဝန်ဆောင်စဉ်က သူ့အဖေ သေဆုံးသွားခဲ့သည်။ အဖေဆိုတာ ဘယ်လိုအရာမျိုးလည်း သူမသိခဲ့။ မိခင်မုဆိုးမကြီးမှာ ဘ၀ကို အရှုံးမပေးဘဲ ဈေးတောင်းခေါင်းပေါ်ရွက်ကာ သူ ဆေးကျောင်းရောက်အောင် ကျောင်းထားပေးခဲ့သည်။ ကံတရား၏လှံဖျားက မျက်နှာသာမပေးဘဲ ထိုးနှပ်ခြင်းကို ခံခဲ့ရပြန်သည်။ သူဆေးကျောင်းတက်သည့်နှစ်မှာပဲ မိခင်က ဆုံးပါးသွားခဲ့ပြန်သည်။ ခိုကိုးရာမဲ့ ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက်ဘ၀တွင် ရွာမှထောက်ပံ့ပေးခဲ့သဖြင့် ဆရာဝန်ဖြစ်ခဲ့ရလေသည်။ ဘ၀ဇာတ်ခုံပေါ်တွင် ငိုချင်းချည်းသာ ကခဲ့ရသော သူ့နှလုံးသားထဲတွင် ဘ၀တူကလေးငယ်အတွက် အကြင်နာတရားတို့ ကိန်းဝပ်နေသည်မှာ အဆန်းတကျယ်တော့ မဟုတ်။
“ဆရာ … ကလေးလေးတစ်လပြည့်ပြီနော် … ကလေးကို မွေးစားမယ့် သူဌေးတစ်ယောက်လောက် ပေါ်လာရင်ကောင်းမှာ … “
                      ဆရာမ မနီ၏ညည်းညူစကားကြောင့် သူ ရင်ထဲတွင် ဟာခနဲဖြစ်သွားရကာ …
“မကောင်းဘူး … ကလေးကို ကျွန်တော်မွေးစားမှာ“ဟု လွှတ်ခနဲ ပြောမိသွားသည်။ သူ့စကားသူပင် မယုံနိုင်လောက်အောင် အံ့သြမိလေသည်။ ဆရာမကလည်း သူ့အား မျက်လုံးအ၀ိုင်းသားနှင့် ကြောင်ကြည့်နေလေသည်။
“ဆရာရယ် … ဆရာက တစ်ယောက်တည်းသမားဆိုတော့ ဖြစ်ပါ့မလား …“
                     သူ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့သို့ဖြင့် လုံးဝမျှောင်လင့်မထားသော သံယောဇဉ်အမျှင်လေးသည် သူ့ဘ၀ထဲသို့ လာရောက်ရစ်ပတ်တွယ် မိလေသည်။
@@@
“ဆရာ … ဒီမှာ ဆရာ့အတွက် စာတဲ့၊ ဆေးရုံပေါက်မှာ စာပို့သမားတစ်ယောက်လာပို့သွားလို့ ကျွန်မယူလာတာ … ပေးပေး ကျွန်မကို ကလေးပေး … “
                      အလုပ်သမား ဒေါ်စိန်ဆီမှ စာကို လှမ်းယူရင်း ကလေးကို ပေးလိုက်သည်။ ထို့နောက် နို့ဘူးကို စားပွဲပေါ်တင်ကာ စာအိတ်ပေါ်မှ လက်ရေးကို ကြည့်လိုက်သည်။ သူ အကျွမ်းတ၀င်ရှိလှသော ချစ်သူလက်ရေး … စိတ်လှုပ်ရှားစွာနှင့် စာအိတ်ကို မြန်မြန်ဖွင့် ဖတ်လိုက်သည်။
သို့/
 ကိုပြည့် ...
                    ဝေ သတိရခြင်း များစွာဖြင့် စာရေးလိုက်ပါတယ် … ဝေ ဆေးပညာ ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲအောင်တယ် … ဝေ အရမ်းပျော်နေတယ် … ကိုပြည့်လည်း ပျော်နေမယ်မဟုတ်လား … အခု မန္တလေးဆေးရုံကြီးမှာ ဘွဲ့လွန်တက်ရတော့မှာ … ကိုပြည့်နဲ့ဝေပျော်ခဲ့တဲ့ နေရာလေးတွေကို ပြန်ရောက်အုံးမှာပေါ့ … အလွမ်းပြေသွားလိုက်အုံးမယ် … ကိုပြည့်က အခု ကလေးတစ်ယောက်ကို မွေးစားလိုက်တယ်ဆို … အဲဒါတော့ ဝေ သဘောမကျဘူး … ဝေ မိဘတွေကလည်း သဘောကျမှာမဟုတ်ဘူး… ဝေ့မှာ ကိုယ်ချင်းစာတရားရှိပါတယ် … ဒါပေမယ့်ကိုပြည့်ရယ် … ကိုပြည့်နဲ့ဝေတို့ ရှေ့ဆက်ရမယ့် ခရီးလမ်းမှာ ဒီကလေးက အနှောက်အယှက်ဖြစ်စေနိုင်တယ်ဆိုတာ ကိုပြည့်မစဉ်းစားမိဘူးလား … အစကတည်းက ကိုပြည့်နဲ့ဝေကို ဝေ့မိဘတွေက သဘောမတူပါဘူးဆို အခု ကလေးတစ်ယောက်ကို မွေးစားလိုက်ပြီဆိုတော့ မေမေကို ဘယ်လိုပြောရမယ်မှန်းမသိတော့ဘူး … ဖြစ်နိုင်ရင် အဲဒီကလေးကို နောက်မွေးစားမယ့် လူလက်ထဲကို ပေးလိုက်ပါလား … ဒါပဲနော် …
                                                                          ကိုပြည့်ကို အသက်မကချစ်တဲ့ ဝေ
                     စာဖတ်ပြီးချိန်တွင် သူခေါင်းငိုက်စိုက်ကျသွားရသည်။ သူသိပ်ချစ်ရသော ချစ်သူလေး။ သူဆေးကျောင်းသားဘ၀တွင် ရည်းစားဆိုလို့ ဝေ တစ်ယောက်ကိုသာ ထားခဲ့ဖူးသည်။ ပြည့်စုံဆိုသော နာမည်မှလွဲ၍ ဘာမှမပြည့်စုံသော သူ့ဘ၀နှင့် ရွှေပုံပေါ်က မင်းသမီးလေး ဝေ့ဘ၀ကို တစ်ထပ်တည်းဖြစ်အောင် ဘ၀ဇာတ်ဆရာက ဖန်တီးပေးခဲ့သည်။ အခုတော့ …
ချစ်သူနှင့် အပြစ်မဲ့သားငယ်လေးတို့၏ လွန်ဆွဲပွဲတွင် သူသည် မည်သည့်ဘက်တွင် ရပ်တည်ရမည်နည်း။ အသက်မက ချစ်ပါတယ်ဆိုသည့် ဝေ့ကိုပဲ တစ်သက်တာ လက်တွဲသွားရမည်လား … စွန့်ပစ်ခံသားငယ်လေးကို ဘ၀နှင့်ရင်းပြီး ထွေးပွေ့ရမည်လား … သားငယ်လေး၏စူးစူးဝါးဝါးငိုသံကြောင့် သူ့အတွေးစတို့ ပြတ်တောက်သွားရကာ …
“ဒေါ်စိန် … သားလေး ဘာဖြစ်လို့လဲ … “ဟု ကပြာကရာ လှမ်းမေးလိုက်သည်။
“ဘာမှ မဖြစ်ပါဘူးဆရာ … အလေးတွေ သွားနေလို့ ငိုတာပါ … “ဟု ဒေါ်စိန်က လှမ်းပြောမှ သူမှာ စိတ်အေးသွားရကာ သက်ပြင်းချနိုင်လေသည်။
                      တရေးရေသတိရ၍ တစိမ့်စိမ့် လွမ်းဆွတ်ပြီး တနွေးနွေး ချစ်နေရုံမှလွဲ၍ ဘာမှမတက်နိုင်တော့ပါလား ဝေရယ် …
                       
                                                                                              
အာကာခေတ်ပိုင်
                                                                                   ၃ ခုနှစ် မေလထုတ် ဇီဝက မဂဇင်း

3 comments:

  1. အမ်..ဒါဆိုဘာလဲ အလွမ်းဇာတ်လားဟင်...
    ကိုအာကာက အလွမ်းဇာတ်ကြိုက်ပုံရတယ်...:(

    ReplyDelete
  2. ကောင်းပါဧ။်
    အနစ်နာခံလိုက်လို့ကေင် မ လေးနဲ့အဆင်ပြေသွားမယ့် romance ဆန်ဆန် လေးရေးပေးပါဦးဗျ

    ReplyDelete
  3. ဒါလေးလည်းကြိုက်တာပဲ

    ReplyDelete

ဝေဖန် အကြံပြုခဲ့ပါအုံး