22.9.13

အလင်းတစ်ခု၏အမှောင်ခြမ်း


                  ''ကိုကျော်နိုင်ကို စိတ္တဇဆေးရုံကို ပို့လိုက်ရပြီတဲ့ … ''
                   မောင်စိုး၏ အဆက်အစပ်မရှိသည့် စကားကြောင့် ကိုစိုပြေ မျက်လုံးပြူး ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး လက်ထဲက သောက်လက်စ အရက်ခွက်ကို စားပွဲပေါ်သို့ ခွက်ခနဲ ဆောင့်ချလိုက်သည်။ တက်တစ်ချက်လည်း ခပ်ပြင်းပြင်းခေါက်မိသည်။ ထို့နောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ စားပွဲပေါ်သို့ ဒုန်းခနဲ ထုလိုက်ပြန်သည်။ ပါးစပ်မှလည်း ''မိန်းမ … မိန်းမ … ''ဟု ခပ်တိုးတိုးလေး ရွတ်ဆိုနေရုံသာမက သူ့မျက်နှာမှာ နာကျည်းမှုတို့ ရုတ်ချည်း ပြောင်းလဲသွားသည်။ မျက်ဝန်းတို့မှာ ဒေါသခိုးတို့ တငွေ့ငွေ့ တောက်လောင်နေသည်။ သူ့ဘေးတွင် ခပ်ယို့ယို့လေး ရပ်နေသော မောင်စိုးဘက်သို့ စောင်းငဲ့ကြည့်လိုက်ရင်း …
''ဘယ်အချိန်ကလဲ … ''ဟု ဖြည်းဖြည်းမှန်မှန်နှင့် မေးလိုက်သော်လည်း သူ့အသံက ခြောက်ကပ်ကပ်…
''မနေ့ညကပါဆရာ … စိတ်ဖောက်သွားလို့ ရပ်ကွက်လူကြီးတွေစုပြီး ပို့လိုက်တာတဲ့၊ အံ့သြစရာကောင်းတာက ကိုကျော်နိုင်မိန်းမက ဆေးရုံတောင် လိုက်မသွားဘူးတဲ့''

                       တတွတ်တွတ်နှင့်ပြောနေသည့် မောင်စိုးကို သူ ခပ်စိမ်းစိမ်းကြည့်သည်။ ပြီးနောက် ဟက်ခနဲ တစ်ချက်ရယ်ရင်း ဘလက်လေဘယ် ပုလင်းကို ဆွဲယူပြီး ဖန်ခွက်ထဲကို လောင်းထည့်လိုက်သည်။ ရေခဲတုံးလေးများကို ညှပ်နှင့် ဆွဲညှပ်လိုက်သော်လည်းမရ လက်များ တဆတ်ဆတ်တုန်ယင်နေလေသည်။
''ဘာလိုဖြစ်ရတာလဲ မသိဘူးနော် … ဟိုတစ်နေ့ကကို အကောင်းကြီးပါ … ''ဟု မောင်စိုးက မ၀ံ့မရဲလေး  ပြောသည်။ သူက ညှပ်ကို ဆောင့်ချလိုက်ရာ မောင်စိုးမှာ ကိုယ်လုံးလေး ဆတ်ခနဲ ဖြစ်သွားသည်။ မေးမိတာ မှားများသွားပြီလားဆိုသည့်သဘောနှင့် ပါးစပ်ကို လက်နှင့်အုပ်ထားသည်။            
                        မောင်စိုးသည် သူနှင့် ဆွေးမျိုးနီးစပ်တော်သူတစ်ယောက်ဖြစ်ပြီး သူ့အတွက် တောက်တိုမယ်ရများ လုပ်ပေးရန် ရွာမှ ခေါ်ထားခြင်းဖြစ်သည်။ ပညာနည်းပါးပြီး ထုံထုံအအနှင့် အရာရာတွင် စပ်စပ်စုစုရှိတတ်ကာ ထိုသို့ အမြဲမေးလေ့ရှိသည်။ ယခုလည်း ကိုကျော်နိုင်ကိစ္စကို မသိရသ၍ သည်နေရာမှ ထွက်သွားလိမ့်မည်မဟုတ်။ ထို့ကြောင့် သူက အရက်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ခါးသက်သည့် အရသာနှင့်အတူ လည်ချောင်းတစ်လျှောက် ပူခနဲ စီးဆင်းသွားသည်။
