9.2.13

လောင်မြိုက်ခြင်း၏နောက်ကွယ်

                      မြို့သစ်ဘက် ချောင်ကျကျ နေရာတစ်ခုရှိ ခြံဝင်းရှေ့တွင် ဆိုင်ကယ်ကို တုံ့ခနဲ့ရပ်လိုက်သည်။  ခြံဝင်းထဲတွင် တစ်ထပ်တိုက်တစ်လုံးကို တွေ့ရသည်။ တိုက်မှာ အဖြူဟုဆိုနိုင်သော်လည်း နံရံပေါ်တွင် ရောင်စုံမှုတ်ဆေးဖြင့် အင်္ဂလိပ်စာလုံးများရေးထားသလို မည်သည့်အဓိပာယ်မှန်းမသိနိုင်သော ကြောင်ကြောင်းကြားကြား အစင်းကြောင်းများ ရေးခြစ်ထားသည်ကိုလည်း တွေ့ရသည်။ တိုက်ဖြူလေးကို ဘေးရှိ ပိတောက်ပင်ကြီးက အရိပ်အာဝါသရအောင် အုပ်မိုးပေးထားပြီး ခပ်မြင့်မြင့် အုတ်တံတိုင်းကြီးနှင့် ကာရံထားသည်။
                     မှုံကြီးနှင့်ဒင်ဟိုက ဆိုင်ကယ်ပေါ်မှဆင်းပြီး ခြံထဲသို့ လှမ်းကြည့်နေသည်။ ခြံထဲတွင် မည်သည့်အရိပ်အယောက်မှ မတွေ့ရ။ ကုန်းလိုက် ကွလိုက်နှင့် ခြံဝင်းထဲကိုသာ သဲကြီးမဲကြီး ကြည့်နေသည့် ထိုနှစ်ကောင်ကို သူစိတ်မရှည်တော့။ ခဏနေမှ သူ့ ဘက်သို့လှည့်လိုက်ပြီး မျက်စာပစ်ပြလေသည်။
                     သူက “ဘာလဲ“ဟု မေးငေါ့ပြလိုက်ရာ မှုံကြီးနှင့်ဒင်ဟိုက အထဲသွားရအောင် ဆိုသည့် သဘောနှင့် လက်ညှိုးထိုးပြလေသည်။ ထို့နောက် ဒင်ဟိုက တံခါးပေါက်မှ လူခေါ်ခေါင်းလောင်းကို နှိုပ်လိုက်သည်။ အထဲမှ လူငယ်တစ်ယောက်ထွက်လာပြီး မှုံကြီးတို့နှစ်ယောက်နှင့် စကားတိုးတိုးပြောနေလေသည်။ ထိုလူရွယ်မှ သဘောပေါက်သွားဟန်နှင့် ခေါင်းညိတ်ပြသောအခါ သူတို့သုံးယောက်လုံးအထဲသို့ ၀င်လာခဲ့ကြလေသည်။

                     တိုင်ဖြူလေး၏ရှေ့မျက်နှာစာတွင် ဆိုင်ကယ် ငါးစီးခန့် ရပ်ထားသည်ကိုတွေ့ရသည်။ ထိုလူရွယ် ဦးဆောင်ခေါ်ဆောင်ရာသို့ သူတို့သုံးယောက်လိုက်သွားလေ၏။ ထိုလူရွယ်က တံခါးကို ခေါက်လိုက်ချိန်တွင် အထဲမှလူတစ်ယောက်ထွက်လာပြီး စကားတိုးတိုးပြောနေပြန်သည်။ အထဲမှထွက်လာသောလူက သူတို့သုံးယောက်အား အကဲကြည့်နေပြီး ခဏအကြာတွင် ခေါင်းညိတ်ပြလေသည်။ ထို့နောက် အထဲသို့ သူတို့အားလုံးဝင်လာခဲ့ကြသည်။ သူ့မှာတော့ ယောင်နနနှင့်သာ …                       
