6.1.13

တုတ်တုတ်ကို မလှုပ်ဘူး


                     ကိုစိန်မင်းတို့ အိပ်နေလိုက်တာများ တုတ်တုတ်ကို မလှုပ်ဘူး … တစ်နေ့ကုန် အပြင်ထွက် ကုန်းရုန်းရှာနေရလို့ မောပမ်းပြီး အိပ်မောကျနေတာနေမှာ … အို … ယောက်ျားပဲ သူများသားသမီး ယူထားပြီးရင်တော့ လုပ်ကျွေးရမှာပေါ့ … မသနားနိုင်ပါတော် … ခင်တင့်တို့ကတော့ သနပ်ခါး ခြေဆုံး ခေါင်းဆုံးလိမ်းပြီး ယောက်ျားရှာဖွေလာသမျှ အခန့်သား ထိုင်စားနေရုံပဲ … သူအလုပ်သွားရင် အိမ်ဘေးက ကောင်မတွေနဲ့ အတင်းတုတ်လိုက် … ဗိုက်ဆာလာရင် မသိန်းတို့ဆိုင်က သရေဇာလေး ၀ယ်စားလိုက်နဲ့ ဟုတ်လို့ … ခင်တင့်တို့ကတော့ လင်ရ ကံကောင်းတယ်ဟေ့ … ငယ်ငယ်ရွယ်ရွယ်နဲ့ အငြိမ်းစားဖြစ်နေပြီတဲ့ … ဒါ ဘေးအိမ်က မနာလို တိုရှည်ကောင်မတွေရဲ့စကားပါ … ကျုပ်ကတော့ မျက်နှာတင်းတင်းနဲ့ပဲ ပြန်ပြောလိုက်တယ် … ကိုယ့်ကုသိုလ်ကံနဲ့ကိုယ်လို့ … ဟုတ်ပါ့တော် လူတွေများ သူများ ကောင်းစားတာကို မနာလိုဖြစ်နေလိုက်ကြတာ …
ကြိတ်အားကျနေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့လေ … သူတို့အားကျရင်လည်း အားကျစရာပဲ … သူတို့ယောက်ျားတွေက အလုပ်မရှိ အကိုင်မရှိ ၁၀၉၊၁၁၀ တွေ … လက်ကြောမတင်း အလုပ်ပျင်းနဲ့ တစ်နေကုန် ကြူခုံ၊ အရက်ဆိုင်၊ လက်ဘက်ရည်ဆိုင်တွေမှာပဲ အချိန်ဖြုန်းနေတာ … နေပူမရှောင် မိုးရွာမရှောင် ဈေးဗန်းခေါင်းပေါ်ရွက်ပြီး ရှာဖွေကျွေးနေတဲ့ မိန်းမပြန်အလာကို မျှော် … ပြီးတော့ ရင်ဘက်ကြားထိုးသိပ်လာတဲ့ ပိုက်ဆံအကြွေကို ဇွတ်နှိုက် … ပြီးတော့ ကိုဆွေတို့ အရက်ဆိုင်မှာ စည်းစိမ်လေးတွေ ရစ်ဝဲလို … ဆေးလိပ်ဖက်ကြမ်းလက်ကြားညှပ် … ကွမ်းတမြုံ့မြုံ့နဲ့ ရုပ်ရှင်မသားသလိုလို ဘာလိုလို … ညတိုင်းလည်း အော်ဟစ်ကြိမ်းမောင်းရိုက်နှက်နဲ့ … ဒီလောက်ဆိုးတဲ့ ယောက်ျားတွေကို သူတို့မလို့ သည်းခံပေါင်းနေသေးတယ် … ကျုပ်သာဆို ဆလန်သပြီး ကွာရှင်းပြီးတာ ကြာပေါ့ … အေးလေ … လင်ဆိုးမယား တဖားဖားဆိုတာ ဒါမျိုးနေမှာပေါ့ … နောက်လာအုံးမှာ… ကြည့်နေ… အရက်သမားကြီးက အရက်သမားလေးတွေပဲ မွေးလာမှာပေါ့ … အဲဒီတော့လည်း ဘာဖြစ်လဲ … သားဆိုမအေ တပေပေပေါ့ … ဟုတ်ဘူးလား … ကြည့်ပါအုံး … ကိုစိန်မင်းတို့ အိပ်နေတာများ တုတ်တုတ်ကို မလှုပ်ဘူး …
