17.12.13

မြူခိုးဝေတဲ့ဆောင်း

''ထိုင်မယ်နော် … ''ဆိုတဲ့ အသံကြောင့် ပါးစပ်ဝရောက်နေတဲ့ ထမင်းဇွန်းကို ပြန်ချပြီး မော့ကြည့်မိတယ်။ အသက်ရှစ်ဆယ်ဝန်းကျင်ရှိမယ့် အဘွားအိုတစ်ဦးက သူ့ကို ပြုံးပြီး စိုက်ကြည့်နေတာကို တွေ့ရတယ်။ သူ ခေါင်းညိတ်ပြချိန် မရခင်မှာဘဲ အဘွားအိုက ခုံတစ်လုံးကို ဆွဲယူပြီး သူ့စားပွဲမှာ ထိုင်ပြီးနေပြီ။ လက်ကဆွဲလာတဲ့ အထုပ်တွေ ပလုံးတွေကို နောက်ထပ် ခုံတစ်လုံး ဆွဲယူပြီး တင်နေတယ်။ အချမ်းဒါဏ်ကို ကာကွယ်နိုင်အောင်ထင်ပါရဲ့။ အနွေးထည် သုံးထည်ကို အထပ်လိုက် ဝတ်ထားတယ်။ ခပ်နွမ်းနွမ်း အနွေးဦးထုပ်ရဲ့အောက်မှာ ခြောက်ကပ်ကပ် ဆံပင်ဖြူတွေက ဖြာကျနေတယ်။ သူ စိုက်ကြည့်နေတာ သိလို့လားမဆိုနိုင်ဘူး။ အဘွားအိုက နဂိုရှိပြီးသား ပါးရေကို ပိုတွန့်သွားအောင် ပြုံးပြတယ်။ ဖြူစင်တဲ့အပြုံး။ အေးချမ်းတဲ့အပြုံးလို့ သူမှတ်ချက်ချပြီး အလိုက်သင့် ပြန်ပြုံးပြလိုက်တယ်။
''အဘွား ဒီမှာ ဆရာထိုင်နေတာ … ဟိုဘက်စားပွဲမှာ သွား … ''


ထမင်းဆိုင်ရှင် ကိုထွန်းစကားမဆုံးခင်မှာဘဲ သူ လက်ကာပြလိုက်တယ်။ ထိုင်ပါစေ ရပါတယ်ဆိုတဲ့ သဘော။ ကိုထွန်းက ဘာစကားမှ ဆက်မပြောတော့ဘဲ အဘွားမှာလိုရာကို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေတယ်။
သူသိပ်ကြိုက်တဲ့ သီးစုံအချဉ်ဟင်းနဲ့ ဝက်သားဟင်း။ ဗိုက်ကလည်း ဟာနေတာမို့ ခေါင်းမဖော်တမ်း အားရပါးရ စားလိုက်တယ်။ ထမင်းစားလိုက် နာရီကြည့်လိုက်။ ဒီနေ့ သူ့ဂျူတီလေ။ သူ ထမင်းသွားစားနေတုန်း နောက်ပိုင်းက လူနာတွေ တစ်ခုခု ဖြစ်မှာစိုးရိမ်ရတယ်။ ဝဒ်ထဲမှာက အလုပ်သင်ဆရာဝန်တွေပဲ ကျန်ခဲ့တာ။ ဒါကြောင့် ဟင်းကောင်းပေမယ့် ဇိမ်ခံ မစားနိုင်ဘူး။
''လူလေးက ကိုအောင်မင်းကြီးလိုပဲ ''
''ဗျာ ''
အဘွားအိုစကားကြောင့် လည်ချောင်းထဲရောက်နေတဲ့ ထမင်းတောင် နင်သွားတယ်။ ရေနွေးကြမ်းကို မြန်မြန်သောက်လိုက်ရတယ်။ အဘွားအိုက သူ့ကို ပြုံးပြုံးနဲ့ စိုက်ကြည့်နေတုန်း။ ပြီးတော့ ပါးစပ်ကို လက်နဲ့အုပ်ထားပြီး …