''ဘာကြောင့်လို့ မင်းထင်လဲ … ''
''ဟို မသိ မသိဘူးဆရာ … ''
''အေး နောက်မြဲမြဲမှတ်ထား … ကိုကျော်နိုင်ရူးသွားတာ သူ့မိန်းမကြောင့် … ''
                          သူက ထိုသို့ပြောပြီး ဆေးလိပ်ကို မီးညှိုကာ ဖွာသောက်လိုက်သည်။ တငွေ့ငွေ့နှင့် လိမ့်တက်သွားသော  မီးခိုးငွေ့များကို မျက်လုံးများ မှေးစင်းကာ စိုက်ကြည့်နေသည်။
                         ကိုကျော်နိုင်သည် သူတို့ ရပ်ကွက်ထဲမှ လူတစ်ယောက်ဖြစ်ပြီး သူနှင့် လက်ဘက်ရည်ဆိုင်တွင် တွေ့ဆုံရာမှ ခင်မင်ခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံပါ များလာသောအခါ ကိုကျော်နိုင်အကြောင်းကို တစ်စ တစ်စနှင့် သိလာရသည်။ ကိုကျော်နိုင်တွင် ငယ်ငယ်ကတည်းက မိဘများဆုံးပါးသွားခဲ့ပြီး အဒေါ်ဖြစ်သူနှင့် ကြီးပြင်းခဲ့ရသည်။ အရာရာတွင် အကြောက်စိတ်အမြဲရှိသော အားငယ်တတ်သော ကိုကျော်နိုင်ကို ခပ်သွက်သွက် သန္တာချိုနှင့် အဒေါ်ဖြစ်သူက အိမ်ထောင်ချပေးခဲ့သည်။ သန္တာချိုကို တိတ်တခိုးချစ်နေရသည့်ဘ၀မှ လွတ်မြောက်ခဲ့သည်။ နောက်ပိုင်းမှ သိရသည်မှာ သန္တာချိုတွင် သူ့အတွက် အပိုဆုအဖြစ် ဗိုက်တစ်လုံးပါလာခဲ့သည်။ အိမ်ထောင်ကျပြီး သိပ်မကြာလိုက်ပါ ထိုကိုယ်ဝန် ပျက်ကျခဲ့သည်။ ထိုအချင်းအရာကို သိသော်လည်း သန္တာချိုအပေါ် ကိုကျော်နိုင်၏အချစ်တွေ တစ်စက်ကလေးမှ မလျှော့ခဲ့ပေ။ သန္တာချို အိမ်ထောင်ရေး ဖောက်ပြန်နေသည်ဟု ရပ်ကွက်ထဲတွင် သတင်းများ ပျံနှံ့နေသလို ကိုကျော်နိုင်နားထဲသို့ ဆက်ဆက်ရောက်လာသော ညတွင် အရက်များမူးလာပြီး သူ့ကို ငိုယိုရင်ဖွင့်ပြလေသည်။
''ဆရာရယ် … ကျွန်တော်လေ ကျွန်တော့်မိန်းမကို သိပ်ချစ်တယ်ဗျ၊ သူ့အကြောင်းတွေ သိနေပေမဲ့ ကျွန်တော်က ချစ်နေရသူမလား၊ ခွင့်လွှတ်ပေးခဲ့ပါတယ်၊ အခုတော့ဗျာ အခုတော့ … ''