@@@
ကျုပ်ကို ကံကောင်းတယ်လို့ ပြောတဲ့အထဲမှာ ကိုစိန်းမင်း အရက်မသောက်တာလည်း ပါလိမ့်မယ် … ကိုစိန်းမင်းက အရက်သောက်ဖို့ နေနေသာသာ ကျွဲရိုင်းဘူးတောင် မူးမှာကြောက်လို့ မသောက်ဘူးတဲ့ … ရိုးတယ် ရိုးတယ် … ရိုးချက်ကတော့ ကမ်းကုန်တယ် … တစ်ခါကလဲ သူ့ဘော်ဒါတွေက အရက်ဇွတ်တိုက်သတဲ့ … သူက မသောက်ဘူး ဇွတ်ငြင်းတယ်တဲ့ … အဲဒီတော့ ဟိုကောင်တွေက အကြပ်ကိုင်တော့တာပေါ့ … အရက်သောက်မလား … ပုဆိုးချွတ်ပြီး ဆိုင်ရှေ့မှာ လမ်းလျှောက်ပြမလားပေါ့ … ကိုစိန်မင်းတို့ကလည်း ဘူးဆို ဖရုံမသီးတဲ့ လူစားမျိုးဆိုတော့ ရတယ်လေ ပုဆိုးချွတ်မယ် တကဲကဲလုပ်နေလို့ မနည်းဆွဲထားရတယ်တဲ့ … အဲဒီတုန်းကများ တကယ်ပုဆိုးချွတ် လမ်းလျှောက်ပြရင် ကျုပ်ရှက်လို့သေမှာ … အဲဒါလည်း သူပြန်ပြောလို့ သိရတာ မဟုတ်ဘူး … ဘေးလူတွေက ပြန်ပြောလို့ သိရတာ … ကြည့်ပါအုံး … ကိုစိန်မင်းတို့ အိပ်နေလိုက်တာများ တုတ်တုတ်ကို မလှုပ်ဘူး …
@@@
ကိုစိန်မင်းအလုပ်က ပင်ပမ်းတယ်ဆိုပေမယ့် သမာအာဇီဝကျတဲ့အလုပ်လေ … တစ်နေ့တာ ထွက်သမျှ ဂျာနယ်မျိုးစုံကို လက်ထဲပွေ့ နေပူကျဲကျဲထဲ အော်ဟစ်ရောင်းရုံပဲ … မှာထားတဲ့လူရှိရင်တော့ အိမ်တိုင်ရာရောက် လိုက်ပို့ပေးရင် ရပြီ … တခြားအလုပ်တွေနဲ့စာရင် ဒီအလုပ်က ကိုက်တယ်လို့ ပြောရမယ် … တစ်နေကုန် ခြေတိုအောင်ရောင်း သုံးလေးထောင်လောက်တော့ စည်တယ် … သားသမီးမရှိတဲ့ ကျုပ်တို့ လင်မယားနှစ်ယောက်အတွက် အူစိုစို စားနိုင်တာပေါ့ … ခတ်တာက ကိုစိန်မင်းပေါ့ … ဂျာနယ်ရောင်းတဲ့ အလုပ်ကမဆိုးဘူး … ပိုက်ဆံလည်းရ ဗဟုသုတလည်းရတယ်တဲ့ … ကျန်းမာရေးဂျာနယ်တွေထဲက ဆေးပညာဗဟုသုတတွေဖတ် … ပြီးတော့ ကျုပ်ကို ပြန်ပြောပြတော့တာပဲ … ဟိုဟာစားရင် ဟိုဟာဖြစ်တတ်တယ် … ဒီဟာစားရင် ဒီဟာဖြစ်တတ်တယ်နဲ့ … အိပ်ချင်ဟန်ဆောင်နေလည်း မရဘူး … လက်နဲ့ကုတ်ပြောတာ … မုန်းစရာကောင်းလိုက်တာ ပြောမနေနဲ့ … ကျုပ်လား သူပြောတဲ့စကားကို အရေးတယူလုပ်မှာ … ဝေးသေး … ခင်တင့်တို့က ယောက်ျားသြဇာကို ငြိမ်ခံနေမယ့် မိန်းမစား