''သြော် … ကိုအောင်မင်းကလည်း လူလေးလိုပဲ ဝက်သားဟင်းဆို ခေါင်းမဖော်တမ်း စားတော့တာပဲ … ''လို့ ပြောပြီး သဘောတကျ ရယ်နေတယ်။ သူ့မှာသာ မျက်လုံးအဝိုင်းသားဖြစ်နေပြီး …
''ကိုအောင်မင်းဆိုတာက … ''လို့ မျက်မှောင်ကြုတ် မေးလိုက်တယ်။
''အဘွား အိမ်သားပေါ့ ''
အဘွားအိုက ခပ်တည်တည်ဆိုနေပေမယ့် သူ့ကိုယ်လုံးလေး ဆတ်ခနဲ တွန့်သွားတယ်။ အဘွားအိုက ခပ်ဝေးဝေးကို ငေးမောနေလို့ သူပါ ငေးကြည့်မိတယ်။ လမ်းတစ်ဘက်က ဆိုင်တန်းတွေကို မမြင်ရအောင် မြူတွေက ထိုးဆင်းလာတာ တွေ့ရတယ်။ လှေ့တစ်ချက်ဝှေ့လိုက်ချိန်မှာ ရိုးတွင်းချဉ်ဆီတွေပါ အေးခဲသွားအောင် တောင်ကြီးဆောင်းက အတော်လေး အေးလွန်းတယ်။ အဘွားအိုဘက်ကို ပြန်ကြည့်မိတော့ အဘွားအိုမျက်ဝန်းတွေက မှေးမှိန်ဖျော့တော့နေတယ်။
''အခု ကိုအောင်မင်းက ခွဲစိတ်ဆောင်မှာ ဆေးရုံတက်နေတယ်လေ … ''
အဘွားအိုက သက်ပြင်းရှည်ချရင်း ကိုထွန်းလာချပေးတဲ့ ထမင်းပန်းကန်ကို စိုက်ကြည့်နေတယ်။ ပြီးတော့ ထမင်းပန်းကန်ပေါ်ကို မျက်နှာအပ်လိုက်ပြီး တရားစာထင်ပါရဲ့။ ခပ်တိုးတိုးလေး ရွတ်ဆိုနေတယ်။ သူ့မှာတော့ ထမင်းဆက်မစားနိုင်သေးဘဲ အဘွားအိုလုပ်သမျှ အကဲခတ်ကြည့်နေမိတယ်။
''ကိုအောင်မင်းကလေ အလွန်အားငယ်တတ်တာ … ''
အဘွားအိုက အသံထွက်အောင် တစ်ချက်ရယ်ပြီး ထမင်းကို မြိန်ရေယှက်ရေစားနေတယ်။ သူ ပုခုံးနှစ်ဘက်ကို တွန့်ပြီး ထမင်းကို မြန်မြန်စားလိုက်တယ်။ ပြီးတော့ အဘွားအတွက်ပါ ပိုက်ဆံရှင်းပေးလိုက်တယ်။ ဝန်ထမ်းသက်သာဆိုင်ဆိုတော့ တစ်ပွဲတစ်ထောင် နှစ်ပွဲနှစ်ထောင်ပေါ့။
''အဘွားက ပါဆယ်ပါသေးတယ် … ''လို့ ကိုထွန်းက ပြောတော့ အဘွားအိုက ရယ်ပြီး
''ဟုတ်တယ်လူလေး ကိုအောင်မင်းအတွက်လေ … ''တဲ့။ သူ ပိုက်ဆံ သုံးထောင် ထုတ်ပေးလိုက်တယ် ဆိုရင်ပဲ အဘွားအိုက သာဓုဆိုရင်း ဆုတောင်းပေးနေတယ်။
''အဘွား ကျွန်တော်လိုက်ပို့ပေးမယ်လေ … ''လို့ လောကွတ်ပြုလိုက်တယ်။ အဘွားအိုကို ခဏအတွင်း သူ့ရင်ထဲမှာ ရင်းနှီးသွားတယ်။ အဘွားအိုက လက်ကာပြရင်း …