                     အထဲသို့ဝင်လိုက်တယ်ဆိုရင်ပဲ အညှော်နံ့လိုလို အနံ့တစ်ခုက နှာခေါင်းဝဆီသို့ ဦးတည်ဝင်ရောက်လာသည်။ အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေသဖြင့် စိတ်ထဲတွင် စိုးထင့်သွားရသည်။ အခန်းပြူတင်းပေါက်များကို အလုံပိတ်ထားသဖြင့် အထဲတွင် လှောင်ပိတ်ပူအိုက်နေသည်။ မီးရောင်ခပ်ဖျော့ဖျော့လေးအား ထွန်းထားသောကြောင့် အထဲမှာဘာရှိသည်ဆိုတာ သဲသဲကွဲကွဲမမြင်ရ။ သို့သော် နံရံပေါ်တွင် နိုင်ငံခြားမင်းသာများ၏တက်တူးပုံများ၊ ယောက်ျားနှင့်မိန်းမ မဖွယ်မရာပုံများ၊ ကိုယ်လုံးတီးပုံများကို မှုန်ဝါးဝါးမြင်တွေ့ရသည်။ စမ်းတ၀ါးဝါးနှင့် လျှောက်သွားပြီး ထိုလူရွယ်က အခန်းတစ်ခုသို့ ဦးဆောင်ခေါ်သွားလေသည်။ သူတို့သုံးယောက်သည် အခန်းထဲရှိ ခုံများပေါ်တွင်ထိုင်လိုက်သည်။
                     မှုံကြီးနှင့် တံခါးလာဖွင့်ပေးသော လူရွယ်မှာ စကားတိုးတိုးဖြင့်ပြောနေပြန်သည်။ ထို့နောက် မှုံကြီးက ထိုလူရွယ်အား လက်လေးချောင်းထောင်ပြလိုက်သောအခါ ထိုလူရွယ်က ခေါင်းညိတ်ပြပြီး လက်ဖြန့်တောင်းနေသည်ကို တွေ့ရလေသည်။ မှုံကြီးက သူ့ဆီသို့ လျှောက်လာကာ လက်ညှိုးနှင့်လက်မ၀ိုင်းပြသည်။ သူလည်း ကြောင်အအနှင့် ပိုက်ဆံအိတ်ထုတ်ပေးလိုက်သည်။ ပိုက်ဆံရပြီးသောအခါ ထိုလူရွယ်က အခန်းတွင်းမှ ထွက်သွားလေသည်။ သူလည်း မှုံကြီးတို့ လုပ်ပုံကိုင်ပုံများကို ဘယ်လိုမှ နားမလည်နိုင်တော့ပါ။ ထို့ကြောင့် လေသံတိုးတိုးနှင့် ..
                     “ဘာလုပ်မှာလဲ၊ မင်းတို့ပြောတော့ နတ်ပြည်သွားမှာဆို၊ ဒီမှာ အသက်ရှူကြပ်လွန်းလို့ သေတော့မယ်“
                      မှုံကြီးက ခပ်ဟဟရယ်ရင်း သူ့နားသို့ တိုးကပ်လာသည်။
                     “အသာနေစမ်းပါမင်းခန့် မကြာခင် နတ်ပြည်ကို ရောက်တော့မှာပါ“
                     နတ်ပြည် ဟုတ်ပါသည်။ သူ လူ့လောက ကမ္ဘာကြီးနှင့် ဝေးရာကို ရှောင်ပြေးသွားချင်နေမိသည်။ လွတ်မြောက်အောင် ရုန်းထွက်သွားချင်နေသည်။ လူ့လောကကြီးမှာ လူဖြစ်လာရခြင်းသည် သူ့အတွက် ဘာမျှအဓိပာယ်မရှိ။ ထိုသို့ အဓိပာယ်မရှိအောင်ဘဲ လူ့လောကကြီးက လုပ်ပေးခဲ့သည်။ အဓိကက သူ့အမေ ဒေါ်တင်တင်မေ။ သူ့ကို လူတစ်ယောက်ဟု သတ်မှတ်ပါရဲ့လား။ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိ အစွန့်ပစ်ခံဘ၀သည် ပျော်ရွှင်စရာကောင်းပါရဲ့လား။
                    ''ဘယ်မိဘမဆို ကိုယ်မွေးထားတဲ့သားသမီးကို ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ချစ်ကြတာပဲကွ၊ နောက်ပြီး အမေဆိုတာက ကြက်မကြီးလိုပဲ၊ သူ့သားသမီး ကြက်ပေါက်လေးတွေကို ဘေးဒုက္ခတွေမရောက်အောင် သူ့ရဲ့အတောင်တွေနဲ့ကာထားပေးတယ်၊ အတောင်မစုံခင် အရွယ်မရောင်ခင်အထိ သူ့ရဲ့ရင်ခွင်နွေးနွေးလေးထဲမှာပဲ အမြဲထားချင်ကြတာ“