မဟုတ်ဘူး … သူပြောတဲ့စကားတွေက ဒီဘက်နားက ၀င်ရင် ဟိုဘက်နားက ထွက်ပဲ … ခေါင်းထဲ မှတ်မထားနိုင်ပါဘူး … ခေါင်းရှုပ်လွန်းလို့ … အဲဒီတော့ သူက ဘာပြောတယ်ထင်လဲ … မင်းတို့ မိန်းမတွေ ကျန်းမာရေးကို မလိုက်စားဘူး … အားရင် အတင်းပြောဘို့လောက်ပဲ သိတယ်တဲ့ … ပြောပါစေ ပြောပါစေ … ကျုပ်ကလည်း မဟုတ်လို့လား … အဲဒီတော့ သူပြောတာလေးကို မကောင်းတတ်လို့ နားထောင်နေလိုက်တယ် … သူ့ကွယ်ရာရောက်မှ ကိုယ်လုပ်ချင်တာ လုပ်မှာပေါ့ ဟုတ်ဘူးလား … ကြည့်ပါအုံး … ကိုစိန်မင်းတို့ အိပ်နေလိုက်တာများ တုတ်တုတ်ကို မလှုပ်ဘူး …
@@@
ကိုစိန်မင်းကြီးက ကျုပ်ပူစာတာတော့ရအောင် လုပ်ပေးတတ်တယ် … မလုပ်ပေးလို့ရမလား … ကျုပ်ကိုကြိုက်လှပါကြည်ရဲ့ … ကျုပ်ကိုမှ မရရင် သေရပါတော့မယ် … ကျုပ်ကိုယူပြီးရင် ကျုပ်လိုချင်တာ ဖြစ်ချင်တာ မှန်သမျှရရပါစေမယ်ဆိုလို့ ကျုပ်တို့ ညားခဲ့ကြတာ … အင်း … ကျုပ်ရုပ်ကလည်း ၀တ်မှုံရွှေရည်လောက်မလှပေမယ့် အရပ်ထဲမှာတော့ ကျုပ်ရုပ်ကို မီတဲ့ကောင်မ မရှိဘူး … အပျိုဘ၀တုန်းက သူဌေးသားတွေ၊ ခေတ်ပညာတတ် ဘွဲ့ရတွေကတောင် ရည်းစားစကားလိုက်ပြောတာခံရတယ် … ဘယ်လို ရေစက်ကြောင့်မှန်းမသိဘူး … ကိုစိန်မင်းကြီးနဲ့ကြမှ ဘယ်လိုလုပ် ခေါင်းညိတ်မိမှန်း ကိုယ့်ကိုကိုယ်တောင် မသိလိုက်ပါဘူးတော် … ချစ်တာလဲမဟုတ်ဘူး … သံယောဇဉ်လဲမဟုတ်ဘူး … အဲ သိပြီ သူက ရိုးလွန်း အ လွန်းတော့ ဘယ်အရာမဆို ကျုပ်ပြောတဲ့အတိုင်းဖြစ်မှာပဲ … အဲဒါကြောင့် ကျုပ်လက်ခံခဲ့တာထင်တယ် …
ခုနက ပြောလက်စ ဘယ်ရောက်သွားပြီလဲမသိဘူး … သြော် မှတ်မိပြီ … ကျုပ်ပူစာသမျှ ၀ယ်ပေးတယ်ဆိုတဲ့နေရာရောက်ပြီ … သူများအိမ် အတင်းသွားပြောမှာနဲ့စာရင် အိမ်မှာ ခြေငြိမ်အောင်ဆိုပြီး တီဗွီကော ဗွီစီဒီစက်ကော ၀ယ်ပေးထားတာ … ကျုပ်ကလည်း ဘယ်ရမလဲ … တီဗွီရှေ့ကကို မခွာဘဲ ကိုရီးယားကားတွေ တစ်ထိုင်တည်း ကြည့်ပစ်လိုက်တယ် … တစ်ခါတလေလည်း ကာရာအိုကေလေး ဟဲလိုက်သေးဆိုတော့ ညနေစာ ထမင်းတောင် မချက်လိုက်ရဘူး … သူ အလုပ်က ပြန်လာတော့ မောမောနဲ့ ထမင်းစားမယ်ဆိုပြီး အိုးတွေ လှပ်ကြည့်၊ ဟိုဟာ လှပ်ကြည့်နဲ့ ဘာမှ ချက်ထားတာမတွေ့ရဘူးလေ … ကျုပ်ကိုလား ရိုက်ရဲမှာ … မရိုက်တဲ့အပြင် ဘာပြောတယ်မှတ်လဲ … အေး ထမင်းငတ်ချင်ငတ်ပါစေ … သူများအိမ်အတင်းသွားတုပ်မှာနဲ့စာရင် တီဗွီကြည့်နေတာ ကောင်းတယ်တဲ့ … သူက ကျုပ် အိမ်လည်တာကို လုံးဝကို မကြိုက်တာ … ဘယ်ကြိုက်ပါ့မတုန်း … ကျုပ်ဆိုတဲ့ကောင်မကလဲ သူများမကောင်း ကိုယ့်ကောင်းကြောင်းဆို သိပ်ပြောချင်တာလေ … ရပ်ကွက်ထဲက အကြော်သည် မ၀ိုင်း နှစ်လုံးပေါက်တယ်ဆိုတော့ အကြွေးရှင်တွေ အိမ်ကို ၀ိုင်းထားလိုက်တာ ထန်းလျက်ခဲ ပုရွတ်ဆိတ်အုံနေသလိုမျိုး … နှစ်လုံးပေါက်တဲ့ငွေက အကြွေးမကျေတဲ့အပြင် အကြော်ကြော်ဘို့ အရင်းတောင် အကြွေးဆပ်လိုက်ရတဲ့အကြောင်း … သင်းခိုင်နဲ့ အေးကြိုင်တို့ ညီအမက အခု နိုရာနဲ့ ခေတ္တာလို့ နာမည်ပြောင်းပြီး စားသောက်ဆိုင်မှာ သီချင်းဆိုနေတာ … ရုပ်ကလေးတွေက ပြင်လိုက်ဆင်လိုက်ရင် ထွက်လာတော့ ကွယ်ရာမှ ခြေများချင်တဲ့ သူဌေးတွေက တစ်ညတစ်ညဆို ပန်းကုံးတွေ အပြိုင်စွပ်ကြသတဲ့ … ပန်းကုန်းကြေး၊ ဟိုဟာကြေး၊ ဒီဟာကြေးနဲ့ အိပ်ယာထဲလဲနေတဲ့ သူတို့အမေတောင် ထူထူထောင်ထောင်ဖြစ်နေပါရော့လား … လမ်းထိပ်က ဟော့ရှော့ကောင်မလေးကကော ဘာထူးလဲ … သူ့အဖေဆိုပြီး မက်တူးကားကြီးနဲ့ ညတိုင်းလိုက်လိုက်သွားတာ … သူ့အဖေမဟုတ်ဘူး … သူ့ရဲ့စပွန်စာ ဘဲကြီးတဲ့ … အစကတော့ အဲဒီကောင်မလေးက ရုပ်လေးကလည်းလှ ခေတ်ပညာလေးကလည်း တတ်ဆိုတော့ ကျုပ်ဖြင့် အားကျမိသေး … အခုတော့ ပြောရင်းနဲ့ကို ကြက်သီးထတယ် …  ဒေါ်ကုလားမသား ဟိုကောင် … ဘယ်သူ ပါးစပ်ဖျားတင်မေ့နေတယ် … ငမိုး … ဟုတ်တယ် ငမိုး အဲဒီကောင်လေးကလည်း ဆေးစွဲနေသတဲ့ … ရုပ်ဆိုးပြီး ပိန်တူးတာလန်နေတာ မသိသူကတော့ အေကိုက်နေတယ်လို့ထင်မှာ …. ဟိုတစ်နေ့ကတောင် ဆေးဖိုးမရှိလို့ သူ့အမေ ထမီသွားပေါင်လို့ သားအမိချင်း ရန်ဖြစ်ကြတာ ကျွက်ကျွက်ကို ညံလို့ … အဲဒီလို ကျုပ်တို့ရက်ကွက်က ရှုပ်တာ … ကျန်သေးတယ် သတင်းတွေက အစုံပဲ … ဘယ်ဂျာနယ်၊ မဂ္ဂဇင်းမှ မပါနိုင်တဲ့ သတင်းဦးသတင်းထူး သိချင်ရင် ဘယ်သူ့ဆီမှ သွားမေးမနေနဲ့ ကျုပ်ဆီကို လာခဲ့ … ပါးစပ်အမြုတ်ထွက်အောင်ကို ပြောပြလိုက်အုံးမယ် … ကိုစိန်မင်းကလည်း အဲဒီလို အတင်းပြောတာကို မကြိုက်တာ … သူဘယ်လိုပြောပြော ၀ါသနာဆိုတာကလည်း တားလို့ရနိုင်ရိုးလား …. ကြည့်ပါအုံး … ကိုစိန်မင်းတို့ အိပ်နေလိုက်တာများ တုတ်တုတ်ကို မလှုပ်ဘူး …