                       ကိုကျော်နိုင်မှာ စကားမဆက်နိုင်ဘဲ ရှိုက်ကြီးတငင် ငိုကျွေးနေသဖြင့် သူစိတ်မကောင်းဖြစ်သွားရသည်။ ကိုကျော်နိုင်ကို သနားရသလို သူနှင့် ခင်မင်မှုမရှိသော သန္တာချိုကို မုန်းတီးနေမိသည်။ တစ်ခါလားမြင်ဖူးပါသည်။ အကြည့်ရဲတင်းလွန်းသော၊ စကားပြော မောက်မာလွန်းသော၊ အ၀တ်စားဟော့ရမ်းလွန်းသော သန္တာချိုကို သူဘယ်လိုမှကြည့်မရပါ။ ''ငါ့မိန်းမဆိုရင် နေရာမှာတင် ပွဲချင်းပြီး သတ်ပစ်မှာ''ဟု စိတ်ထဲတွင် မိန်းမမုန်းတီးရေး ဝါဒတို့ စွဲမြဲနေခဲ့သည်။ ကိုကျော်နိုင်ကို အားပေးနှစ်သိမ့်ပေးသော်လည်း ထိုနေ့မှစ၍ ကိုကျော်နိုင် အရက်ကို နေ့စဉ်ရက်ဆက် သောက်လာသည်။ သို့သော် သန္တာချိုသည် အချိုးပြောင်းမသွားသည့်အပြင် ပိုမိုဆိုးရွားလာသည်။ ရင်ထဲမှာ မြိုသိပ်မှုတွေ များလာသည့်တစ်နေ့မှာ ကိုကျော်နိုင်စိတ်တို့ ပေါက်ကွဲထွက်လာခဲ့လေပြီ။
"ဆရာ … များနေပြီ … ''
                        အရက်ပုလင်းကို လှမ်းယူချိန်တွင် မောင်စိုး၏သတိပေးစကားကြောင့် သူ့လက်များ တုံ့ခနဲ ဖြစ်သွားသည်။ ထို့နောက် မောင်စိုးဘက်သို့ မျက်လုံးထောင့်ကပ်ကာ ကြည့်လိုက်ရင်း …
''ဘာကွ … ဒီမှာ အရက်ဟာ မိန်းမထက်သစ္စာရှိတယ်ကွ … "ဟု ခပ်ပြက်ပြတ်ပြောရင်း ဖန်ခွက်ထဲကို လောင်းချလိုက်သည်။
''သစ္စာမရှိတဲ့ မိန်းမတွေကို သွားပတ်သတ်မိလို့ ကိုကျော်နိုင်ရူးသွားရတာ … အေး မင်းလည်း ငါ့အိမ်မှာ ဆက်နေချင်သေးတယ်ဆိုရင် ဘယ်မိန်းမနဲ့မှ မပတ်သတ်နဲ့''
''မိန်းမတွေနဲ့ ပတ်သတ်ရင် ရူးနိင်တယ်ပေါ့နော် ဆရာ … ပြီးတော့ ကိုကျော်နိုင်ပုံက မထင်ရဘူး …''
                      အ ရန်ကောဟူသည့်အဓိပာယ်နှင့် မောင်စိုးကို လှမ်းကြည့်လိုက်ရင်း စုတ်တစ်ချက် သပ်မိသည်။ ဆေးလိပ်ကို နှုတ်ခမ်းထောင့်တွင် ဟန်ပါပါ တေ့ထားလိုက်ရင်း …
''ရူးနိုင်တာပေါ့ကွ … မိန်းမဆိုတာ မာယာများတယ် ကောက်ကျစ်တယ် … စိတ်တွေ မတည်ဘူး အမြဲပြောင်းလဲနေတယ် … ကိုကျော်နိုင်က သူ့မိန်းမကို ချစ်လွန်းလို့ အရူးကြီး ရူးခဲ့ရတာ … ပြောရရင် မယားတရူးပေါ့ကွာ … ဟုတ်တယ် ကိုကျော်နိုင်ပုံက မထင်ရဘူး … တချို့က ကိုယ့်ကိုကိုယ် ဘုရားလို့ ထင်တယ်၊  တချို့က ကိုယ့်ကိုကိုယ် ဈာန်ရနေတဲ့ ရဟန္တာလို့ ထင်တယ်၊ တချို့က ကိုယ်အထင်ကြီးလေးစားတဲ့သူတစ်ယောက်လို့ ကိုယ့်ကိုကိုယ် ထင်တယ် ရူးခြင်းက အမျိုးမျိုးရှိတယ် … တချို့ဆို ရူးနေမှန်းတောင် မသိရဘူး … ရူးတာကို ဆေးပညာအခေါ်အဝေါ်အရ Schizophrenia လို့ခေါ်တယ်လို့ မှတ်သားဖူးတယ် … အင်း စိတ်ထဲမြိုသိပ်မှုတွေများလာရင် တစ်နည်းနည်းနဲ့ ပေါက်ကွဲထွက်ကျတာ ဓမ္မတာပါပဲကွာ … ''
                        သူ့စကားကို ခဏဖြတ်ပြီး မောင်စိုးဘက်သို့ လှည့်ကြည့်လိုက်သည်။ မောင်စိုးသည် ထိုင်ခုံပေါ်တွင် ငိုက်မြည်းနေသည်ကိုတွေ့ရသဖြင့် ဟက်ခနဲ တစ်ချက်ရယ်ကာ ဖင်စည်ခံသာ ကျန်တော့သော ဆေးလိပ်ကို ပြာခွက်တွင် ဖိချေလိုက်သည်။ ထို့နောက် အရက်ခွက်ကို မော့သောက်လိုက်ပြန်သည်။ မိန်းမကြောင့်။ ဟုတ်ပါသည်။ သူလည်း မိန်းမကြောင့် ဘ၀တစ်ခုလုံး အဖက်ဆယ်မရအောင် ဖြစ်ခဲ့ဖူးပါသည်။ သူ လူမှန်းသိတတ်စအရွယ်ကတည်းက အရွယ်အလိုက် စာများကို ဖတ်ရင်း စာရေးဆရာသိပ်ဖြစ်ချင်ခဲ့သည်။ သူ့အဖေကလည်း ဖတ်သင့်ဖတ်ထိုက်သည့် စာအုပ်များကို ၀ယ်ယူစုဆောင်းပေးရုံသာမက သူကို စာရေးဆရာတစ်ယောက်ဖြစ်လာရန် တွန်းအားပေးခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘ၀တွင် ကဗျာများ စတင်ရေးသားလာခဲ့သည်။ စာမျက်နှာပေါ်တွင်လည်း အတော်အသင့် နေရာရလာခဲ့သည်။ ထိုအချိန်တွင်  ခင်မာဝေနှင့် တွေ့ဆုံခဲ့သည်။ မေဂျာမတူသော်လည်း သူတို့ စာပေ၀ိုင်းကို ခင်မာဝေက လာတတ်ပြီး သူနှင့် ပိုမိုရင်းနှီးလာရာမှ ချစ်သူရည်းစားဘဝသို့ ရောက်ရှိခဲ့သည်။ နောက်ပိုင်းတွင် စာရေးဆရာများကို အထင်သေး အမြင်သေးသည့် ခင်မာဝေမိဘများက သူနှင့်သဘောမတူဘူးဟုဆိုကာ သူနှင့်ခင်မာဝေကို အစိမ်းသက်သက် ခွဲလိုက်ကြသည်။ ခင်မာဝေအား နှစ်ယောက်အတူတူ ဘဝတစ်ခုထူထောင်ဖို့ သတ္တိရှိဖို့ ပြောကြည့်သော်လည်း ခင်မာဝေက မိဘစကားမလွန်ဆန်နိုင်ဘူးဆိုကာ သမရိုးကျ ဇာတ်လမ်းအတိုင်း အိမ်က သဘောတူသူနှင့် လက်ထပ်ခဲ့ပြီး သူ့အား ထားရစ်ခဲ့သည်။ ထိုအချိန်မှစ၍ မိန်းမဆိုလျှင် အယုံအကြည့်မရှိ။ မစားကောင်းသည့်အသီး၊ ရွံစရာကောင်းသည့် အရာဟုသာ မှတ်ယူထားသည်။ အရက်သာလျှင် သစ္စာရှိသည်ဟု ခံယူကာ အရက်ကို နေ့စဉ်ရက်ဆက် အဖော်ပြုလာခဲ့သည်မှာ အခုချိန်ထိ။ ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ အကြိမ်ကြိမ်ကြိုးစားကြည့်ခဲ့ဖူးသည်။ သို့သော် ဘာမဟုတ်တဲ့ မိန်းမကြောင့် သူ့အသက်ကို မပေးဆပ်လို။ မိတ်ဆွေစာရေးဆရာများက အရာအားလုံးမေ့ဖျောက်ပြီး စာဆက်ရေးဖို့ တွန်းအားပေးသော်လည်း သူစိတ်ထဲမှာ မေ့ဖျောက်၍မရ။
တကယ်တော့ မိန်းမဆိုတာ ကောက်ကျစ်စင်းလဲသည့် အောက်တန်းစား သတ္တဝါတစ်မျိုး ….