                     သူငယ်ချင်း မင်းစိုးပြောခဲ့သည့် စကားများကို ကြားယောင်ရင်း သူမဲ့ပြုံးလေးပြုံးမိသည်။ ဘယ်မိဘမဆို ကိုယ်မွေးထားတဲ့သားသမီးကို ဆိုးဆိုး ကောင်းကောင်း ချစ်ကြသတဲ့လား။ ဟားတိုက်ပြီးသာ ရယ်လိုက်ချင်သည်။ တစ်ခြားသူများအတွက် မှန်ချင်မှန်ပေလိမ့်မသည်။ မိဘမေတ္တာငတ်မွတ်ခဲ့သည့်သူအတွက် မှန်နိုင်လိမ့်မည်မဟုတ်ပါ။
သူမည်မျှကြာအောင် စဉ်းစားနေသည်မသိ။ ခုနက လူရွယ်ရောက်လာမှ အတွေးစတို့ ပြတ်တောက်သွားရသည်။
                    မှုံကြီးက ထိုလူရွယ်ကမ်းပေးသော ဘူးလေးအား လှမ်းယူလိုက်သည်။ အဖုံးဖွင့်ကာ မျက်လုံးလေးမှေးစင်းပြီး စိမ်ပြေနပြေ နမ်းရှိုက်နေသည်။ ထို့နောက် ဒင်ဟိုအားကြည့်ကာ လက်မထောင်ပြလေသည်။ မှုံကြီးနှင့်ဒင်ဟို သဘောတကျနှင့် တခွီးခွီးရယ်နေသည်ကို သူ တအံ့တသြ ငေးမောကြည့်နေမိသည်။
                    ဒင်ဟိုက အသင့်ပါလာသော ဆေးလိပ်ဘူးခွံထဲမှ ငွေရောင်စက္ကူကို ဆွဲထုတ်နေသည်။ ခေါထွက်နေသော သွားများကို တပြွတ်ပြွတ်စုတ်ရင်း အောက်ခံစက္ကူပေါ်မှ ငွေရောင်စက္ကူကို စိတ်ရှည်လက်ရှည်ဆွဲခွာနေသည်။ ငွေရောင်စက္ကူခွာပြီးချိန်တွင် ဇွန်းပုံစံခွက်ကလေး လုပ်နေပြန်သည်။
                     “ဒင်ဟို မင်းဇွန်းလုပ်နေတာလဲ ကြာလိုက်တာ၊ ငါမနေနိုင်တော့ဘူး၊ မြန်မြန်လုပ်ကွ“
                      မှုံကြီးက လေသံတိုးတိုးနှင့် ပြောလေရာ ဒင်ဟိုက မျက်မှောင်ကြုတ်ပြရင်း …
                     “ခွီးထဲမှပဲ၊ ပြီးပါပြီကွ၊ မင်းဆီမှာ ပိုက်ဆံတစ်ရာတန်အသစ်ပါလား“
                     မှုံကြီးက သူ့အိတ်ကပ်သူပြန်စမ်းကာ-
                     “မပါဘူးကွ၊ ငွေဆို ငါးပြားစေ့တောင်မပါတာ မင်းသိရက်သားနဲ့၊ နေအုံး ဟိတ်ကောင် မင်းခန့် မင်းမှာ ရာတန်အသစ်တစ်ရွက်လောက်ပါလား“
                      သူ့ကိုကြည့်ပြီး မေးငေါ့ကာပြောတော့ သူက ပိုက်ဆံအိတ်ထဲမှာ တစ်ရာတန်ကို ရှာဖွေလိုက်သည်။
                     “အင်း ပါတယ်။ ဘာလုပ်မလို့လဲ“
                      “ပေးမှာသာပေးစမ်းပါ ဆရာဝန်လောင်းလေးရယ်“