@@@
ကျုပ်ကလည်း အဆီအဆိမ့်တွေဆိုသိပ်ကြိုက်တာ … အဲဒီလို ကြိုက်လွန်းလို့လည်း ထမင်းဝိုင်းမှာဆို ကိုစိန်မင်းနဲ့ စကားများကြတာ … သူကြိုက်တာတွေက … ဟင်းရွက်ကြော်၊ အတို့အမြုပ်တွေ၊ ဟင်းရည်သောက်တွေ၊ ကျုပ်ကတော့ ဗိုက်ထဲအမှိုက်ရှုပ်အောင် ဟင်းသီးဟင်းရွက်တွေ မစားပါဘူး … ဟော ၀က်သားဆီပြန်လေးတွေ … ငါးမြင်းဆီပြန်လေးတွေ … ကျုပ်က ဟင်းဆို ဆီပြန်နေမှ ကြိုက်တာ … တစ်ခါတလေများ ဆိုင်သွားပြီး ဘာဂါတွေ၊ ကိုရီးယားအစားအစာတွေ သွားစားပစ်လိုက်တာ … ကိုစိန်မင်းကတော့ ပြောတာပေါ့ … အဆီအဆိမ့်တွေ သိပ်မစားနဲ့ … နှလုံးသွေးကြောကျဉ်းပြီး သွေးတိုးရောဂါတွေဖြစ်တတ်တယ် … သွေးတိုးရောဂါရှိပြီဆိုရင် နှလုံးရောဂါ၊ ဆီချိုသွေးချိုရောဂါ၊ ဦးနှောက်သွေးကြောပြတ်တာတွေနဲ့ လေဖြတ်တတ်တဲ့အဆင့်ထိ ရောက်တတ်လို့ပြောတတ်တယ် … ဘာမှမဟုတ်ဘူး သူဖတ်ထားတဲ့ ကျန်းမာရေးဂျာနယ်ထဲက အကြောင်းတွေ လာပြောနေတာ စိတ်ကုန်လွန်းလို့ … သူက အဲဒီလိုပြောလေ ကျုပ်က ရွဲ့စားလေပဲ … ကြည့်ပါအုံး … ကိုစိန်မင်းတို့များ အိပ်နေလိုက်တာ တုတ်တုတ်ကို မလှုပ်ဘူး …
@@@
အခုတလော စကိုင်းနက်တွေ ခေတ်စားလာတာနဲ့ ကိုစိန်မင်းကို ပူစာမိတယ် … ဟော မကြာဘူး ညနေအလုပ်ကပြန်လာတော့ ၀ယ်လာပါရောလား … ကျုပ်ဖြင့် ပျော်လွန်းလို့ မျက်နှာတောင် အိနြေ္ဒမဆည်နိုင်အောင်ပဲ … ကိုရီးယားဇာတ်လမ်းတွဲလိုင်းကို တနေကုန် နေရာက မထတမ်းကြည့်ပစ်လိုက်တယ် … အာလူကြော်လေးစားလိုက်၊ ဇာတ်ကားလေးကြည့်လိုက်နဲ့ ဟန်ကို ကျလို့ အဲဒါမှလည်း ဘေးအိမ်ကကောင်မတွေကို ကိုရီးယားမင်းသား မင်းသမီးတွေ အကြောင်း ပြောပြလို့ရမှာ … ကန်ဂျီဟွမ်၊ ဂျန်ဂန်ဆုက် တို့အကြောင်းတွေကို ကြွားလို့ရမှာ ဟုတ်ဘူးလား … ကိုစိန်မင်းကလည်း သိတယ် … အဲဒီနေ့တွေမှာ မနက်ကတည်း တစ်နေကုန်စာ ထမင်းချက်ခဲ့တာ … ကျုပ်ယောက်ျားက အဲဒီလို အလိုက်သိတာ … ကြည့်ပါအုံး … ကိုစိန်မင်းတို့များ အိပ်နေလိုက်တာ တုတ်တုတ်ကို မလှုပ်ဘူး …