''ရတယ် လူလေး အဘွားက မျက်စိ ကောင်းပါတယ် … ဟိုတစ်ခါကများဆိုရင် မောချယ်ရီလိုင်းကားပေါ်မှာ ခါးပိုက်နှိုက်တာ ခံရသေးတယ် … ပိုက်ဆံများများစားစားမပါ ပါဘူး … ငါးရာထဲပါ … အဘွားက မျက်စိကောင်းတော့ နှိုက်နေမှန်းသိတာပေါ့ … ဟဲ့ ကောင်လေး မင်းနှိုက်နေမှန်း ငါမြင်တယ်လို့ ပြောလိုက်တော့ ခါးပိုက်နှိုက်လေး လက်တွန့်သွားတယ် … သိတာပေါ့ အဘွားအိတ်ကပ်ထဲမှာ သံပရာသီးက အမြဲဆောင်ထားတယ်လေ … သံပရာသီးက ကိုယ့်ကို မူးအောင် ဝေအောင်လုပ်လို့ မရဘူး … ရော့ လူလေးလည်း ဆောင်ထား … ''
အဘွားအိုက ပြောပြောဆိုဆိုနဲ့ သူ့ဆီကို သံပရာသီးလေး တစ်လုံးကမ်းပေးတယ်။ အဘွားအိုရဲ့ ပွင့်လင်းတဲ့ စကားကြောင့် ခဏကြောင်သွားတယ်။ ပြီးမှ အသိဝင်လာပြီး သံပရာသီးကို လှမ်းယူလိုက်တယ်။
''ကားပေါ်က ဆင်းတော့ ခါးပက်နှိုက်ကောင်လေးက အဘွားဘယ်သွားမလဲ လိုက်ပို့မယ်တဲ့ … ရတယ်လိုက်မပို့နဲ့ ငါသွားနိုင်တယ် … မင်းနဲ့ အပြေးတောင် ပြိုင်လိုက်ချင်သေးတယ်လို့ ပက်ခနဲ ပြန်ပြောလိုက်တယ် … လူတွေများ မလွယ်တာကို ပြောပါတယ် … ''
အဘွားအိုက သူ့စကားသူ သဘောကျပြီး ရယ်နေတယ်။ သူလည်း ရောယောင်ရယ်မိတယ်။ ဟန်ဆောင်မှုကင်းတဲ့အပြုံးလို့ အဘွားအိုရဲ့အပြုံးကို နောက်ထပ် အမည်တပ်လိုက်မိတယ်။ နာရီကို ထပ်မံ ငုံ့ကြည့်မိတော့ နေ့လည် ၁၂ နာရီတိတိ။
xx xx xx
နောက်နေ့တွေမှာလည်း ထမင်းဆိုင်မှာ အဘွားအိုနဲ့ ဆုံဖြစ်တယ်။ တွေ့တိုင်း အဘွားအိုရဲ့မရိုးနိုင်တဲ့ ဇာတ်ထုတ်တွေက ကြားရစမြဲ။ ကိုယ်ဝါသနာပါရာ ဆရာဝန်အလုပ်ကို လုပ်ရင်း တစ်ဘက်က စာရေးနေတာဆိုတော့ ကုန်ကြမ်းရလိုရငြား အဘွားအိုရဲ့ဒုက္ခဘဝအမောတွေကို စိတ်ရှည်လက်ရှည် နားထောင်ဖြစ်တယ်။ အဘွားအိုရဲ့ရင်ထဲက အပူမီးတွေ ငြိမ်းအေးစေချင်တာလည်း ပါတာပေါ့။
''ကိုအောင်မင်း အလုပ်လုပ်နိုင်တုန်းက ဆိုရင် … ''ဆိုတာက စလိုက်တာ အဘွားအိုရဲ့ ကိုအောင်မင်းချီးမွမ်းခန်းက မပြီးရေးချာ မပြီး။ အနည်းဆုံး တစ်နာရီလောက်ကြတယ်။ ဂျူတီမရှိတဲ့နေ့ဆိုတော်သေး။ ဂျူတီရှိတဲ့နေ့ဆို အဘွားအတွက်ပါ ပိုက်ဆံမြန်မြန်ရှင်းပြီး ထပြန်ရတယ်။ တကယ်တော့ အဘွားအိုရဲ့ဘဝက ခါးသီးစရာ ကောင်းလွန်းပါတယ်။ အဘွားအိုက အညာသူလေ။ တောင်ကြီးကို အလုပ်လာလုပ်ရင် ကိုအောင်မင်းနဲ့ဆုံသတဲ့။ ကိုအောင်မင်းနဲ့ဆုံပြီး ကလေးနှစ်ယောက်ရပြီးကတည်းက အညာကို မပြန်ဖြစ်တာ အခုချိန်ထိဆိုပါတော့။ သားနှစ်ယောက်ကလည်း အလိုလိုက်ထားတော့ ဆိုးသွမ်းလိုက်တာ။ အကြီးကောင်ဆို နံပါတ်ဖိုးစွဲပြီး နောက်ဆုံး အသက်ပါဆုံးသွားလို့ အဘွားအို စိတ်ထိခိုက်ခဲ့ရတယ်တဲ့။ သားတစ်ယောက်တည်းကျန်လို့ အားကိုးရမလားမှတ်တယ်။ ဘာမှ သုံးစားလို့မရဘူး။ တောင်ကြီး-ဟိုပုံးလိုင်းကားတော့ မောင်းပါရဲ့။ အသောက်အစားလေး ဖက်တော့ အုံနာက လက်မခံချင်တော့ဘူး။ မိန်းမကပဲ စဝ်စံထွန်းဈေးထဲမှာ ကုန်စိမ်းရောင်းပြီး ရှာကြွေးနေရသတဲ့။ မိဘကို တဖန်ထောက်ပံ့ဖို့နေနေသာသာ ချွေးမမှာ လင်အတွက် အရက်ဖိုးမနည်းရှာနေရတယ်ဆိုတော့ အဘွားလည်း လင်ကိုလည်း အားကိုးမရ သားလုပ်စားလည်း မျှော်ကိုးမရနဲ့ ဒုက္ခတွေ့တော့တယ်။ အခု ယောက်ျားကိုအောင်မင်း နေမကောင်းလို့ ဆေးရုံတက်နေရတယ်ဆိုတော့ အဘွားအိုဘဝစဉ်းစားသာ ကြည့်ပေတော့။ အဘွားအိုပြောသမျှ ဇာတ်စုံကို သိရတော့ သူ့မှာ အဘွားအိုကို ပိုလို့ သနားမိတယ်။ ငါ့မိဘများဆိုရင် ဆိုတဲ့အတွေးလေးနဲ့ အဝေးက မိဘတွေဆီသတိရမိသေးတယ်။ ထူးအိမ်သင် သီချင်းလို အိမ်ပြန်ချင်တဲ့စိတ်က တားမရဘူး ဖြစ်နေတယ်။
xx xx xx
နောက်ရက်တွေမှာလည်း အလုပ်တွေပြီးတာနဲ့ ထမင်းဆိုင်ကို ပြေးဖို့ တာစူးနေမိတယ်။ နာရီတကြည့်ကြည့်နဲ့ သူ့ကို လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေကတောင် မျက်စောင်းထိုးနေကြပြီ။ သူ ဂရုမစိုက်အား။ အလုပ်ပြီးတော့ ထမင်းဆိုင်ကို မြန်မြန်လျှောက်လာခဲ့တယ်။ အဘွားအိုက ထမင်းဆိုင်မှာ သူ့ကို စောင့်လို့။ သူ သိပ်ကြိုက်တတ်တဲ့ ဝက်သားဟင်းဆီပြန်တောင် မှာထားပြီးနေပြီ။
''လူလေးကို အဘွားစောင့်နေတာ … လူလေးက ဆရာဝန်ဆို … ''
သူ့အတွက် ခုံတစ်လုံးဆွဲယူပေးရင်း အဘွားက မေးတယ်။ သူ ခေါင်းညိတ်ပြတော့ အဘွားအိုက သူ့ကို အကြာကြီး စိုက်ကြည့်နေတယ်။ ပြီးမှ အိတ်ထဲက ပါလာတဲ့ ဘူးတစ်ဘူးကို ထုတ်ပြီး …