                     သူပိုက်ဆံတစ်ရာတန်ကို ထုတ်ပေးလိုက်ရသော်လည်း မှုံကြီးက ဆရာဝန်လောင်းလေးရယ်လို့ ခေါ်လိုက်ခြင်းကြောင့် စိတ်ထဲတွင် ကသိကအောင့်ဖြစ်သွားရသည်။ ဆရာဝန်။ သူငယ်ငယ်ကတည်းက ဆရာဝန်မဖြစ်ချင်ခဲ့ပါ။ ဆရာဝန်လုပ်ဖို့လည်း တစ်ခါမှ စိတ်မကူးခဲ့ပေ။ ကွန်ပျူတာပညာရှင်ကြီးသာ ဖြစ်ချင်ခဲ့သည်။ အိပ်မက်များနှင့် ပျော်ရွှင်ခဲ့ဖူးသည်။ စက်ပစ္စည်းများကို လက်ညှိုးထိုးပြီး ကမ္ဘာကြီးကို လှည့်ကစားချင်သည်။ သို့သော် သူ့အိပ်မက်များ အကောင်အထည်ပေါ်မလာခဲ့ပါ။
                      ''ဒီမှာသား မေမေတို့မှာ တစ်သက်စားမကုန်နိုင်အောင် ပစ္စည်းဥစ္စာပြည့်စုံနေပြီ၊ အဲဒီတော့ သားဘာမှစဉ်းစားစရာမနေနဲ့၊ ဆရာဝန်အလုပ်မလုပ်ချင်နေပါ၊ သား ဆေးကျောင်းတက်ကို တက်ရမယ်''
                       ဘယ်လိုမှ တွန်းလှန်၍မရသော မိခင်၏တစ်သွေးတစ်သံတစ်မိန့်ကြောင့် သူ ဆေးကျောင်းသို့ တက်ခဲ့ရသည်။ မိခင်ကို မလွန်ဆန်နိုင်၍ ဆေးကျောင်းတက်ခဲ့ရသော်လည်း ဆေးကျောင်းစတတ်သည့်နေ့မှစ၍ သူမှာ ပျော်ရွှင်မှုဆိုတာ မိုးနှင့်မြေလို ဝေးကွာခဲ့ရသည်။ ခပ်ကြောင်ကြောင်နိုင်လှသော သူ့ကို ဘယ်သူမှလည်း အပေါင်းအသင်းမလုပ်ချင်ကြပါ။
                       ''ဟိတ်ကောင် … ငိုင်လှချည်လား ချာဝန်လေးရ၊ ဘာလဲ မင်းကောင်မလေး သူများနောက်ပါသွားလို့လား''
                      မှုံကြီးက သူထုတ်ပေးသော ရာတန်ရွက်လေးကို သေးသေးလေးဖြစ်အောင် လိပ်နေရင်း လှမ်းမေသည်။ သူ စုတ်တစ်ချက်သပ်ရင်း ခေါင်းယမ်းပြလိုက်သည်။ မေသက်ခင်။ သစ္စာမရှိသည့်မိန်းမ။ အချစ်ကို တစ်ခါသုံးပစ္စည်းလို သဘောသည့် အသည်းစားဘီလူးမ။ သူနှင့် မေသက်ခင်သည် ပထမနှစ်ကတည်းက စိတ်တူကိုယ်တူနှင့် အချစ်ခရီးလမ်းကို လျှောက်လမ်းခဲ့ကြသည်။ သို့သော် အလုပ်သင်ဆရာဝန်ဘ၀တွင် အချစ်ခရီးလမ်းဆုံးဖို့ အကြောင်းဖန်လာခဲ့သည်။ အဓိပာယ်မရှိသည့် အကြောင်းပြချက်များနှင့် သူ့ကို ခါထုတ်ခဲ့သည်။ သူ လုံးဝကြည့်မရသည့် အတန်းတူ အောင်ဇင်နှင့် တွဲသွားတွဲလာလုပ်နေသည်။ သူ ဘယ်လိုမှသည်းမခံနိုင်သည့်အဆုံး မေသက်ခင်ကို မေ့ဖို့ ကြိုးစားခဲ့သည်။
                      ''ဟိတ်ကောင် မှုံကြီး၊ လိပ်တာပဲ အဲလောက်ကြာနေရလား၊ ခွီးထဲမှပဲ''
                       ဒင်ဟိုက မှုံကြီးဆီမှ ရာတန်လိပ်လေးကို လှမ်းယူလိုက်ပြီး ခုနလုပ်ထားသော ဇွန်းပုံစံငွေစက္ကူလေးပေါ်တွင် လူရွယ်လာပေးသွားသော ဘူးထဲမှ အဖြူအမှုန့်အနည်းငယ်ကို ထည့်လိုက်သည်။ မှုံကြီးက သူ့အိတ်ကပ်ထဲမှ မီးခြစ်ကိုထုတ်ပြီး မီးညွှန့်သေးသေးလေးဖြစ်အောင် လုပ်လိုက်သည်။ ဒင်ဟိုက