@@@
တစ်နေ့ကပေါ့ … ကိုစိန်မင်းကြီး ကြားသားမိုးကြိုး အရက်တွေ သောက်လာတယ်တော်ရေ့ … မသောက်တတ် သောက်တတ်နဲ့ သောက်လာလိုက်တာ အိမ်ပေါ်ကို လေးဘက်ထောက်ပြီးတက်လာတယ် … အံလိုက်တာလည်း ခွေးခုတင်ပေါ်မှာ အပုံလိုက် … ပါးစပ်မှာလည်း အံဘက်တွေက ပဲစုတ်လို့ … ရွံစရာကောင်လိုက်တာ … ချဉ်စုပ်စုပ်အနံ့ဆိုးကြီးပါရလိုက်တော့ ကျုပ်ဖြင့် ပျို့တက်လာလိုက်တာ ပြောမနေနဲ့ … မသာကြီး ခွေးမသောက်တဲ့အရည်တွေ သောက်လာပြီ … နေပါစေ မှတ်လောက် သားလောက်အောင် သင်းကို ဒီအတိုင်းထားလိုက်အုံးမယ်ဆိုပြီး ပစ်ထားလိုက်တယ် … ဘာမှတ်တုန်း ခင်တင့်အကြောင်း ကောင်းကောင်းသိစေရမယ်ဆိုပြီး အိပ်ယာထဲခွေအိပ်နေလိုက်တယ် … အမယ် မူးသာ မူးတာ အိပ်ယာထဲတော့ တန်းနေအောင် ၀င်လာတတ်တယ် … သူဝင်လာတာလည်း သိရော ကျုပ်က တစ်ဘက်လှည့်အိပ်နေလိုက်တယ် … အမယ် ကိုယ်တော်ချောကာ မအိပ်ခင် ဘာပြောသွားသေးတယ်ထင်လဲ … မင်းလိုကောင်မကို မပေါင်းချင်တော့ဘူး ငါစိတ်ကုန်လာပြီတဲ့ … သေနာကြီး အမူးပြေမှ တွေ့အုံးမယ်ဆိုပြီး တေးထားလိုက်တယ် ….  မနက်ရောက်တော့ သူက မသိချင်ဟန်ဆောင်နေတော့ ကျုပ်မမေးတော့ပါဘူး … အဲဒီလိုနဲ့ ကျုပ်လည်း အိပ်ကောင်းစားကောင်းနဲ့ပေါ့ … ကိုစိန်မင်းကတော့ ညည အိပ်မပျော်တာကိုလည်း သတိထားမိတယ် … သက်ပြင်းချသံ ခဏခဏကိုလည်း ကြားရတယ် … ဘာတွေစဉ်းစားနေလဲတော့ မသိပါဘူး … ကျုပ်ကိုလည်း ခပ်စိမ်းစိမ်းဖြစ်နေတယ်လို့ သတိထားမိတယ် … နေပါစေပေါ့ … ယောက်ျားကြီးဖြစ်ပြီး စိတ်ကောက်နေလိုက်တာ … သင်းက ကောက်တော့ ဒီကောင်မကလည်း ဘာမလို့တုန်း …. ကွေးနေအောင် ပြန်ကောက်ပြလိုက်တယ် … မှတ်ကရော … အဲ … မကြာပါဘူးတော် … ကိုစိန်မင်းနဲ့ စံပါယ်ပန်းရောင်းတဲ့ကောင်မလေး တပူးပူး တတွဲတွဲလုပ်နေသတဲ့ … ဘေးအိမ်က အေးစိန်တို့ပြောတာ … ဒီကောင်မကလည်း ခေသူမဟုတ်ဘူး … အရပ်တကာ ရောက်တော့ သူ့သတင်းကလည်း မမှားနိုင်ဘူး … ကိုစိန်မင်း ညနေတော်ပြန်လာရင် ကျုပ်အကြောင်း သိစေရမယ်လို့ စိတ်ထဲမှ ကြိမ်းထားလိုက်တယ် … မောင်မင်းကြီးသားက ညနေပြန်လာတော့ အရက်လေး တမျှမျှနဲ့ … ကျုပ်စိတ်တွေ မတိုဘဲ ခံနိုင်ရိုးလား … လှေခါးက တက်လည်းလာရော … ပုဆိုးခါးပုံစာဆွဲပြီး ဗိုက်ခေါက်လိမ်ဆွဲပစ်လိုက်တယ် … ကျုပ်ကို တစ်ခါမှ လက်ဖျားနဲ့တောင် မရွယ်ခဲ့ဘူးတဲ့သူက တွန်းလွှတ်လိုက်တာ ကျုပ်ဖြင့် ဖင်ထိုင်လျက်ကြီး လဲသွားတာ တော်တော်အီသွားတာပဲ …. အဆိုးဆုံးက ကျုပ်ကို သူ ပြန်မထူတဲ့အပြင် ချော့တောင် မချော့တော့ဘူး … ကြည့်ပါအုံး … ကိုစိန်မင်းတို့ အိပ်နေတာများ တုတ်တုတ်ကို မလှုပ်ဘူး …
@@@
ကိုစိန်မင်း စိတ်တွေ ပြောင်းကုန်ပြီဆိုတာ သိလိုက်ရတဲ့ အချိန်မှာ အေးစိန်ကို ရင်ဖွင့်မိတယ် … ဒီကောင်မက ဘာပြောတယ်မှတ်လဲ … ကျုပ်က ၀နေလို့ ၀ိတ်လျှော့ရမယ်တဲ့ … အဲ … ဒီနေရာမှာ ကျုပ်နည်းနည်း ပြောဘို့ လိုသေးတယ် … ငယ်ငယ်တုန်းက ပိန်ပိန်လေးနဲ့ ချစ်စရာကောင်းသလောက် အခု ကျုပ် ခန္ဒာကိုယ်က မင်းသမီး ပွင့်နဲ့ နင်လား ငါလားနဲ့ … ၀ လာလိုက်တာ နေ့ချင်းညချင်းပဲ … အကျီတွေများဆို မတန်တော့လို့ တစ်လ တစ်ခါချုပ်ရတယ် … လုံချည်ဆို နှစ်ထည်စပ်ချုပ်မှ ၀တ်လို့ရတယ် … အခု အေးစိန်က ၀ိတ်လျှော့ရမယ်ဆိုတော့ ကျုပ်လန့်ဖြန့်မိတာ အမှန်ပဲ … အစားလျှော့စားရမယ်တဲ့ … အို … အ၀လွန်ပြီး သေချင် သေပါစေတော် … အစားသောက်ကတော့ မလျှော့နိုင်ပါဘူး … လေ့ကျင့်ခန်းလုပ်ရမယ်တဲ့… ဒါတော့ လွန်သွားပြီ … လှုပ်လှုပ်ရှားရှားလုပ်ရမယ်ဆိုရင် လေတောင်မချွန်တဲ့ ကျုပ်က လုပ်ဘို့ ဝေးသေး … လမ်းလျှောက်တဲ့ … ပိုဆိုးသေးတယ် … လက်ခုပ်တီးလိုက်ရင် ဆိုက်ကားက ကျုပ်တို့အိမ်ရှေ့တံခါးပေါက် ရောက်ပြီးသားဆိုတော့ ကျုပ်က ဘာလို့ လမ်းလျှောက်ရမှာလဲ … ခတ်တော့ ခတ်နေပြီ … ညည်း အဲလို ၀ နေရင် ညည်းယောက်ျား ညည်းကို ပစ်သွားလိမ့်မယ်တဲ့ … ဟားတိုက်ပြီးတောင် ရယ်လိုက်ချင်သေးတယ် … ကျုပ်ကိုလား သူပစ်သွားရဲမှာ … ဘာမှမဟုတ်ဘူး အေးစိန်မက ကျုပ်ကောင်းစားနေတာ မနာလို့လို့ ပြောနေတာ … ကြည့်ပါလား … ကိုစိန်မင်းတို့ အိပ်နေလိုက်တာ တုတ်တုတ်ကို မလှုပ်ဘူး …
@@@
ငါတို့မပြောဘူးလား … ယောက်ျားလုပ်စာ သွားဖြဲနားဖြဲစား၊ ဘာအလုပ်မှ မလုပ်ဘဲ တစ်နေကုန်အိပ်၊ အိပ်ယာကထတော့ တီဗွီကြည့်ရင်ကြည့်၊ မကြည့်ရင် အိမ်တကာ လှည့်ပြီး အတင်းတုတ်နေတဲ့ ကောင်မ ယောက်ျားက ပစ်သွားတာတောင် နည်းတောင် နည်းသေးတယ်တဲ့ …