xx xx xx
''၀ုတ် … ၀ုတ် … ၀ုတ် … ''
''ခွီးထဲမှပဲ၊ မင်းတို့ အဖေကျော်နိုင်လာတာတောင် မမှတ်မိတော့ဘူးလား … ''
                       ခွေးများက အဆွဲအငင်ကောင်းကောင်းနှင့် အူနေကြသည်။ အဆက်မပြတ် ဟောင်နေကြသည်။ အရင်နေ့တွေက မဟောင်ဖူးသော ခွေးများသည် သည်ညမှ အထူးတဆန်းဖြစ်နေရသည်။ လပြည့်ညဖြစ်သဖြင့် ကောင်းကင်ယံတွင် ၀ိုင်းဝိုင်းစက်စက်လကြီးမှာ ထိန်ထိန်သာနေသည်။ ရပ်ကွက်ထဲရှိ အိမ်များမှာ သန်ခေါင်းယံအချိန်ဖြစ်သောကြောင့် တိတ်ဆိတ်အိပ်မောကျနေပြီ။ လမ်းပေါ်တွင် ခွေးလေခွေးလင့်များနှင့် သူသာရှိပြီး ရှင်းလင်းနေသည်။
''၀ုတ် … ၀ုတ် … ၀ုတ် … ''
                       သူ့အနားက ထိုးဟောင်လိုက်သော ခွေးကြောင့် သူလန့်ဖြန့်သွားသည်။ မျက်စိကို ပွတ်သပ်ကာ ကြည့်လိုက်တော့ ခွေးဖြူပေါက်စလေး တစ်ကောင်က သူ့ကို အဆက်မပြက် ဟောင်နေသည်ကို တွေ့ရလေသည်။ လက်ထဲမှ အရက်ပုလင်းကို ခါးကြားတွင် ထိုးလိုက်သည်။ ပြီးနောက် ဒူးထောက်ထိုင်လိုက်ရင်း …
''မင်းက ဘာတွေဖြစ်ပြီး ဟောင်နေရတာလဲကွ ဟင် …၊ ငါကျော်နိုင်ကိုတောင် မင်းက မမှတ်မိတော့ဘူးလား …''
                      သူ၏အာလေးလျှာလေးသံကို ခွေးဖြူလေးက သတိမမှု ဟောင်မြဲ ဆက်လက်ဟောင်နေသည်။ သူစိတ်တိုသွားရကာ ဘေးနားက ခဲလုံးနှင့် လှမ်းထုလိုက်သည်။ ခွေးဖြူလေးက ကိန်ခနဲ တစ်ချက်အော်ရင်း ထွက်ပြေးသွားသည်။ သူ့ပါးစပ်မှလည်း ဆဲဆိုးကြိမ်းမောင်းသံများ ခပ်တိုးတိုးထွက်ပေါ်လာသည်။
                        ခါးကြားမှ ပုလင်းကို ဆွဲထုတ်လိုက်ရင်း မော့သောက်လိုက်သည်။ ထို့နောက် ဒယိမ်းဒယိုင်နှင့် သိုက်ကွက်နင်းကာ သူ့အိမ်ကို ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။ ခွေးများကတော့ အဆက်မပြက် ဟောင်နေဆဲ။