ရာတန်တန်အလိပ်လေးအား နှာခေါင်းတွင် တေ့ထားသည်ကို တွေ့ရသဖြင့် သူ အသာငေးကြည့်နေမိသည်။ မှုံကြီးက ငွေဇွန်းလေးအောက်တွင် မီးခြစ်ကို ခြစ်လိုက်ချိန်တွင် အငွေ့များထွက်လာသည်။ ထိုအငွေ့များကို ဒင်ဟိုက အငမ်းမရ အားနှင့် ရှူသွင်းလေသည်။ မျှင်းရှူနေရင်းကြားမှ လက်ကာပြရာ မှုံကြီးက မီးခြစ်မခြစ်ဘဲ နေလိုက်သည်။ နောက်တစ်ခါမီးထပ်ခြစ်လိုက်သောအခါ ဒင်ဟိုက အားဖြင့်ရှူပြန်သည်။ ငွေဇွန်းထဲတွင် အဖြူအမှုန့်များ ကုန်သွားချိန်တွင် ဒင်ဟို၏မျက်လုံးများမှာ မှေးစင်းသွားကာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ မှုံကြီးက ဒင်ဟိုဆီမှ ငွေဇွန်းလေးအား ဆွဲယူလိုက်ပြီး-
                     “တော်တော်ငတ်တဲ့ကောင် အငမ်းမရရှူနေတာ မင်းခန့်ကိုတောင်သင်မပေးတော့ဘူး“
                    “အဲဒါဘာလုပ်တာလဲမှုံကြီး“
                  သူ နားမလည်သည့်အဆုံး အရဲစွန့်ကာ မေးလိုက်သည်။ မှုံကြီးက ဟက်ခနဲ တစ်ချက်ရယ်ရင်း …
                     “နတ်ပြည်ကိုသွားဖို့လမ်းကြောင်းလေကွာ၊ မင်းရှူကြည့်လိုက်၊ ခိုက်သွားမယ်“
                      “အမ် အဲဒါမျိုးတွေ ငါမလုပ်ချင်ဘူး“
                      သူအကြောက်အကန် ငြင်းမိသည်။ မှုံကြီးနှင့်ဒင်ဟိုသည် သူလို အလုပ်သင်ဆရာဝန်များ မဟုတ်ကြ။ ရပ်ကွက်ထဲတွင် အားလုံးက ၀ိုင်းပယ်ခံထားရသည့် ဂျလေဘီလူဆိုး စာရင်းဝင်ကြသူများဖြစ်သည်။ သူငယ်ချင်းများက သူ့ကို ထိုနှစ်ယောက်နှင့် ပေါင်းသင်းသည်ကို လုံးဝမကြိုက်သော်လည်း သူထွက်ပေါက်လိုချင်တိုင်း(အရက်၊ ဆေးလိပ်၊ ကွမ်း) သူတို့နှစ်ယောက်က အားတက်သရော ရှာဖွေသဖြင့် ငယ်ဖော်ကြီးဖော်လို အပေါင်းအသင်းဖြစ်နေသည်။ အားလုံးဝိုင်းပယ်ခံထားရသည့်သူ့အတွက် သူတို့နှစ်ယောက်သည်သာ မိတ်ဆွေစစ်ဟု မှတ်ယူထားသည်။ အခုလည်းကြည့်။ သူတို့နှစ်ယောက်က နတ်ပြည်သွားမည်ဟု ဆိုသောကြောင့် မသိနားမလည်ဘဲနှင့် သည်နေရာကို ရောက်ရှိခဲ့ပြီ။
                     “လုပ်ကြည့်လိုက်ပါ ဆရာဝန်လေးရ၊ စိတ်ညစ်စရာတွေအကုန်မေ့သွားလိမ့်မယ်“
                      စိတ်ညစ်စရာ။ ဟုတ်သည်။ သူ၏စိတ်ထဲတွင် အတော်မွန်းကြပ်နေသည်။ ပိတ်ဆို့နေသည်။ သူတို့ပြောသလို စိတ်ညစ်စရာများ ပျောက်ပြယ်သွားမည်ဆိုလျှင် …
                    “အိုကေ ငါရှူကြည့်မယ်၊ ဘယ်လိုရှူရသလဲ“
                     မှုံကြီးက မျက်လုံးများမှေးစင်းသွားအောင် ပြုံးလိုက်ပြီး -