''ရော့ … လူလေးအတွက် … ''တဲ့။ အဘွားပေးဆီက ဘူးလေးကို လှမ်းယူလိုက်တယ်။ အထဲက ဘာလဲဆိုတာ သိချင်ဇောနဲ့ ဘူးကို ဖွင့်ကြည့်လိုက်တော့ သကြားတွေကို တွေ့ရတယ်။ သူ မျက်လုံးပြူးသွားပြီး ဘေးဘီကို ဝေ့ကြည့်မိတယ်။ ကိုထွန်းက ပါးစပ်ကို လက်နဲ့အုပ်ပြီး တခစ်ခစ်ရယ်လို့။ အဘွားကို ပြန်မော့ကြည့်တော့ အဘွားက ပြုံးပြုံးလေးနဲ့ …
''လူလေးဖို့ အဘွားမှာ ရှိတဲ့သကြားလေးယူလာတာ … ''လို့ ဖြည်းဖြည်းချင်း ပြောတယ်။
အဘွားစကားအဆုံးမှာ သူ ရင်ထဲ ဟာခနဲဖြစ်သွားတယ်။ သူနဲ့ အဘွားတွေ့ဆုံမှုက သိပ်မကြာသေးပါ။ သေချာတွက်ကြည့်မယ်ဆိုရင် နှစ်ပတ်လောက်ပဲ ရှိအုံးမယ်။ ဒီနှစ်ပတ်က အဘွားနဲ့သူ့ရဲ့ သံယောဇဉ်က အတော်လေး ခိုင်မာနေပြီ။ ဒါထက်ပြောရရင် သူနဲ့အဘွားရဲ့ ချစ်ခြင်းမေတ္တာက အတော်လေး ခရီးပေါက်နေပြီ။ ချစ်ခြင်းမေတ္တာ… သူတွေးရင်း အဘွားအိုကို စိုက်ကြည့်မိတယ်။ အဘွားအိုမျက်ဝန်းမှာ အရည်လဲ့နေတာ လှစ်ခနဲ တွေ့လိုက်ရတယ်။ ကြည်နူးမှုအပြုံးလို့ နောက်ထပ် အမည်တစ်ခု တပ်မိပြန်တယ်။
xx xx xx
၁၂ နာရီခွဲပြီ။ အဘွားအိုရဲ့အရိပ်အယောင်မမြင်ရသေးဘူး။ အဘွားအိုလာမယ့်လမ်းဆီကို မျှော်ကြည့်မိတယ်။ ရှေ့မှာ ချထားတဲ့ ထမင်းပွဲကလည်း အေးစက်နေပြီ။ ဒီချိန်ဆို အဘွားအို လာသင့်ပြီ။ သူ စိတ်မောသွားရပြီး …
''ကိုထွန်း … မလာသေးဘူးလား''လို့ မေးမိတယ်။ ထမင်းဆိုင်ရှင် ကိုထွန်းက သူ့နားကို တိုးကပ်လာပြီး …
''ဘယ်သူ့ကို မေးတာလဲဆရာ …''တဲ့။
''အဘွားလေ ကျွန်တော်နဲ့ထမင်းစားတဲ့ အဘွား … ''
သူနဲ့ ထမင်းအတူတူ စားနေတဲ့ အဘွားအိုကို မသိရကောင်းလားဆိုပြီး ကိုထွန်းကို စိတ်မရှည်စွာနဲ့ မေးမိတယ်။ ကိုထွန်းက ခပ်ဟဟရယ်ပြီး …
''သြော် ဟိုအရူးမကြီးကို ပြောတာလား … ''
''ဗျာ … ''
ကိုထွန်းစကားကြောင့် သူ မျက်လုံးပြူး ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ အရူးမကြီး အရူးမကြီးလို့ ပါးစပ်က တိုးတိုးလေး ရွတ်ဆိုမိတယ်။
''အင်း ဆရာက ဘာမှ မသိဘဲကိုး … ဆရာနဲ့ ထမင်းအတူတူ စားနေတာ အရူးမကြီးဗျ … ''
