22.4.13

သူငယ်ချင်း


သူငယ်ချင်း
မင်းအပြုံးတွေ အသက်မပါတော့ဘူး
လောကကြီးကို စိတ်နာနေတယ်ဆိုတာ ငါ သိတယ်။
သူငယ်ချင်း
မင်းမျက်လုံးတွေ အရောင်မလက်တော့ဘူး
တစ်ခုခုကို စိုးရိမ်နေတယ်ဆိုတာ ငါ သိတယ်။

သူငယ်ချင်း
မင်းစကားတွေ သိပ်မပြောတော့ဘူး
မထူးတော့တဲ့စကားတွေ မဖွင့်တော့ဘူးဆိုတာ ငါ သိတယ်။
သူငယ်ချင်း
မင်းခြေလှမ်းတွေ မသွက်တော့ဘူး
မျှော်လင့်ချက်တွေ မဲ့နေတယ်ဆိုတာ ငါ သိတယ်။
သူငယ်ချင်း
မင်းစိတ်ထားတွေ အရင်လိုမဟုတ်တော့ဘူး
ဖြားယောင်းမှုတွေ စိုးမိုးနေတာ ငါ သိတယ်။
သူငယ်ချင်း
အတူတူနေလာကြတဲ့ငါတို့တွေ
တစ်ယောက်ကိုတစ်ယောက်မမုန်းဘူးရက်ဘူးဆိုတာ ငါ သိတယ်။
သူငယ်ချင်း
ငါတို့ဆော့ခဲ့တဲ့ ဘောလုံးကွင်းကြီးရယ်
ဝယ်စားနေကျ အာလူးခြောက်ကြော်သည်ကြီးရယ်
အသံပေးပြီး ခေါ်တတ်တဲ့ ရေခဲခြစ်သည်ကြီးရယ်
ဆံပင်ညှပ်ဆရာရယ်က ငါတို့သူငယ်ချင်းနှစ်ယောက်ကို
အရင်လို ပျော်ရွှင်နေတာကို မြင်ချင်သတဲ့လေ။

အာကာခေတ်ပိုင် 
2013,August,ICON Magazine

2 comments:

  1. သူငယ်ချင်းကဗျာလေးက ချစ်စရာလေး။ နည်းနည်းတိုက်ဆိုင်သွားတာလေးရှိတယ်။
    မင်းစကားတွေ သိပ်မပြောတော့ဘူး
    မထူးတော့တဲ့စကားတွေ မဖွင့်တော့ဘူးဆိုတာ ငါ သိတယ်။
    ဟုတ်တယ်။ စကားတွေသိပ်မပြောဖြစ်တော့တာကြာပြီ။

    ReplyDelete
  2. ကောင်းတယ် ငါ့ခံစားချက်နဲ့ကွက်တိဘဲ

    ReplyDelete

ဝေဖန် အကြံပြုခဲ့ပါအုံး