                     “ဒီရာတန်လေးကို မင်းနှာခေါင်းပေါက်မှာ တေ့လိုက်၊ ငါက ဒီငွေဇွန်းလေးအောက်မှာ မီးခြစ်နဲ့ခြစ်လိုက်လို့ အငွေ့တွေထွက်လာရင် ဒီရာတန်လေးနဲ့ အားစိုက်ပြီးရှူလိုက်၊ ဖြစ်တယ်နော်“
                     မှုံကြီးက ထိုသို့ပြောပြီး သူ့ဆီသို့ ရာတန်လိပ်လေးအား ကမ်းပေးလိုက်သည်။ မှုံကြီးပြောသလို နှာခေါင်းတွင်တေ့ထားလိုက်သည်။ မှုံကြီးက မီးခြစ်နှင့် ထိုငွေဇွန်းလေးအောက်က မီးခြစ်လိုက်ချိန်တွင် အငွေ့များထွက်လာသည်။ သူအားရပါးရရှူရှိက်လိုက်သော်လည်း မရှူတတ်သဖြင့် ချောင်းတဟွတ်ဟွတ်ဆိုးသွားရသည်။
                     “ဟာ ဟေ့ကောင် ဆေးလိပ်သောက်သလို အဆုတ်ထဲအထိရောက်အောင် ရှူလေကွာ၊ ကုန်ပါပြီ ၊ နှမြောစရာကောင်းတယ်“
                     မှုံကြီးက နှမြောတသစွာဖြင့် ညည်းဆိုလေသည်။ ထို့နောက် မီးခြစ်ဖြင့် ထပ်မံခြစ်လိုက်ပြန်သည်။သူ အားဖြင့်ရှူရှိက်လိုက်သည်။ အငွေ့များရှူရှိုက်လိုက်ချိန်တွင် ရင်တလှပ်လှပ်ခုန်လာပြီး ခေါင်းထဲတွင် နောက်ကျိကျိဖြစ်လာသည်။ မျက်လုံးများမှာ မှေးစင်းလာပြီး အရာရာသည်မှုန်ဝါးဝါးဖြစ်လာသည်။
                    “ကဲ နောက်တစ်ခေါက်ထပ်ခြစ်လိုက်မယ်၊ မင်းက အခုမှ ပညာသင်ဆိုတော့ နည်းနည်းပဲကောင်းတယ်၊ များသွားရင် ရှော့ဖြစ်တတ်တယ်ကွ“
                    မှုံကြီးက ထိုသို့ပြောရင်း မီးခြစ်လိုက်ပြန်သည်။ သူလည်း အငွေ့များအား အားရပါးရရှူလိုက်ပြန်သည်။ ဒီအခါတွင်တော့ သူပျော့ခွေယိုင်နဲ့သွားရသည်။ မျက်တောင်များမှာလေးလံလာပြီး မျက်လုံးများဖွင့်မရအောင် မှေးစင်းသွားလေသည်။                      
                     မှုံကြီး၏ရယ်သံကိုကြားတချက်မကြားတချက်ဖြစ်လာသည်။ ထို့နောက် သူ၏စိတ်ထဲတွင် တိမ်ပေါ်မှာ လမ်းလျှောက်နေရသကဲ့သို့ အရာရာသည် ပေါ့ပါးလွတ်လပ်လာသည်။ သူ၏ကိုယ်လုံးပေါ်တွင် အကောင်သေးမွှားမွှားလေးများ စုပြုံတက်လာကြသည်။ လည်ပင်း၊ နှာခေါင်းအထိ အကောင်လေးများက ရွစိထိုး လှုပ်ရှားနေကြသည်။ ထိုအကောင်လေးများအား လက်ဖြင့်အသာအယာဖယ်ရှားလိုက်သည်။ အကောင်လေးများမှာ ဇွတ်တက်လာပြန်သည်။ သူကဖယ်လိုက် အကောင်များက တက်လာလိုက်ဖြင့် သူ၏စိတ်ကူးယဉ်ကမ္ဘာသည် ပျော်ရွှင်စရာများဖြင့် ပြည့်နှက်လာလေသည်။ အကောင်လေးများကို ဖယ်ရသည်က အရသာတစ်မျိုးဖြစ်လာသည်။ တစ်ခါတစ်ခါတွင် သူ့အမေ၏မျက်နှာထားတင်းတင်းနှင့် ပုံရိပ်များ၊ သူဘယ်လိုမှ ကြည့်မရသော၊ သူ အလွန်မုန်းတီးသော ပထွေးဆိုသည့် ဦးအောင်မိုး၏လှောင်ပြောင်ဟားတိုက်ပုံများကို မြင်ယောင်မိသည်။