သူ့မှာ ဘာစကားမှ မပြောဖြစ်ဘဲ ကိုထွန်းကိုသာ မျက်လုံးအဝိုင်းသားနဲ့ ကြောင်ကြည့်နေမိတယ်။ ကိုထွန်းက သူ့အတွက် ရေနွေးကြမ်းငှဲ့ပေးတယ်။ သူ ရေနွေးကြမ်းခွက်ကို ကောက်သောက်လိုက်ပြီး …
''အဘွားက အရူးမကြီး ဟုတ်လား … ဟာ မနောက်ပါနဲ့ ကိုထွန်းရာ … အဘွားက ရူးနေတဲ့ပုံမပေါက်ပါဘူး ပြီးတော့ အဘွားယောက်ျားက ဆေးရုံတက်နေတာ အဘွားက လူနာစောင့်လေ … ''လို့ နားမလည်နိုင်ဘဲ ပြောလိုက်တယ်။ တုန်လှုပ်ခြောက်ခြားမှုကြောင့် သူ့အသံတွေပါ တုန်လို့။
ကိုထွန်းက သူ့နားဝင်ထိုင်လိုက်ပြီး …
''ဟုတ်တော့လည်း ဟုတ်ပါတယ် … ဒါပေမယ့် မဟုတ်ဘူး … ''
''ဗျာ ''
''ဒီလို ဆရာရ … အဘွားယောက်ျားက ဆေးရုံတက်တာတော့ဟုတ်တယ် … အခုမဟုတ်တော့ဘူး … အခုလို ဆောင်းတွင်းမှာပဲ ဆုံးသွားတာ ငါးနှစ်လောက်ရှိပြီ … အဘွားက သူ့ယောက်ျားဆုံးတယ်ဆိုတာ မယုံနိုင်ဘဲ ဆေးရုံကို ခဏခဏလာတယ် … ယောက်ျားဆုံးပြီး စိတ်ဖောက်သွားတာပေါ့ဆရာရယ် … တကယ်တော့ အဘွားက သနားစရာပါ … ''
ကိုထွန်းစကားတောင် မဆုံးလိုက်ဘူး။ သူက ..
''အခု အဘွားကော … ''
''အဲဒါတော့ မပြောတတ်ဘူး ဆရာ … အခုလို ဆောင်းရာသီဆို ဒီလိုပဲ ခဏခဏလာတတ်တယ် … ''
သူ စိတ်မောသွားရပြီး အဝေးကို ငေးမောကြည့်မိတယ်။ ကိုထွန်းရဲ့စကားကို ကြားတစ်ချက် မကြားတစ်ချက်နဲ့ စိတ်လှုပ်ရှားနေမိတယ်။ အဲဒီအချိန်မှာပဲ မြူတွေက ခပ်ကြမ်းကြမ်းထိုးဆင်းလာတယ်။ ခဏနေရင် လမ်းတစ်ဘက်က ဆိုင်တန်းတွေကို မမြင်နိုင်အောင် ဖုံးလွှမ်းသွားလိမ့်မယ် ထင်တယ်။
''ဆရာ … ထမင်းတွေ အေးကုန်လိမ့်မယ် စားတော့လေ … ''
ကိုထွန်းက သတိပေးစကားဆိုမှ သူ့အတွေးစတွေ ပြတ်တောက်သွားတယ်။ သူ ထမင်းဆက်စားချင်စိတ်လည်း မရှိတော့။ ဒါကြောင့် သက်ပြင်းရှည်ချပြီး ဝဒ်ထဲကို ပြန်လာခဲ့တယ်။ လမ်းတစ်လျှောက်မှာ မြူတွေက ပိန်းပိတ်အောင် ကျဆင်းလို့နေလေရဲ့။
-----------------
အာကာခေတ်ပိုင်
၂၀၁၄၊ မတ်လ၊ ရနံ့သစ်မဂဇင်း


1 comment:

  1. သက်ပြင်းချရတာ မောလိုက်တာနော်။

    ReplyDelete

ဝေဖန် အကြံပြုခဲ့ပါအုံး