                      ခေါင်းထဲတွင် ရီဝေနောက်ကျိနေသဖြင့် သူ့အိမ်ကို ချက်ချင်းမတွေ့နိုင်ဘဲ ဖြစ်နေရသည်။ သံတံခါးပိတ်ထားသော အိမ်တစ်လုံးရှေ့အရောက်တွင် သူ့ခြေလှမ်းတို့ တုံခနဲဖြစ်သွားသည်။ ဟုတ်ပါသည်။ ဒါသူ့အိမ်ဖြစ်သည်။ သံတံခါးကို အသာအယာ တွန်းဖွင့်လိုက်သည်။ သောမခတ်ထားသဖြင့် တံခါးက အလိုလို ပွင့်သွားသည်။ ''လင်ငယ်လာရင် အဆင်သင့်ဖြစ်အောင် တံခါးကို သော့မခက်ထားဘူးပေါ့လေ … ငါဆေးရုံတက်နေတယ်ဆိုပြီး လင်ငယ်နဲ့ ပျော်နေတယ်ပေါ့လေ … '' သူ့ပါးစပ်ထဲမှ ဗလုံးဗထွေးစကားသံများက တရစပ် …
                       ခြေလှမ်းသုံးလှမ်းအရောက်တွင် ခွေးတစ်ကောင်က သူ့ဆီကို ပြေးလာရင်း ထိုးဟောင်လေသည်။ ''ငါလာတာတောင် မမှတ်မိတော့တဲ့ခွေး သေပေရော့''ဟုဆိုကာ အသင့်ပါလာသော ဓားနှင့် အားကုန်ထိုးစိုက်လိုက်သည်။ ခွေးမှာ အင့်ခနဲအသံနှင့်အတူ လဲပြိုသွားသည်။ ''ခွေးကတောင် ငါ့ကို အိမ်သားအဖြစ်မသတ်မှတ်တော့ပါလား … ''ဟု စိတ်တိုတိုနှင့် ဆဲဆိုမိသည်။ ခွေးခန္ဒာကိုယ်တွင် စိုက်ဝင်နေသော ဓားကို စွိခနဲ ဆွဲထုတ်လိုက်သည်။ သွေးစွန်းနေသည် ဓားသည် လရောင်အောက်တွင် ၀င်းခနဲ လင်းခနဲ … သူ အခြောက်တိုက် ရယ်မောပစ်လိုက်သည်။
                       သူ ဖြည်းဖြည်းမှန်မှန်လျှောက်သွားရာ စံပါယ်ပန်းရုံနားသို့ ရောက်ရှိသွားသည်။ ခါးကြားမှ အရက်ပုလင်းကို ဆွဲထုတ်ပြီး မော့သောက်လိုက်ပြန်သည်။ အမှောင်ရိပ်မှနေပြီး အိမ်ထဲသို့ အကဲခတ်ကြည့်နေမိသည်။ အခန်းတစ်ခုက မီးရောင်ခပ်ဖျော့ဖျော့လေး လင်းနေသော်လည်း အထဲကို သဲသဲကွဲကွဲမမြင်ရ။ ထို့ကြောင့် အိမ်နားသို့ ဖြည်းဖြည်းတိုးကပ်သွားသည်။
''ဒုန်း … ''
                       လရောင်မကျရောက်သော အမှောင်ရိပ်အောက်တွင် ဘာမျှမမြင်ရသဖြင့် အရာဝတ္ထုတစ်ခုနှင့်တိုက်မိသည်။ ဒူးမှာ အတော်နာကျင်သွားရသည်။ ထိုအရာအား စိတ်တိုတိုနှင့် အားကုန်ပစ်ကန်လိုက်သည်။ အသံထွက်သွားသော်လည်း အိမ်ထဲမှ လှုပ်ရှားမှု အရိပ်အယောင်မမြင်ရ။ ''အင်းပေါ့ လင်ငယ်နဲ့ ခွေးဇာတ်ခင်းနေတော့ ဒီအသံတွေ ဘယ်ကြားနိုင်ပါ့မလဲ''ဟု စိတ်နာနာနှင့်တွေးရင်း အိမ်ထဲကိုသာ အကဲခတ်ကြည့်နေသည်။ မီးရောင်ခပ်ဖျော့ဖျော့ထွန်းထားသော