                    ''သား မင်းခန့်၊ လောကကြီးအလယ်မှာ မိန်းမသားတစ်ယောက်တည်း ရပ်တည်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး အဲဒီတော့ အမေ အိမ်ထောင်ပြုတော့မယ်''
                     သူ့အမေ၏ အသိပေးသံလိုလို၊ တိုင်ပင်သံလိုလို အသံက သူ့နားထဲမှာ ပဲ့ထင်ထပ်နေသဖြင့် ခေါင်းကို ဘယ်ပြန်ညာပြန်ခါယမ်းကာ မောင်းထုတ်လိုက်သည်။
                     သူ့စိတ်ကူးယဉ်ကမ္ဘာ ပြန်လည်လန်းဆန်းလာပြန်သည်။ စိတ်ကူးထဲတွင် သူ့အဖေ မြို့ပြ အင်ဂျုင်နီယာ ဦးနိုင်အောင်၏ နှစ်လိုဖွယ်အပြုံးများက သူ့ကို ပိုမိုနွေးထွေးသွားစေသည်။ လေးနှစ်အရွယ်သူ့ကို ယုယုယယ ဆွဲပွေ့ရင်း အထပ်ထပ်မှာကြားနေသော စကားများကို ပြန်ကြားယောင်မိသည်။
                     ''သား … အဖေ ဟိုး … အဝေးကြီးကို ခရီးထွက်စရာရှိတယ်၊ မကြာခင် သားဆီကို အရောက်ပြန်လာမယ်နော်''
                      ထိုစကားသည် သူ့အဖေ၏နောက်ဆုံးစကားမှန်း သူလုံးဝထင်မထားခဲ့ပါ။ အဖေသည် သူနှင့် ဝေးသည်ထက် ဝေးရာသို့ …
                     ''တင်တင်မာ မင်းလုပ်ပုံတွေ မဟုတ်သေးဘူးနော်''
                     ''မာက ဘာဖြစ်နေလို့လဲ''
                    ''ဘာဖြစ်ရမှာလည်းကွ၊ မင်းနဲ့အောင်မိုး တပူးပူး တတွဲတွဲဖြစ်နေတာကို ငါမမြင်ချင်ဘူး''
                      ''ဘာ ရှင်ကပြောရတယ်ရှိသေးတယ်၊ ရှင်နဲ့ ရှင့်ဆိုက်ထဲက ကောင်မလေးနဲ့ကလည်း … ''
                      ''ဟိတ် တော်ပြီ ငါတို့က လုပ်ဖော်ကိုင်ဖက်အချင်းချင်းကွ၊ မင်းထင်သလိုမဟုတ်ဘူး…''
                      ထိုအချိန်က လေးနှစ်အရွယ်သူ့မှာ အဖေနှင့်အမေ အကြောင်းမတိုက်ဆိုင်လို့ ကွာရှင်းတော့မည်ဆိုတာ လုံးဝမသိခဲ့ဘဲ အိမ်မှာ အဖေနှင့်အမေ ရန်ခဏခဏဖြစ်ခဲ့သည်ကိုတော့ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်။ ထိုအချိန်တွင် သူကြောက်လန့်တကြားနှင့် အိမ်နောက်ဖေးတွင် ပုန်းငိုခဲ့ဖူးသည်။ ကြိတ်ငိုခဲ့ဖူးသည်။ အဖေအလုပ်သွားချိန်တွင် အိမ်ကို ခဏခဏရောက်လာတတ်သည့် ဦးအောင်မိုးဆိုသူကို သူအမုန်းကြီးမုန်းနေခဲ့သည်။ အဖေ သည်းမခံနိုင်သည့်အဆုံး အိမ်က ထွက်သွားခဲ့သည်။  အိမ်ကထွက်သွားပြီး