မနာလိုလို့ ပြောတဲ့စကားတွေပါ … နောက်ပြောသေးတယ် ဘာတဲ့ … ခင်တင့်လေး သနားပါတယ်ဟယ် … ကိုစိန်မင်းကြီးက စံပါယ်ပန်းသည်မလေးကို ခိုးပြေးသွားတဲ့နောက်ပိုင်း စိတ်ဖောက်ပြန်သွားရှာတယ် … အေးပေါ့လေ စည်ပိုင်းပျက်မကြီးလို ၀နေတဲ့ကောင်မကို ကိုစိန်မင်း စိတ်ကုန်မယ်ဆိုရင်လည်း ကုန်သင့်ပါတယ်လေတဲ့ … ကျုပ်မမြင်ကွယ်ရာမှာ ပြောနေကြတဲ့သတင်းတွေလေ … သူတို့စကားတွေ နားထောင်နေလို့ကတော့ ရူးသွားမယ် … ကိုစိန်မင်းလား ကျုပ်ကို ပစ်သွားရဲမှာ … အခုကျုပ်ဘေးမှာ တုတ်တုတ်မှ မလှုပ် အိပ်မောကျနေတာ ကျုပ်ယောက်ျား ကိုစိန်မင်းမဟုတ်လို့ ဘယ်သူမို့လို့တုန်း … အံ့ပါ့ … ကိုစိန်မင်း စောင်ခြုံထဲဝင်ပြီး ကိုစိန်မင်းဗိုက်လေးကို ပွတ်သပ်ကြည့်မိတယ် … ကိုစိန်မင်း ဗိုက်က အရင်လို ပျော့ပျော့လေး မနေဘဲ မာနေတာကလွဲပြီး အရင်အတိုင်းပါပဲ … အဲဒါကို ဘေးကောင်မတွေက ပြောသေးတယ် … ခင်တင့်တို့ သွက်သွက်ခါ ရူးသွားပုံကတော့ ပြော မပြောချင်ပါဘူး … သူ့ယောက်ျား ကိုစိန်မင်း အမှတ်နဲ့ သစ်တုံးကြီးကို သူ့ဘေးထားပြီး ဖတ်အိပ်နေတာ … တစ်ယောက်တည်း စကားတတွတ်တွတ်ပြောနဲ့ မယုံရင်သွားကြည့်လိုက်ပါလားတဲ့ …  ကြည့်ပါအုံး … ကိုစိန်မင်းတို့ အိပ်နေလိုက်တာများ တုတ်တုတ်ကို မလှုပ်ဘူး ….
                                                                                           အာကာခေတ်ပိုင်
                                                                                           ၂၀၁၃၊ဇူလိုင်လ၊
               အွန်လိုင်းလင်းရောင်ခြည် စာပေဝိုင်း၊ စကားစမြည်စိုက်ခင်း ကဗျာ-စကားပြေအရေးအသားများ

3 comments:

  1. တကယ် သဘောကျမိတဲ့ ၀တ္ထုတိုလေး တစ်ပုဒ်ပါ...
    ရေးတတ်လိုက်တာ လွန်ရော...

    ReplyDelete
  2. … ကိုစိန်မင်းတို့ အိပ်နေလိုက်တာများ တုတ်တုတ်ကို မလှုပ်ဘူး ….:D

    ReplyDelete
  3. presentation သ ဘော ကျ တယ်

    ReplyDelete

ဝေဖန် အကြံပြုခဲ့ပါအုံး