အခန်းရှေ့အရောက်တွင် မျက်စိကို ပွတ်သပ်ရင်း အထဲကို ကြည့်လိုက်သည်။ ခုတင်ထက်တွင် လူတစ်ယောက် ဘေးတစ်စောင်းအိပ်နေသည်ကို တွေ့ရသည်။ ထိုလူဘေးတွင် စောင်ခြုံထားသော လူတစ်ယောက်ကိုပါ တွေ့လိုက်ရသည်။ ''သေချာပါပြီ သန္တာချို ငါမရှိတုန်း လင်ငယ်နဲ့ အိပ်နေတာပဲ … ''
အသင့်ပါလာသော ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် အသက်ခပ်ဖွဖွလေး ရှူသွင်းရင်း အိပ်ခန်းထဲသို့ ၀င်လာခဲ့သည်။ အိပ်ခန်းတံခါးသည်လည်း သော့ခတ်မထားပါ။ ထို့ကြောင့် အတားအဆီးမရှိ ၀င်လာနိုင်ခဲ့သည်။ ခုတင်ထက်တွင်ကား သန္တာချိုသည် တုတ်တုတ်မှမလှုပ် ကြောက်ရုပ်ကဲ့သို့ … သူ ခုတင်နားကို ခြေသံဖွဖွနင်းရင် လျှောက်သွားလိုက်ပြီး လက်ထဲမှ ဓားကို ကိုင်မြှောက်လိုက်သည်။ အသွားထက်နေသော ဓားသည် သန္တာချိုကိုယ်ပေါ်သို့ စွိခနဲ စူးဝင်သွားသည်။ ထို့နောက် ပြန်ဆွဲထုတ်လိုက်ရင်း ထပ်မံ ထိုးစိုက်လိုက်ပြန်သည်။ တစ်ချက်၊ နှစ်ချက်၊ သုံးချက် … ဘယ်နှစ်ချက်မှန်းမသိတော့ တစွီစွီ တစွက်စွက်နှင့် …
''သစ္စာမရှိတဲ့ မိန်းမ၊ နင့်ကို လူ့ပြည်မှာ မထားဘူး၊ ငါ တစ်သက်လုံး နွားလုပ်ခဲ့ရသမျှ နင့်ကို အပြစ်ပေးရမယ် … အသေသတ်မယ် … ''
                       ပါးစပ်မှ ကြုံးဝါးသံတို့ တရပ်စက်ထွက်လာရင်း ဓားနှင့်သာ အကြိမ်ကြိမ်ထိုးသွင်းနေသည်။ သူ့ဓားချက်များအောက်တွင် သန္တာချိုမှ အသံမထွက်နိုင်ဘဲ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထိုးလို့ အားရပြီဆိုသောအခါ သူ ဟားတိုက်ရယ်မောလိုက်သည်။ သူ့မျက်နှာမှ ချွေးသီးချွေးပေါက်များကို အကျီနှင့် လှန်သုတ်လိုက်သည်။ မျက်ရည်တို့ကလည်း တသွင်သွင်စီးကျလာသည်။ သူ သိပ်မုန်းတီးသော သူသိပ်ရွံသော သစ္စာမရှိသော မိန်းမတစ်ယောက် လူ့လောကမှ ဆွဲထုတ်ပေးနိုင်ခဲ့ပြီ။ သူ သိပ်ပျော်သည်။ တဆက်တည်း သူ သိပ်ဝမ်းနည်းသွားရသည်။
''ဆရာ … ဆရာ … ဘာဖြစ်တာလဲဟင် … ''