သိပ်မကြာပါ။ အမေနှင့် ဦးအောင်မိုးတို့ တရားဝင်လက်ထက်ခဲ့လေသည်။ ထိုအချိန်မှစ၍ သူ့ဘ၀တွင် နာကျည်းမုန်းတီးစရာများနှင့်သာ ကြုံတွေ့ခဲ့ရသည်။ အတန်းဖော်သူငယ်ချင်းများကိုလည်း သူ့အား အမြဲလှောင်ပြောင် အနိုင်ကျင့်နေသည်ဟု ထင်မြင်လာခဲ့သည်။ ထို့ကြောင့် သူ့အား အမြဲရန်လိုနေသည့်ကောင်၊ စိတ်ဆက်သည့်ကောင်ဟု ဆရာမများက မှတ်ချက်အပြည့်ပေးခဲ့သည်။ အပြင်မထွက်ဘဲ အခန်းအောင်းကာ အထီးကျန်ညများကို တိတ်တဆိတ် ကုန်ဆုံးစေခဲ့သည်။ ဆေးလိပ်သည် သူ့အဖော်ဖြစ်လာသည်။ ဂီတာသည့် သူ့အတွက် ထွက်ပေါက်စ္စည်းတစ်ခုဖြစ်လာသည်။ ပတ်ဝန်းကျင်နှင့် အထိအတွေ့မရှိတော့သောသူ့ကို လူဆိုးလေး၊ လူ့ဂွစာလေး၊ ဂေါက်ကြောင်လေး အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ ဆယ်တန်းတွင် အမှတ်ကောင်းခဲ့သော်လည်း သူမတက်ချင်သော ဆေးကျောင်းကို အမေ၏ဇွတ်တရွတ် တိုက်တွန်းချက်များနှင့် တက်ခဲ့ရသည်။ တစ်နှစ်တစ်တန်းအောင်ဖို့ ကြိုးစားခဲ့သော်လည်း သူ့ဘ၀သည် အမှောင်ထဲမှာ လမ်းလျှောက်နေရသလို ဦးတည်ရာမဲ့နေလျက် …
                       ''ဟိတ်ကောင်း မင်းခန့်၊ မင်း မကောင်းသေးဘူးထင်တယ်၊ ရော့ထပ်တင်လိုက်''
                       မှုံကြီးပစ်ပေးသော ရာတန်လိပ်လေးကို နှာခေါင်းဝတွင် တုန်တုန်ယင်ယင်နှင့် တေ့လိုက်သည်။ ကုလားက သူ့ဆီသို့ တရွတ်တိုက်ရွေ့လာရင် လက်ထဲကမီးခြစ်ကို ခြစ်ပေးသည်။ မီးတောက်သေးသေးလေသည် မှိတ်တုတ်မှိတ်တုတ်နှင့် လောင်မြိုက်နေလျက် …. ငွေဇွန်းထဲမှ အဖြူရောင်အမှုန့်လေးများသည် အငွေ့အဖြစ် တလွင့်လွင့် ... သူ မျက်စိစုံမှိတ်ပြီး အားစိုက်ရှူရှိုက်လိုက်ရာ မှိုင်းခနဲ၊ ငိုက်ခနဲဖြစ်သွားရပြီး လောကကြီးတစ်ခုလုံး အမှောင်အတိကျသွားသည်။ နှလုံးသွေးများ ရပ်တန့်ကုန်သည်။ အသက်နှင့် ခန္ဒာသည်လည်း ပေါင်းစည်းခြင်းမဲ့စွာနှင့် ...

                                                                                                          အာကာခေတ်ပိုင်
                                                                                                       ၂၀၁၃၊ မတ်လ၊ PROMISE Magazine

1 comment:

  1. ကောင်းတယ် ကိုအာကာရေ ခုမှ ဖတ်ဖြစ်တယ်။ အဲဒီအတွေ့အကြုံကို ကိုအာကာ ဘယ်လို ကုန်ကြမ်း ယူပါသလဲ ။ သိချင်တယ်ဗျ။

    ReplyDelete

ဝေဖန် အကြံပြုခဲ့ပါအုံး