                        သူ့နောက်မှ အသံကြောင့် လှည့်ကြည့်မိတော့ ဆရာကိုစိုပြေအိမ်မှ အကူကောင်လေး မောင်စိုးဖြစ်နေသည်ကို တွေ့ရသည်။ သူ မျက်မှောင်ကြုတ်သွားရကာ …
''ဘာဆရာလဲ … ငါ မင်းဆရာမဟုတ်ဘူးကွ၊ ငါ ကျော်နိုင်ကွ ကျော်နိုင် … ''ဟု ခပ်ပြတ်ပြတ်နှင့် ပြောလိုက်သည်။ မောင်စိုးက မျက်လုံးပြူးသွားရင်း …
''ဗျာ … လွဲနေပြီ၊ ဆရာက စာရေးဆရာကိုစိုပြေလေ၊ ကိုကျော်နိုင်က မနေ့ညက စိတ်ဖောက်သွားလို့ ဆေးရုံတင်လိုက်ရပြီလေ …''
''ဟား … ဟား … ဟုတ်တယ် ငါဆေးရုံတက်လိုက်ရတာ … ငါ့မိန်းမ သန္တာချိုကို စိတ်မချလို့ ပြန်ချောင်းတာ၊ အခုပက်ပင်းတွေ့တာပဲ၊ အဲဒါကြောင့် ဒီဓားနဲ့ ဒီကောင်မကို သတ်လိုက်ပြီ … ''
''ဗျာ … ဆရာရယ် စိတ်ထိန်းပါ … ၊ ဆရာ့လက်ထဲက ဓားမှမဟုတ်ဘဲ၊ သွားတိုက်တံကြီးလေ၊ ပြီးတော့ ခုတင်ပေါ်ကဟာ ဖက်လုံးကြီးဆရာရဲ့ … ''
''ဘာကွ … ငါ့ကိုများ ရူးနေတယ်ထင်သလား၊ မရူးဘူးကွ၊ အခုဆို ငါ့မိန်းမ သန္တာချိုကို သတ်လိုက်ရလို့ ပျော်နေပြီကွ၊ ဟား ဟား … ''
                      သူ ဟားတိုက်ရယ်မောရင်း မောင်စိုးဘက်ကို လှည့်ကြည့်လိုက်သည်။ မောင်စိုးက သူ့ကိုကြည့်ရင်း နားမလည်သည့်ပုံနှင့် ခေါင်းယမ်းနေသည်ကို တွေ့လိုက်ရသည်။ သူ မောင်စိုးကို လက်ညှိုးထိုးကာ တခွီးခွီးရယ်မောပစ်လိုက်သည်။ မျက်ဝန်းမှ မျက်ရည်စများ အတိုင်းအဆမရှိ တသွင်သွင်စီးဆင်းလျက်

အာကာခေတ်ပိုင်
စရဏ မဂဇင်း
ဇန်နဝါရီလ၊ ၂၀၁၄

1 comment:

  1. လှည့်ကွက်လေး ကြိုက်တယ် ဆရာ မခင်မာဝေနဲ့ ကွေကွင်းခဲ့ရပြီး တဖြည်းဖြည်း အရက်ကိုသောက်ရင်းနဲ့မှ စွဲသွားတယ် သစ္စာရှိတယ်ထင်သွားတယ်ဆိုရင် ပိုကောင်းမလားဘဲနော်။ နောက်ပြီးတော့ မခင်မာဝေရဲ့နှုတ်ကနေ သူ့ဘ၀ကို ကိုစိုပြေက အာမခံကောင်းကောင်းပေးနိုင်မယ်ဆိုတာကို မယုံဘူး အဲဒီလိုတစ်ခုခုပြောလိုက်မှ စိတ်နာသွားတယ်ဆိုရင် (ကျွန်တော့် အထင်ပေါ့နော်) ပိုကောင်းသွားမလားလို့ပဲဗျ ။ ကျွန်တော့်ကို စိတ်မဆိုးနဲ့ဦးနော်....။

    ReplyDelete

ဝေဖန် အကြံပြုခဲ့ပါအုံး